26 May, 2016
သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်
ကိုယ့်ဘ၀ကို အဆုံးစီရင်ချင် စီရင် ဒါမှမဟုတ်
သူတပါးကိုသတ်ချင်ရင် သတ်လိုက်ပါ
ဒါ မင်းရဲ့ သဘောပါပဲ
ကြက်သွန်နွှာလို့ မင်း မျက်ရည်ကျရင်
ဓားက ဘယ်တော့မှ မျက်ရည်မကျ
မင်း တစ်ယောက်တည်းသာ မျက်ရည်ကျ
မင်း တစ်ယောက်တည်းသာ နာကျင်
ဓားကတော့ မနာကျင်
သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်
ရုံးစားပွဲတစ်ခုပေါ်က ခဲချွန်ဓါးတစ်လက်နဲ့
သားသတ်သမားလက်ထဲက ဓါးနဲ့တူမတူ
ခွဲစိတ်ခန်းသုံးဓါးများနဲ့
ကိတ်မုန့်လှီးတဲ့ ဓါးနဲ့တူမတူ
မုတ်ဆိတ်ရိတ် နှစ်ထပ်ဓါးများနဲ့
သစ်ခုတ်ဓါးများနဲ့တူမတူ
မျက်နှာတစ်ခုလုံး ဓါးနဲ့ခြစ်ရင်
မျက်နှာဟာ ဓါးခြစ်ပန်းချီကားတစ်ချပ်
နှလုံးသားတစ်ခုလုံး ဓါးနဲ့အခြစ်ခံရရင်
နှလုံးသားဟာ ဓါးခြစ်ပန်းချီကားတစ်ချပ်
သင် ရောင်းပစ်ချင်ရင် ရောင်း
နံရံမှာ ချိတ်ထားချင်တယ်ဆို ချိတ်
ဒါ မင်းရဲ့ သဘောပါပဲ
ဓါးအရွယ်အစားမျိုးစုံ
ထိုးစိုက်ထားတဲ့ မီးဖိုချောင်ဟာ
စန္ဒရားတစ်လုံးပါပဲ
အလွန်တိတ်ဆိတ်နေတဲ့အခါ
ဓါးများရဲ့တုန်ခါနှုန်းများသည်
ဂီတတစ်ခုအဖြစ် သင့် နားထဲကို ရောက်ရှိလာလိမ့်မည်
သင့်လက်ထဲမှာ ဓါးတစ်ချောင်းရှိခဲ့လျှင်
ဓါးကို ကိုင်တဲ့လက်တွေ
ဓါးနဲ့ခန္ဓာကိုယ် အကွာအဝေး
ဓါးနဲ့ စိတ်ခန္ဓာ အကွာအဝေး
ပညာသားပါပါ ချိတ်တွယ်ပြီးသား
ဓါးသမားလက်ထဲမှာ
ဓါးဟာ ခြောက်ကြိုးပြီးတဲ့ စုန်း
မသေနိုင်တဲ့ ပုံဆောင်ခဲ
ပွင့်ထွက်နေတဲ့ မီးတောင်။
သင် ပင်ပန်း
သင် နွမ်းနယ်
သင် အားအင်ယုတ်လျော့
သင် လောကထဲက ထွက်ခွာချင်နေတဲ့အခါ
ဓါးတစ်ချောင်းကို ရှေ့မှချ
အဓိပ္ပာယ်ရှိရှိကြည့်ဖူးလား
သွေးဘယ်လောက်ထွက်ထွက်
ဓါးများသည် သွေး၏အရသာကို မသိ
လေထဲမှာ ပျံသန်းမြဲ ပျံသန်းဆဲ
ဓါးသည်
တစ်ခါတစ်ရံ ဇင်ဆရာတော်တပါးလို တည်ငြိမ်
တစ်ခါတစ်ရံ ဂျပ်ပစီတယောက်လို ဗေဒင်ဟော
တစ်ခါတစ်ရံ ကာမရမ္မက်လို ပြင်းထန်
ဓါးသည်
ဓါးများသည်
တစ်ယောက်ဆီက အမှောင်ကို ထုတ်ယူဖို့
ဓါးတွေ လိုအပ်
တစ်ယောက်ဆီက အချစ်တွေ စုပ်ယူဖို့
ဓါးတွေ လိုအပ်
ဓါးသွားတွေကို လျှာဖျားနဲ့ တို့ထိပြီးမှ
မိန်းမတွေရဲ့ နှုတ်ခမ်းကို နမ်းပါ
ဓါးသွားတွေကို ဦးညွှတ်ပြီးမှ
လူတချို့နဲ့ ပေါင်းသင်းဆက်ဆံပါ
တစ်ချိန်တစ်ခါက
ဘုရားရှင်ကို လူတယောက် ဓါးနဲ့ လိုက်ခုတ်လို့
မတ်တပ်ရပ်ပြီး တရားဟောခဲ့ဖူးတယ်
ဓါးများသည်
ဓါးများသည်
ဓါးများသည် ။
ဒီဝသုန်ခက်
Labels:
25 March, 2016
လွယ်လွယ်ပဲရတော့ လွယ်လွယ်ပဲ စွန့်ပစ်ခဲ့တယ် နှလုံးသားတိုင်းသည် ကျုးကျော်အိမ်ရာ
သံမှိုနဲ့အရိုက်ခံထားရလည်း နာရတာပဲ
မပြောဖြစ်တဲ့ စကားလုံးတွေလည်း ပေါက်ကွဲခဲ့တာပဲ
