ငါ နင့်ကိုမြိုချလိုက်တယ် မိဝေ
ဘာရယ်မဟုတ်ပါဘူး
လမ်းထောင့်ကစံပယ်ပင်လေးကို
လှမ်းကြည့်မိလိုက်တဲ့အခိုက်
မင်းအငွေ့အသက်တွေက
ငါ့အရှိုက်ကို လာ,လာခိုက်ဆဲ …. ။
ဒါ…
ဘယ်ဘ၀က မိုက်ပြစ်ပါလဲ….မိဝေ ။
မျှော်လင့်ရခြင်းသစ်သီးတွေခမျာ
ရိရွဲပုပ်အဲ့ရှာလို့……
ငါ့ မြိုသိပ်ရခြင်းတွေကို
နင်မြင်နိုင်စေဖို့
အသက်ကို ခပ်ဖော့ဖော့ပဲရှူထားပါ့မယ် …. ။
မိဝေရေ……
လူလူချင်းချစ်တဲ့ အချစ်ကို
ဘာကြောင့်များ
ဂုဏ်ပကာသနတွေနဲ့
တိုက်ဆိုင်စစ်ဆေးတတ်ကြပါသလဲ
(တကယ်ပါ)
ဘေ့(စ်) မတူပဲ ပါဝါ ချင်းပေါင်းလို့ရအောင်
ဗီးနပ်(စ်) ဆီမှာ သွားဆုတောင်းကြစို့လား ….. ။
ငါ…..
တအားရင်နာတယ်….မိဝေ ။
ထားပါလေ….
ဆေးစက်ကျရာသာအရုပ်ထင်စတမ်းဆို
ငါ နင့်ကို အရင်ဦးအောင် နမ်းခဲ့မှာပေါ့
အခုတော့
ဒီလမ်းက မှန်းထားတာထက် ကြမ်းခဲ့တယ် ။
နင့်အပြုံးကိုမမြင်ရရင်
ငါ ဘယ်ရွှင်လန်းနိုင်ပါ့မလဲ
ငါကြေကွဲတဲ့အခိုက်မှာသာ
နင် ၀မ်းမနည်းနေမိဖို့ သေချာပေးပါ….မိဝေ ။
နင်ဟာ….
ငါ့ရဲ့ တက္ကသိုလ်ကျောင်းကငွေလမင်း
ငါ့ရဲ့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ
ငါ့ရဲ့ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ
ကျောင်းသားတစ်ယောက်ရဲ့ကမ္ဘာဟာ
ဒီလောက်အထိပဲခမ်းနားနိုင်မှာဖြစ်တဲ့အကြောင်း
နင့်မိဘတွေကိုဖြောင်းဖြပေးပါ….မိဝေ ။
မိဝေရေ…..
အချစ်စစ်တို့ရဲ့သမိုင်းမှာ
မုန်တိုင်းကြမ်းတွေပါစမြဲပေါ့
ဒီတစ်ကျော့ လှိုင်းပုတ်ရင်သာ
တို့အတူ နစ်မြုပ်လိုက်ကြရအောင်ပါ .... ။
ငါ….မဏိမေခလာကို မမျှော်ပါရစေနဲ့လား မိဝေ ။
ဒါနဲ့….
ကွေကွင်းရခြင်းတရားဟာ
ရပ်ပြစ်ရှစ်ပါးထဲမှာ ပါ,ပါသလား
နင်မရှိတော့တဲ့အခါ
ငါ့ရှင်သန်ရာမြေကမ္ဘာ
ရာသီဥတုတွေ ဖောက်ပြားလာရဲ့….၊
ငါ့မှာလည်း…..
အယောင်ယောင်အမှားမှားနဲ့ရယ်ပါ…..မိဝေ ။
ဝေရေ…..
ဝေလေးရေ……
မိဝေရေ…………..
လွဲချော်မှုတွေအကြားမှာ
တစ်စ,စနဲ့ လွတ်ကျမသွားဖို့
ငါနင့်ကို မြိုချထားပါရစေလားကွဲ့ ။
နင်နဲ့ပတ်သတ်လာရင်
တရားလက်လွတ် ငှက်တောင်ကျွတ်ချင်မိတဲ့
ခပ်ကြောင်ကြောင်ငတိက
ငါဆိုတဲ့ကောင်ပေါ့….။
သြော်….
သံသရာကိုဆွဲဆန့်လို့
ဘယ်လောက်ပင်ရှည်ရှည် တဲ့လား
နင့်အပြုံးကိုမြင်ရတဲ့အခိုက်
အဲဒီသီချင်းစာသားကို
ငါအကြိုက်တတ်ဆုံးပါပဲ…..မိဝေ ။
မိဝေရေ…..
လောကဓာတ်တစ်ခုလုံးကို
နင့်အပြုံးမိုးတွေနဲ့ ပက်ဖြန်းထားလိုက်စမ်းပါ
(ငါက)
နင်ဆင်လိုတဲ့ ပန်းကို
အနမ်းနဲ့ ခူးဆွတ်ခြွေမြန်းပေးမှာပေါ့
ရှူး…..တိုးတိုး
သက်ပြင်းကို ခပ်ဖွဖွလေးပဲချ
နားထဲမှာ……..
ပန်းတွေနဲ့ဝေ သီချင်းသံကြားနေရတယ် ……… ။ ။
ဆစ်ခ်
Labels: ဆစ်ခ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home