ပန်းချီ

လူဦးခေါင်းနဲ့ နွားဟာ ဆူးထွင်နေ
အပ်က ခွာကို တိုးမပေါက်
အောက်ပိုင်းတိရိစ္ဆာန်ဖြစ်နေတဲ့သတ္တ၀ါတွေ
မြေမြိုရင် အသံနှစ်မျိုးနဲ့အော်
မြက်ခင်းပေါ်ကနေ့လည်စာက မြက်ပင်တွေပါပဲ
ရေနက်လေ မြစ်စောင့်နတ်များလေ
သူ သစ်ငုပ်မှာ ထိုင်တွေးနေတုန်း သစ်ညွှန့်တွေထွက်လာပြီး
သူ့ကို မြိုမြိုသွား
[သူ့အတွေးကို သစ်ပင်မမြိုနိုင်စသဖြင့်လို့ သူတွေးဆဲ ]
အာလူးက မီးလင်း လာတော့ သူတို့မစားရဲတော့ဘူး
တသုန်သုန်လာနေတဲ့လေရူးကို စောင့်ဖမ်းပြီး
Mental Hospital ကို ပို့လိုက်ကြတယ်
နှင်းတောထဲမှာ မဟုတ်လည်း နဂါးစီးရတာ မြင်းစီးရတာထက်ခက်
ရေပတ်လည်ဝိုင်းနေသောကောင်မလေးရဲ့ဖောင်တိန်
ကြောင်လိမ်လှေကားရဲ့ ခရုပတ်ဗဟို
တောင်ပံလေးဘက်ပါသူက နွေရာသီမှာ ပိုအိုက်စပ်ချေ
မဟာကရုဏာတော်တွေရွှဲနစ်နေတာ မြင်မကောင်းသဖြင့်
အိမ်ထဲအမြန်ဝင်ခိုင်းကာ သဘက်နှင့်သုတ်ပေးရ
သရဖူကြောင့်သာမဟုတ်ရင် ဘုရင်မက အရပ်ပုမှာ
ဝိုင်အိုးကျကွဲသွားတော့ အိုးခြမ်းကွဲပေါ်က
ဆေးရေးကျွန်ရုပ်များ ပျားပိတုန်းတွေလို ထွက်ပြေး … ။

သူဝေး

No comments:

Post a Comment