ငါ့မှာ ဘာမှမရှိတော့ဘူး ဘေဘီ
သွေးစသွေးန နဲ့ ပင့်ကူအိမ်မျှင်
အပ်ချုပ်စက်အဟောင်းနဲ့ စက္ကူညှပ်ကလစ်
မီးနဲ့အရှို့ခံထားရတဲ့ စီးကရက်
မအောင်မြင်တဲ့ အဆုံးစီရင်မှုနဲ့
ပြီးဆုံးသွားတဲ့ ရထားလက်မှတ်ဖြတ်ပိုင်းများ
အောင်မြင်မှုဆိုတာ ဦးမြင့်အောင်ရဲ့သားပါ ဆိုတဲ့ ဟာသလို
အရေပြားပေါ် အပ်တစ်ချောင်းလာစိုက်သွားတယ်
ငါ့ကို လိုချင်ရင် အသေကောင်ပဲရမယ်
အသေကောင်လိုချင်ရင် ငါ့ကို လာရှာပါ
ငါ့ကိုရှာမတွေ့ခြင်းဟာ အသေကောင်များဆိုင်ရာ
ဘ၀အဓိပ္ပာယ်နဲ့ ဘ၀သစ္စာတို့ ယောက်ယက်ခတ်ရာ။
မင်းတို့ အရိပ်တွေ မင်းတို့အတိတ်တွေနဲ့အတူ
ကျဆုံးပါစေ
ရေချိုးခန်းထဲက ထွက်လာတယ်
ဧည့်ခန်းထဲ ထိုင်နေတဲ့ ဇင်ဆရာတော်က
အပြာကားကြည့်ရင်း ဖီးလ်တက်နေတယ်
မျက်နှာသစ်ဆပ်ပြာမှာ ငါ့မျက်နှာကပ်ကျန်ခဲ့တာ ဘယ်သူမှမသိ
သေတ္တာတစ်လုံးထမ်းပြီး မြို့ထဲထွက်တယ်
"မီးခိုးငွေ့များ"ဆိုတဲ့ ငါ့စာသားတွေ ငါ ပြန်ဖတ်
ဒဿမအကြိမ်မြောက်အဖြစ် ငါ့ကိုယ်ငါ ဟားတိုက်မိတယ်
တကိုယ်လုံးတဆတ်ဆတ်တုန်အောင် ငိုပြီးမှ
ငါ့ကို မုဒိန်းကျင့်သွားကြပါ ဆိုပြီး အကြိမ်ကြိမ်တောင်းဆိုမယ်။
တကယ်က လူတစ်ယောက်ဘ၀ပျက်သွားတာပါ
ဒါကို သူတို့စိတ်ထဲ သစ်ရွက်ကြွေသလို အောက်မေ့ကြတယ်
ရယ်ရတယ် ၊ အရိုးအခေါင်းတွေထဲကကို ငါ ရယ်တယ်။
ကျီးကန်းတွေနဲ့လူတွေ အတူတူပဲ
အရာအားလုံး ဆုံမှတ်တစ်ခုတည်းမှာ မည်းနက်နေကြတယ်။
တကယ့် ငါစစ်စစ်ဟာ
စကားလုံးတွေနောက်မှာ အမြဲရှိနေခဲ့တာ။
ဆံပင်တွေကျွတ်လာသလို
နေ့စွဲတွေ တဖြေးဖြေးကျွတ်လာတယ်။
နာမည်ကို ကွင်းစကွင်းပိတ်ခတ်လိုက်ရင်
အဲဒီလူဟာ သေဆုံးပြီးသားလို့ မှတ်ယူကြတယ်ပေါ့
(ငါ့စိတ်)ကို ကွင်းအထပ်ထပ်ခတ်မိတယ်။
သစ်ရွက်တွေ တအားကြွေတာပဲ
အစိမ်းတွေ မဟုတ်ဘူး ၊ အသေတွေ
တစ်ခါတစ်ရံမှာ အကွာအဝေးတွေကို ဖန်ဆင်းပစ်ဖို့
ရှိသမျှ တံတားတွေကို ငါ ဖျက်စီးပစ်ခဲ့ရတယ်။
နောက်ဆုံးပေါ် ဖျော်ဖြေရေးအဖြစ်
လူမိန်းမနဲ့ လူယောက်ျား တို့
ခန္ဓာကိုယ်ချင်း ပေါက်တမ်းကစားကြပြန်ပြီ
ပြီးမှ တစ်ယောက်အသားကို တစ်ယောက်က ဖဲ့လှီးဝါးမြို
"ငါ နင့်ကို အရမ်းချစ်တာပဲဟာ ဒါကို နင်သိလား"
တစ်ယောက်နှုတ်ခမ်း တစ်ယောက်က ဓါးနဲ့မွှန်းပြီး
အိပ်ရာဝင်သွားကြတယ်
ငါ ဘယ်တော့မှ မသေဆုံးတော့ဘူးဆိုတဲ့
သက်တော်ရှည် ဇော်ဂျီတစ်ကောင်လည်း
ချီးကားတိုက်သေဆုံးသွားပါတယ် ။
ဒီဝသုန်ခက်
Labels:
29 January, 2016
အထပ်ထပ်သေဆုံးမှု
ဆယ်ထပ်တိုက်ပေါ်က ပြုတ်ကျခဲ့တဲ့ကောင်က
တိမ်တွေကို လိုက်ဖမ်းချင်လို့တဲ့ ဆေးရုံမှာရင်ဖွင့်တယ်
"မနေ့ညက မင်း ခြေဖမိုးမို့မို့လေးကို အိပ်မက်မက်တယ်"လို့
အာခေါင်သံစူးထားတဲ့ အသက်၂၁နှစ်သား လူငယ်က ပြောတယ်
