နှင်းဆီ
ခြုံလိုပေါက်တဲ့နှင်းဆီအမျိုးအစားရဲ့တန်ဘိုးကို မသုံးသပ်ခင်
နှင်းဆီဟာ အချစ်ပဲလို့ ဘယ်သူပြောခဲ့သလဲ
အရေပြားပေါ် အမည်းစက်ပေါ်တာတို့ သံချေးစားတာတို့ကို
လွန်ဆန်နိုင်တဲ့ အမျိုးစပ်နှင်းဆီရှိသေးတယ်
ဒါမှမဟုတ် နှင်းဆီဟာ အချစ်တစ်ခုတည်းကို ရည်ညွှန်းသလား
နှင်းဆီဆိပ်တက်ပြီး နှင်းဆီချစ်ဖျားဖျားနေတာ
နာမကျန်ခြင်းကို ကျန်းမာခြင်းအဖြစ် တမင်ရွေးချယ်တာ
ရေမွှေးနှင်းဆီ၊ဗမာနှင်းဆီ၊ ကျောက်နှင်းဆီ
ဘာအရောင်၊ ဘာရနံ့၊ ဘာအသွေးလဲ - န/ နှင်းဇီ /
နှင်းဆီရောင်ဆိုတာ အနီရောင်နု၊ ပန်းရောင်
'နာမကျန်းသည့် အို နှင်းဆီ' (၀ီလျံဘလေ့က်)
'နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီ' (ဂါးထရုဒ်စတိုင်းန်)
'ချစ်ပြုံးနှင်းဆီ' (ဂီတနက်သန် ကိုစောညိန်း)
'နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်' (ခင်ဝမ်း)
'My love is like a red red rose'
'ငါ့ရဲ့ အချစ်ဟာ နှင်းဆီနီရဲ တစ်ပွင့်လို' လား
'ငါ့ရဲ့ ချစ်သူဟာ နှင်းဆီနီရဲ တစ်ပွင့်လို'လား
တစ်ခင်းလုံးမဲနက်ပြောင်နေတဲ့ နှင်းဆီပွင့်တွေရဲ့
အနက်ဂယက်ဟာ ဘယ်လိုရှိသလဲ
'အချစ်ဟာ ငရဲကလာတဲ့ ခွေးတစ်ကောင်' (ခရစ္စစတြာဖလီနိ)
သူ့ အစွယ်တွေကြားမှာ သွားရည်တွေနဲ့ စိုဝင်းတောက်နေတာ
အဲဒါ ရိုးတံစင်းစင်းလေးပေါ်က နှင်းဆီဖူးငုံလေးလား
အမြင်သွေလွဲမှုလား/ ယစ်မူးခြင်းအာရုံတစ်မျိုးလား
နှင်းဆီတစ်ပွင့်ဟာ ပင်လယ်အနံ့နဲ့ တုန်ခါနေတဲ့
မြစ်တစ်စင်းလည်းဖြစ်တယ်
ဘယ်နှခါဆင်းရေချိုးဖူးသလဲ ဒီနှင်းဆီမြစ်ထဲ
သင့် အာရုံတွေမှတ်မိလား အဲဒီတုန်းက...
တစ်သက်မှာ အရည်ရွှမ်းတဲ့ပန်းနုတွေ တစ်ခါပွင့်ပြီးရင်
သေသွားတဲ့ နှင်းဆီတစ်မျိုးရှိတယ်
နောက်တစ်မျိုးကတော့ စက်တင်ဘာကနေ အောက်တိုဘာအထိ
အသီးနီနီရဲရဲတွေ သီးတယ်
နှင်းဆီတကာ့ နှင်းဆီတွေရဲ့ တော်ဝင်နှင်းဆီ
Albaa X semiplena နှင်းဆီရေမွှေးထတ်လုပ်ရာ
'ကျွန်မဘ၀မှာ နှုတ်မရတဲ့ နွေညနှင်းဆီဆူးနဲ့ မျက်နေတာ'
ဈာပနနှင်းဆီ၊ ပွဲနေပွဲထိုင်နှင်းဆီ၊ အခမ်းအနားနှင်းဆီ
ရော့၊ ဒီမှာ၊ ခင်ဗျားအတွက် 'နှင်းဆီ' တစ်ပွင့်
ရော့၊ ဒီမှာ၊ မင်းလေးအတွက် 'နှင်းဆီ' တစ်ပွင့်
ရော့၊ ဒီမှာ၊ ငါတစ်ယောက်ယောက်အတွက် 'နှင်းဆီ' တစ်ပွင့်
ကဗျာအတွက် 'နှင်းဆီ'တစ်ပွင့်
'နှင်းဆီ'အတွက် နှင်းဆီတစ်ပွင့်
နှင်းဆီဟာ အချစ်ပဲ
အဲဒါ ခင်ဗျားပြောသလား ။
ဇေယျာလင်း
၁၂၊ ဇန်န၀ါရီလ ၊ ၂၀၀၇
Labels: ဇေယျာလင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home