19 August, 2015

ပြတင်းတံခါးအတွင်းက စကားတွေ ခင်ဗျားကြားပါစေ


*ကြယ်တွေလည်း ကြွေနေကြတာပဲ
  လူတွေလည်း သေနေကြတာပဲ
  အဲဒီနှစ်မျိုးအနက် တစ်မျိုးမျိုးထဲ
  ကျနော် ဘာ့ကြောင့် အကျုံးဝင်ခွင့် မရပါသလဲ*

မိုးလင်းတိုင်း သေခြင်းတရားဟာ နေရောင်ခြည်လို ပြတင်းတံခါးကြားက တိုးဝှေ့ဝင်လာရင် သိပ်ကောင်းမယ်။ အိပ်ယာဝင်တိုင်း ခင်ဗျား အသံတွေနဲ့ ကျနော် ဆုတောင်းနေတယ်။ ခင်ဗျားက အလင်းကုန်သွားတဲ့ ကြယ်။ ကျနော့်ဘက် အရွေ့မှာမှ အမှောင်တွေကို ထိုးစိုက်။ ချစ်ခြင်းတရားဟာ ကျနော့်ကို သိပ်လောင်မြိုက်တယ်။ ကျနော့်ရဲ့ သစ္စာလေးပါးကို ခင်ဗျား သိပါသလား။

၁။ ခင်ဗျားကို ကျနော် ချစ်တယ်။
၂။ ခင်ဗျားကို ကျနော် ချစ်တယ်။
၃။ ခင်ဗျားကို ကျနော် ချစ်တယ်။
၎။ ခင်ဗျားကို ကျနော်ချစ်တယ်။

ခင်ဗျား သိလား။ ဒါဟာ ကျနော့်ရဲ့ တရားပဲ။ ဒါဟာ ကျနော့်ရဲ့ ကျင့်ဝတ်ပဲ။ ခက်တယ်။ ကျနော်က အချစ်ကို ကိုးကွယ်တယ်။ ခင်ဗျားကလည်း အချစ်ကို သိပ်ကိုးကွယ်တယ်။ သိပ်ခက်တာပဲ။ ကျနော်တို့ဟာ ကိုယ့်လားရာ ကိုယ်မသိတဲ့ သတ္တဝါတွေ။ ရှေးရေစက်ချင်း မငြိစွန်းဘဲနဲ့ လူ့ဘဝမှာ ဖြစ်ထွန်းခဲ့ရတာ နာတယ်။

ဓာတ်ပုံလေးကို နောက်ယောင်ခံလို့
ခင်ဗျားရဲ့ အသက်ရှူသံ အဆုံးထိ
ကျနော် လိုက်ခဲ့ပါရစေ

ကျနော်က ဗုံးရှင်းခွေးတစ်ကောင်လို ခင်ဗျားတစ်ဘဝလုံးကို အနံ့ခံချင်တာ။ ခင်ဗျားမှာ ဘာမှမရှိ သို့မဟုတ် ခင်ဗျားမှာ ကုန်ခမ်းနေ။ အနည်းဆုံးတော့ ကျနော့် ဟောင်သံကို ခင်ဗျား ကြားရမှာပေါ့။ ခေတ်စားနေတဲ့ စကားလို မေးလည်း မေးချင်တယ်၊ မေးလည်း မမေးရဲဘူးပေါ့။ ကျနော် ရေးခဲ့ဖူးတယ်။ "သူမသည် အခြားတစ်ယောက်၏ ဖိနပ်တစ်ရန် ဖြစ်ပါက ကျနော်သည် သူမ၏ ဖိနပ်ခွာတစ်စုံ ဖြစ်ပါလိမ့်မည်"။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျား ကြိုက်တာပဲ။ ခင်ဗျားဟာ ကျနော့် နောက်ကျောကနေ ဥပေက္ခာကို ဟွန်းလိုတီးပြီး ကျော်တက်သွားတဲ့ ကားတစ်စီး။ ကျနော့်ကို လမ်းပေးပါ။ ဒါမှမဟုတ် ကျနော့်ကို မောင်းပါ။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျား တွေ့လား။ ကျနော့်လမ်းမှာ အခု ဘယ်မီးပွိုင့်မှလည်း မစိမ်းတော့ဘူး။

**One thought of You is all it takes
    To leave the rest of the World behind**

ကျနော်က ခင်ဗျားအကြောင်း အတွေးတစ်ချက်နဲ့ ကမ္ဘာကြီးကို သေခိုင်းလိုက်တယ်။ ခင်ဗျားရဲ့ သူ့အကြောင်း အတွေးမှာတင် ကျနော်က အပြန်ပြန် သေတယ်။ အဆင်မပြေဘူး။ ကျနော်က ဘာဂါထာ ရွတ်ရမှာလဲ။ ဘယ်လို အဆိပ်ဖြေဆေးကို စားရမှာလဲ။ ခင်ဗျားကိုယ်တိုင်လည်း အဆိပ်သင့်နေတာပဲ။ ခင်ဗျားကို အဆင်ပြေစေချင်တယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ ခင်ဗျားရဲ့ သော့ခလောက်တွေ ခိုင်ခံ့ပါစေ။ ကျနော်က ပဲ့တင်သံတွေကို ယုံကြည်မယ်။ ကျနော်က နံရံရဲ့ နားရွက်တွေကို ယုံကြည်မယ်။ ခင်ဗျားက ကိုယ့်ကိုကိုယ်သာ လုံအောင် ဖွက်ထားပါ။

***အလုံခြုံဆုံး တံခါးတစ်ချပ်
      ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
      ကမ္ဘာထဲတုန်ခါနေတော့တယ်***

ခင်ဗျား ကြားပါစေ။ ဒါဟာ နောက်ဆုံးသော စကားပါ။ အိပ်ယာဝင်တိုင်း ခင်ဗျား အသံတွေနဲ့ ကျနော် ဆုတောင်းမယ်။ မိုးလင်းတိုင်း ချစ်ခြင်းတရားဟာ နေရောင်ခြည်လို ပြတင်းတံခါးကြားက တိုးဝှေ့ဝင်လာပါစေ။        ။

အေဇင်လတ်
(13032015)

ညွှန်း :
*ငွေ့ ၏ စာသား*
**A Lonley September by Plain White T's (Composer - Tom Higgenson)**
***အောင်ချိမ့် ၏ ဂန္တဝင်မမ***

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home