မီးဟာ ရှက်ပြီး ဆက်လက်မလောင်ကျွမ်းနိုင်တော့တဲ့အထိ ငိုခဲ့ရပါတယ်
တိမ်တွေကတော့ ရှက်လို့တဲ့ သူတို့လျှောက်နေတဲ့လမ်းကို
အဝေးပြေးလမ်းတွေအောက်မှာ ၀ှက်ပေးလိုက်တယ်
မျက်ရည်မလွယ်ဘူးထင်ရင် အပိုင်းပိုင်း အစစ ဖြုတ်ကြည့်လိုက်လေ
ယန္တရားစက်သွားတွေကြားမှာ အထီးကျန်ခြင်းက
ကတ်ဆက်ခွေလေးလို ဘယ်ညာ လည်ပတ်နေမှာ
ဆိုးတယ်
လက်ဖမိုးလေးကိုနမ်းလိုက်ရုံပါပဲ ကဗျာက ငါ့ကျမှ အသက်မရှိတော့
နေ့အပူ ညအပူ ဆူလေသမျှငရဲ အထပ်ထပ်သေဆုံး
အင်ကြင်းပန်းတွေပွင့်ခဲ့တာကြာပြီမလား
ပြိုကျလာတဲ့ကောင်းကင်ကြီးကို ထမ်းပိုးထားရခြင်းမှာ
'လူငယ်' တဲ့
အစကတည်းက ကိုယ့်ကိုယ်ကို သရဏဂုံတင်ပြီးပါပြီ
ကြည့်မှန်ကို ရိုက်ခွဲပစ်လဲ မျက်လုံးအိမ်ထဲက မင်းက အပြင်ဘက်ထွက်ကျမလာ
ဘာထူးဆန်းသလဲ ကလေးလေး
ဘာဆိုဘာမှ စောက်အဓိပ္ပာယ်မရှိဘူးလို့
ဘုရားဟောကို ငါ နားလည်သလို ဘာသာပြန်ကြည့်မိတဲ့အခါ
မီးတောင်ဝက ချော်ရည်တွေက ဘ၀ဖြစ်တော့မယ် ။
ဒီဝသုန်ခက်
ဒီဇင်ဘာ ၂၆ ၂၀၁၅
Labels:
16 November, 2015
ဗန်ဆင့်ဗန်ဂိုး
မြင်းစောင်းတံခါးပိတ်ချိန် ရှိမနေဘူး
စာတိုက်ပုံးပိတ်ချိန် ရှိမနေဘူး
ကျီးပြိုသံ
နတ်ဘုရားတွေလက်က ခိုးယူသွားတဲ့
အပြာရောင်တိမ်
မီးတောက်လို မွေးဖွားခဲ့သူက
မီးတောက်လို ပြန်သေခဲ့တယ်
ဒီဝသုန်ခက်
Labels:
03 October, 2015
ဟိုတယ်ကယ်လီဖိုးနီးယား
မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံရတာ
ကဗျာတစ်ပုဒ်ရေးနေရသလိုမျိုး
ဓားကို အတောင့်လိုက် မီးမြိုက်တယ်
ငါလည်း ယောက်ျားတစ်ယောက်ပဲ
မင့်ကျည်ဆန်က ငါ့ကို မြိုတယ်
ငလျင်လှုပ်တော့မှပဲ
မြေအောက်ရေပိုက်လိုင်းတွေကို မြင်ဖူးတော့တယ်
မင်း ဘယ်တော့မှ ဝမ်းမနည်းနဲ့
မီးရထားခေါင်းတွဲများ အော်သံပေးပြီး
ဘူတာရုံမှ ထွက်ခွာသွားတဲ့အကြောင်း
မနက်ဖြန် သတင်းစာထဲမှာ ပါလိမ့်မယ်
သက်တံ့တွေ အရောင်မဖြစ်သေးခင်
နှုတ်ခမ်းပေါ်က သွေးစက်ကို လျှာနဲ့လျက်လို့
မင်းအတောင်ပံတွေကို ဖြည်ချလိုက်ပြီပေါ့ ။
ဒီဝသုန်ခက်
Labels:
21 September, 2015
အဖျားသွေး
အိမ်ရှေ့ စာတိုက်ပုံးထဲမှာ ကျီးကန်းအသေတစ်ကောင်ကိုတွေ့တယ်
မနေ့က မင်းအကြောင်းကို တစ်ညလုံးတွေးခဲ့လို့ ထင်တယ်
လက်သီးကို ဖြည်ချလိုက်ရင် တကိုယ်လုံးအငွေ့ပျံသွားရော့မယ်
မင်းနေတဲ့မြို့မှာ မင်းအကြောင်းကို ရုပ်သံကနေ အမြဲတမ်းထုတ်လွှင့်တယ်
တစ်မြို့လုံးကို ခေါင်းလောင်းလိုက်ထိုးတယ် အဲဒီဇာတ်သိမ်းခန်းနဲ့ပဲ လူကြမ်းက အော်စကာရတယ်
တစ်ညလုံးဥသြဆွဲခဲ့တဲ့ လမ်းမကြီးက အခုတော့ ဘုန်းတော်ကြီးမားနေပြီး
မင်းရဲ့ ခဲခြစ်ပန်းချီကို ဓါးနဲ့ တစ်လွှာခြင်း လှီးနေတယ် ။ ရယ်စရာပဲ
အခန်းတံခါးကို အထဲကနေ လော့ခ်ချပြီး မအိပ်ဖို့ မင်းက အမြဲတမ်းမှာတယ်
မနက်ခင်းတိုင်း နေက ကြောင်တောင်တောင်နဲ့ ထွက်တယ်။ ငါက ပိုက်တစ်ချောင်းနဲ့ စုပ်ယူတယ်
အလင်းရောင်မရောက်ခင် မင်းအကြောင်းက ငါ့ခေါင်းထဲကို ဝင်တယ်
ထုံးစံအတိုင်း မင်းက ခိုတစ်ကောင်ရဲ့ သွေးနဲ့ ငါ့ဦးခေါင်းကို ပက်ဖြန်းမြဲ
အရင်အတိုင်းကျန်ခဲ့တဲ့ ပြာပုံထဲမှာ ရယ်စရာအကောင်းဆုံးပျက်လုံးတစ်ခုရှိတယ်
မင်းက အရာအားလုံးကို ဦးနှောက်နဲ့ တွေးပြီး ငါက ဝမ်းနည်းစရာတွေကို ပုလင်းခွံထဲထည့်ပြီး ပင်လယ်ထဲမျောတယ်
ငါ့အကြောင်း မင်းတွေးသမျှဟာ စက်ရုပ်ဆန်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဲဒီအကြောင်းကို လူတွေ စိတ်ဝင်စားကြတယ်
မင်းအကြောင်း ငါ့တွေးသမျှဟာ မြို့ပျက်ဆန်တယ် ။ လူသေတွေ မပါဘူး
အိပ်မက်က ဓါးတန်းလန်းတဲ့ အခန်းထဲဝင်လာပြီး မင်းအကြောင်းတွေးနေတဲ့ ငါ့ကို
လည်ပင်းသွေးစုပ်ထုတ်သွားတယ်
ကိုယ့်ကိုယ်ကို မသေနိုင်သေးပါဘူး တွေးပြီး ကွယ်လွန်သွားတဲ့ ကော်ဖီခွက်တွေကို ရည်စူးပြီး အိပ်ရာဝင်တယ်
ဝမ်းနည်းစရာသီချင်းတွေရဲ့ ရည်ညွှန်းချက်ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာကဗျာတွေရဲ့ အောက်ခြေလက်မှတ်ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာတံခါးရွက်တွေရဲ့ အော်သံတွေဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာအကျီ င်္တွေရဲ့ မလုံခြုံမှု့ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာကိန်းဂဏန်းတွေရဲ့ တန်ဖိုးဟာ ငါ ဖြစ်တယ်
မင်းနဲ့ ပတ်သတ်ရင် ငါက မိုးရွာနေတဲ့ စကားပြေတစ်ကြောင်းဖြစ်တယ် ။
ဒီဝသုန်ခက်
Labels:
03 September, 2015
အစိမ်းရောင်ရုပ်ရှင်
[ ၁ ]
အများနဲ့ မတူအောင် ပေါက်ခဲ့တဲ့ သစ်ပင်ပါ
အလင်းတစ်ပေါက်နဲ့ ပြိုဆင်းသွားတယ်
[ ၂ ]
ပြောင်းဝကနေ မျက်စိလေးတစ်ဖက်မှိတ်ပြီး  အဝေးကို ငေးကြည့်နေတုန်း
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဟာ ငါ့ကို ပြန်မျက်စိမှိတ်ပြတယ်
[ ၃ ]
လယ်ကွင်းထဲမှာ စိုက်ဝင်နေတဲ့ ဓါးတစ်ချောင်းဟာ ငါ့ ရင်အုံထဲမှာ ဖတ်စာရွတ်နေတယ်
သေနေတဲ့ လရောင်ကို ရှင်နေတဲ့ လူတစ်ယောက်က လွမ်းဆွတ်ဖို့ မင်း ရှိနေမှ ဖြစ်မယ်
ရှင်နေတဲ့လူတစ်ယောက်ကို သေနေတဲ့ နှလုံးသားက လွမ်းဆွတ်ဖို့လည်း မင်း ရှိနေမှ ဖြစ်မယ်
အပြန်အလှန်အားဖြင့် တစ်ယောက်သေသွားဖို့ တစ်ယောက် နှုတ်ခမ်းတစ်ယောက် နမ်းကြဖို့ လိုအပ်လိမ့်မယ်
" သြော်. . . . မင်းရောပါသကိုး"လို့ နပိုလီယံက ပြောတဲ့ အခါ ငါတို့ ရယ်ကြဖို့  ဆန္ဒပြုတယ်
အချစ်ရယ် . . . . . . Z မျိုးဆက် တစ်ယောက်ရဲ့ ခရိုမိုဇုန်းမှာ လောကကို ခါးသီးမိတာ အဆန်းမဟုတ်ဘူး
အရေပြားတစ်လွှာချင်းဆီမှာ ကပ်ညှိနေတဲ့ ခရမ်းနုရောင် ပြာမှုန်ပြာစတွေ
ဟိုး . . . . . အဝေး ကောင်းကင်ကို လွှင့်စင်သွားတဲ့ အချိန်ဒီရေနေရာမှာ
မော့ကြည့်လိုက်ရင် ကောင်းကင်ပြာကို မြင်ရမယ်၊ ဒါဟာ ကောင်းကင်ဘုံ မဟုတ်ဘူး
ငုံ့ကြည့်လိုက်ရင် မြေကြီးကို မြင်ရမယ်၊ ဒါဟာ ငရဲ မဟုတ်ဘူး
ဇုဒ်လည်း မရှိ၊ ဟေးဒီစ်လည်း မရှိ
ဟေး . . . . . အဝေးကနေ ရေခဲဖတ်တွေလွှင့်စင်လာတဲ့ ငါ့ အချစ်
မင်းဘေးမှာ ငါ ရှိနေမယ်
[ ၄ ]
မြစ်တစ်ခုမှာ သိုသိပ်ထားခြင်းခံရတဲ့ ဂန္ထ၀င်မြောက်အိမ်ပြန်ချိန်တွေ ထမ်းပိုးထားလို့
အချစ်မိုးကောင်းကင်ကြီးလည်း နီမြန်းကုန်ပြီ
အသူရာတို့ကတဲ့ ပွဲတော်မှာ ပန်းမီးတောက်တွေ တဖွားဖွား လွင့်စင်မှု့များ အသေင်္ချာရာစု
" ပြန်လည် သတိရမှု့မှာ အနုပညာမပါရင် အရာရာ သေသွားပါလိမ့်မယ် " *
အဲသလို ထပ်မံယုံကြည်တယ်
[ ၅ ]
ကတ္တရာလမ်းမပေါ်က ကျလာတဲ့ အခိုးအငွေ့တွေထဲမှာ ၀ိညာဉ်တွေ ပျံသန်းနေတုန်း
လူသေတစ်ယောက်ရဲ့ ဦးခေါင်းခွံထဲမှာ လျှပ်စီးတွေ အပြည့်စီးနေဆဲပဲ
မနက်ခင်းအစာအိမ်ရဲ့သစ္စာဖောက်မှု့ကို ညနေမှာ ပြန်လည်တင်ဆက်ကပြရတယ်
အသက်ရတာဟာ မြေခွေးပဲ အချစ်ဆိုတဲ့ စပျစ်သီးကို ချဉ်ဖို့ ဘယ်သူ့ဆုတောင်းမှမပါပဲ မွေးလာတာ
ဆေးရုံပေါက်ဝကတည်းက လူဘ၀ရဲ့ အိပ်မက်တွေ အခိုင်လိုက်ထားရစ်ခဲ့ရတယ်
စကားလုံးတွေဟာ ဒဏ်ရာအတိမ်အနက်ကို တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိသေးတော့
အနီရောင်သွေးစက်တွေ အခန်းနံရံမှာ စွန်းထင်းသွားတာ ဆန်းကြယ် ။
[ ၆ ]
ရောဂါကပ်ဆိုးတွေ ဆိုက်ကပ်လာတဲ့ သတင်းကို မနက်ခင်းတိုင်း ရုပ်မြင်သံကြားက အဆက်မပြတ်ထုတ်လွှင့်ပေးနေတယ်
 အဆုတ်ရောင်လာမယ်၊ မျက်ထောင့်နီလာမယ်၊ အသားအရေ ပြာနှမ်းလာမယ်၊ ဆံပင်ကျွတ်လာမယ်၊ သွားခေါ လာမယ်
အကြားအာရုံခံစားမှု့အားကောင်းလာမယ်၊ နာကျင်မှု့တွေ လျော့နည်းလာမယ်၊ အလင်းရောင်ကို ကြောက်တက်လာမယ်
တိတ်ဆိတ်လာမယ်၊ အုပ်စုဖွဲ့နေထိုင်တက်လာမယ်၊ သွေးပြန်ကြောတွေ ပြတ်တောက်လာမယ်၊ အသားစိမ်းငါးစိမ်းတွေ စားလာမယ်
အောက်ဆီဂျင်ကို ငတ်မွတ်လာမယ်၊ ဖိုမ ကွဲပြားစိတ်မရှိတော့၊ ဆာလောင်မှု့ကိုပဲ တပ်မက်လာမယ်၊ အသံလှိုင်းတွေက စိတ်ကို တက်ကြွလာမယ်
အချစ် . . . . . . ငါဟာ ဇွန်ဘီတစ်ကောင်ပဲ၊ နေမကောင်းသူတစ်ယောက်ကိုတော့ မင်း ငြင်းသင့်ပါတယ်
[ ၇ ]
"အကြောင်းမူကား ယနေ့မှစ၍ ခုနှစ်ရက်စေ့လျင်
အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။
ငါ ဖန်ဆင်းသော သတ္တ၀ါ အပေါင်းတို့ကို
မြေကြီးမျက်နှာပေါ်မှ ငါ ပယ်ရှင်းမည် " **
နောဧ မလာခင်အထိ
မည်သည့်အရာကိုမျှ ငါ့အတွက် ဒုတိယအကြိမ်နောက်ထပ် အသုံးမလိုတော့
ဒီဝသုန်ခက်
Note :::::
* အောင်ချိမ့်၏ ကဗျာစာသား
** ကမ္ဘာဦးကျမ်း
Labels:
12 August, 2015
ရထားဟောင်းများ
ငါ မမှီလိုက်တဲ့ ပြန်စာက
ငါ့ကို ပြန်ပေးဆွဲတယ်
နံရံတွေနဲ့ ရင်ခုန်သံတွေမှာ
အာရုံမြင်နားရှိတယ်
အခန်းထောင့်မှာ ပြိုလဲကျနေတဲ့
ကြိုးပြတ်အ၀ါရောင်ဂစ်တာတလက်
ငါ -  ဖြစ်မယ် ထင်တယ်
တနေ့တာရဲ့ အစ
နာရီကို မော့ကြည့်တယ်
ပြီး ဘာမှ စောက်အဓိပ္ပာယ်မရှိဘူးလို့ တွေးတယ်
ပြီး နာရီကို ပြန်မော့ကြည့်တယ်
သီချင်းတပုဒ်တည်းကို အခါခါထပ်နားထောင်တယ်
စကားတစ်ခွန်းကို အခါခါထပ်ကြားချင်နေတယ်
သေလူပဲ
ဒီ အမှောင်မှာ
ဒီ စကားလုံးပဲရှိတာလား
မြွေပွေးရဲ့ အစွယ်ဖြူက
နေ့နဲ့ ညကို ညှို့တယ်
ညစ်နွမ်းစိတ်ကို နည်းနည်းလေးမှ ခွါချလို့ မရဘူးလား
လက်ဖက်ရည်တခွက်သာ ခံနိုင်ရည်ရှိတယ်
အစက်ကလေးချပြီး အိပ်ရာဝင်တယ်
ဘာမှ အသုံးမကျပါဘူး ။
ဒီဝသုန်ခက်
Labels:
11 August, 2015
သူ ပျော်ပါစေ
အရိုးရှင်းဆုံး ဆုတောင်းတစ်ခု
လိင်စိတ်မပါ
ပရိုင်းမိတ်တစ်ကောင်ရဲ့ အကြမ်းဖက်လိုမှု့မပါ
ပေးဆပ်မှု့လည်း မပါ
ရယူလိုစိတ်လည်း မပါ
အနီရောင်ဖဲချပ်များလည်း မပါ
ဒါဟာ ဆုတောင်းတစ်ခုခုပါ
မင်း ဘက်မှာ ပြည့်ပါစေ
ဒီဝသုန်ခက်
Labels:
28 July, 2015
ပုံတူ
တနေ့လုံး
တညလုံး
အညှီစော်ခံပြီးမှ
အဝေးကို ထွက်ပြေးလာခဲ့တာပေါ့
အိပ်နေတဲ့ လမ်းမကိုလည်း နှိုးခဲ့
နာဖျားဆဲ နာရီတို့ကိုလည်း ထားခဲ့
ငိုရှိုက်သံမဖြစ်သေးတဲ့ ငွေတချို့သာ
မိုး အဖြစ်နဲ့ရွာလာခဲ့
ပြောပြလို့ မတက်နိုင်တဲ့ ကောင်းကင်ဆန်မှု့နဲ့ပေါ့
အဲဒီနေ့က
မိုး တအားသည်းတယ်
အဆိပ်အချို့က အရမ်းချိုတယ်
ရထားဥသြဆွဲသံကလည်း
ခါတိုင်းထက် ပိုကျယ်လောင်တယ်။
ဒီဝသုန်ခက်
Labels:
17 July, 2015
သေခြင်းတရား
သေခြင်းတရား
သေခြင်းတရားဆိုတာ နှဲသံကြီးနဲ့ သစ်ရွက်ဝါတွေ
သေခြင်းတရားဆိုတာ ရေပွက်ပမာ တခဏတာ ရှေးရိုးမှာ
သေခြင်းတရားဆိုတာ နောက်ကျမှဆိုက်ရောက်လာမယ့် ရထားတစ်စင်း
သေခြင်းတရားဆိုတာ ရွေးချယ်သူတွေ မရွေးချယ်ခဲ့တဲ့ အရာဖြစ်ပြီး
သေခြင်းတရားဆိုတာ မရွေးချယ်ခဲ့သူတွေ အရွေးချယ်ခံလိုက်ရတဲ့ အရာ
သေခြင်းတရားဆိုတာ အကောင်းကိုရှာ၏ အကောင်းကား မရှိတော့
သေခြင်းတရားဆိုတာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ မရှိပဲ
သေခြင်းတရားဆိုတာ ဖြေးဖြေးလေး နင်းဝင်လာတဲ့ ကျေးဇူးတရား
သေခြင်းတရားဆိုတာ ပြန်လည်မွေးဖွားခြင်း၏ တံခါးပေါက်
သေခြင်းတရားဆိုတာ သူလိုကိုယ်လို မိန်းမလိုက်စားခြင်း
သေခြင်းတရားဆိုတာ လိမ်ညာဟန်ဆောင်သူတွေရဲ့ စာရေးစားပွဲ
သေခြင်းတရားဆိုတာ  အခန်းတစ်ခန်းထဲက နောက်ဆုံးညစာ
သေခြင်းတရားဆိုတာ အနမ်းတွေ လွတ်ကျထားတဲ့ ကပွဲခန်းမ
သေခြင်းတရားဆိုတာ မီးသီးအစိမ်းတွေ လင်းလာတုန်း ပြုတ်ကျသွားတဲ့စိတ်
သေခြင်းတရားဆိုတာ ဆရာဝန်တွေ ခေါင်းခါပြခြင်း
သေခြင်းတရားဆိုတာ မနက်ဖြန်တွေ့ဖို့ ချိန်းထားတဲ့ သူငယ်ချင်းတစ်ယောက်
သေခြင်းတရားဆိုတာ လက်ဖက်ရည်ခွက်ထဲက ယင်ကောင်
သေခြင်းတရားဆိုတာ လက်ဖျားခြေဖျားတွေဟာ အေးစက်စီးဆင်းခြင်း
သေခြင်းတရားဆိုတာ ဆိုတဲ့ အဓိပ္ပာယ်ကို မရောက်လိုက်ခင်မှာ
သေခြင်းတရားဆိုတာ ကွယ်လွန်သူတို့ရဲ့ နောက်ဆုံးရသော ကြေးတံဆိပ်
သေခြင်းတရားဆိုတာ လက်ဖျံရိုးထဲက ပန်းထွက်လာတဲ့ သွေး
သေခြင်းတရားဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း
သေခြင်းတရားဆိုတာ ခွေးတွေ အုပ်လိုက် ဟောင်ခြင်း
သေခြင်းတရားဆိုတာ ခင်ဗျား ဒီစာဖတ်နေချိန်မှာ ခင်ဗျားအတွက် သီးသန့်ထုတ်လုပ်နေပြီဖြစ်တဲ့ အထီးကျန်စက်ရုံ
ဒီဝသုန်ခက်
Labels:
ဦးခေါင်းခွံများ
နာရီတွေ အရည်ပျော်နေတုန်းမှာ
အေးစက်သွားတဲ့ စကားလုံးတွေက အစော်ကားခံသီချင်းကို ဆိုကာ
ပူလောင်သော နေ့ရက်များဆီကို ဆိုက်ကပ်လာခဲ့တယ်
ဘ၀က အေးစက်စက်နိုင်လွန်းသလောက် ထိတွေ့ရတဲ့ လေထုက ပူခြင်း
လူဟာ တစ်ယောက်တည်း အထီးကျန်နိုင်လွန်းပြီး ကြယ်တွေနဲ့ ကွန်ပစ်
တစ်ယောက်တည်းပဲ သီချင်းဆို တင်းတိမ်နိုင်စွမ်းစာမျက်နှာများ
တစ်ယောက်တည်းနေရင်း သီချင်းတွေကို အဆုပ်လိုက် ဖမ်းဆုပ်ပြီး ဘ၀ကို ခေါစာပစ်
လာလိုချင်ရင် အနီးလေးပဲ မုန်းတော်မူလို ကမ်းပါးကို အော်ပြောလိုက်မိ
ကမ္ဘာ့ပထ၀ီဝင်ဘာသာရပ်မှာတော့ ခြောက်သွေ့ကုန်းမြေဟာ ငါ ကျက်လို့မရတဲ့ စာပိုဒ်တစ်ခုပဲ
ကိုယ့်ကိုယ်ကို ပြန်ညှို့လို့ ဘယ်တော့မှ မရတော့ဘူး
ဘာကိုမှ ယုံကြည်လို့မရတဲ့ လောကထဲမှာ ယုံကြည်မှု့နဲ့ အသက်ရှင်ခြင်း
ကျိန်စာသင့်ထားတဲ့ မှန်တွေဟာ တချပ်ပြီးတချပ်ရိုက်ခွဲလိုက်ရတယ်
လွတ်မြောက်နယ်မြေရဲ့ အမှောင်ဟာ ချစ်စရာသိပ်ကောင်းတယ်
ချုပ်တည်းနိုင်စွမ်းမရှိခဲ့ရင် အသက်ဇီဝဓာတ်ဆိုတာ အဖြူရောင်အငွေ့တခုသက်သက်
ငါ တယောက်တည်း လွတ်မြောက်နေချိန်မှာ လန်းဆန်းစေလွန်းအားကြီးပါတယ်
ပစ်ပြီးသား ကျည်ဆန်ခွံကို ပြန်အသုံးပြုလို့မရသလို ငါဟာ ငါ့ကိုယ်ငါ ဘုရားပန်းအိုးထိုးမိရဲ့
အရေပြားသက်သက်သာ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာပါတယ် ။
ဒီဝသုန်ခက်
Labels:
29 June, 2015
ရောဂါသည်
အဆိပ်ကို မွှေးကြည့်တော့
လူသေရနံ ရတယ်
လက်ထဲမှာ
ကိုယ့် အစွန်းရောက်မှု့များ
တယုတယ ပွေ့ပိုက်လာခဲ့ရ
ရထားဟာ အိမ်ခြေစုများကို ကျော်လွန်လာခဲ့
အထီးကျန်ဘဝ
နေ့ရက်ဒိုင်ယာရီများစွာ
သစ်ရွက်ခြောက်တွေလို
အစိမ်းသေ
ဒီဝသုန်ခက်
Labels:
12 June, 2015
စီးကရက်တလိပ်အကြောင်း
စီးကရက်တွေလိုပဲ
ငါတို့ဟာ ဘူးလိုက် အတောင့်လိုက် စက်ရုံကနေ စွန့်ပစ်ခံလိုက်ရ
မြို့ရိုးကို လက်နဲ့ ပုတ်ကြည့်ရင် သေးသေးတင် နာနာဘာဝတွေကို မြင်ရတယ်
ဒီလိုအချိန်မှာပဲ မပျော်တယ်လို့လည်း မဟုတ်ပါဘူး ပျော်တယ်လည်း မဟုတ်ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ ဖင်စီခံအတပ်ခံပေးလိုက်ရ နာကျင်မှု့သက်သာစေရန်
ကျောက်စာတွေထဲက အချိန်နာရီတွေနဲ့ အိမ်ပြန်လာခဲ့ရုံသက်သက်သာ
ဟုတ်သည်လည်းရှိ မဟုတ်သည်လည်းရှိ မပြောတော့ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ အလွမ်းသွေးသားကောင်းခဲ့ သွေးသားထဲမှာ လျော့ပြေသွားတဲ့ စိတ်ဟာ စိုက်ဝင်
ဘဝကို ပြန်ပေးပါ အော်နေ အူသံတွေဟာ အာသီသလမ်းမပေါ်မှာ
ပန်းသီးကို စားမလို့လား ဒါကိုလည်း မပြောနိုင်တော့ပါဘူး
စီးကရက်တွေလိုပဲ
ငါတို့ဟာ အဆိပ်လည်းရှိ အတိတ်လည်းရှိ ဘယ်တော့မှ ပြန်မလာတော့
တခါတီးကြည့်ရင် ခြောက်သံထွက်လာခဲ့ "တံ တျာ တေ ရှင်" ငါ မေ့တယ်
ခေါင်းစီးမရှိတာကတော့ တောင်းတခဲ့တာ ဖြစ်ခဲ့တယ်
စီးကရက်တွေလိုပဲ
ငါတို့ဟာ ရိုင်းစိုင်းယဉ်ကျေးစွာ နာကျင်အငွေ့ပျံခဲ့ မိုးစက်တွေလိုပဲ
အီသာငွေ့နဲ့ အသက်ဆက်ထားတဲ့ လေယာဉ်ပျံကို မော့ကြည့်ခဲ့တယ်
အခုဆက်လက်ပြီးတော့ တီးလုံးသံက ဘယ်ကမှ မကြားရတော့ဘူး
ခင်ဗျားအခု မက်နေတဲ့ အိပ်မက်ဟာ
မနေ့ကနဲ့ ဒီနေ့ ကျနော်သောက်ခဲ့တဲ့ စီးကရက်တလိပ်ရဲ့ ကျောပေါ်က
သမိုင်းတွေနဲ့ မြို့တမြို့ပါပဲ (ချော်ရည်တွေအောက်မှ ရှိနေမယ်)
အနင်းချေ အဖိနိပ်ခံ တန်ဖိုးနည်းရမှာ သိခဲ့တယ်
ဘယ်အချိန်ကြည့်ကြည့် အကုန်လုံးကို မီးရှို့ပစ်မယ်ဆိုတဲ့ မီးပွားစတွေနဲ့
ဒီဝသုန်ခက်
Labels:
09 June, 2015
ရယ်ရတာတွေများတော့ ကိုယ့်မှာ လူပိုငှားပြီး ရယ်ရ
လူပေါတွေနဲ့ ဆိုသလေ့လေး ဆိုတာကို
ရယ်ရတော့ ရယ်ရတာ နည်းနည်းစိတ်ပိန်ပါတယ်
အတင်းအဖျင်းတွေနဲ့ သတင်းကမွှေးတော့
ရယ်ရတာ နည်းနည်းတော့ စိတ်ခုပါတယ်
ဒီတလိုင်း ဒီတကြောင်းက လွဲရင် ကျန်တာ မရဘူးလားဆိုလို့
ကိုယ့်မှာ ရယ်ရပါတယ်
ဟားတိုက်ရယ်ရခြင်း ဆိုတာ ဘုရားဟောထဲမှာလည်း မပါသလို
မနေ့က ထည့်ခဲ့တဲ့ အသက်ထဲမှာလည်း မပါပါဘူး
သို့သော် ကျွန်ုပ်တို့သည် ရယ်ရပါတယ်
ကိုယ့်ရှေ့က လူက ပုဆိုးအပေါက်နဲ့ဆိုတော့
ကိုယ့်နောက်က လူက ပုဆိုးအပေါက်နဲ့ပဲဆိုတော့
ကျနော့်ခမျာ အဝေးကို ရှောင်ပြေးရင်း ရယ်နေရပါတယ်
ကိုယ့်နာမည်ကို အော်ခေါ်တာက အစ
စဉ်းနီတုံးပေါ်တင်လိုက်တော့မယ့် ဦးနှောဏ်များ အဆုံး ရယ်ရပါတယ်
ရယ်စရာတွေ ကုန်သွားခဲ့ရင် ငါ ဆက်ဟားတိုက်နေပါဦးမယ်
ရယ်စရာဆိုတာ လေရှိသရွေ့ ကုန်ကူးကြတာဆိုတော့
ငါ ဟားတိုက်ပြီး ရယ်နေဦးမယ်
ဆက်၍ ဆက်၍ မင်းတို့အကြောင်းကို အရက်နဲ့မြည်းပြီး ငါဟားတိုက်ရယ်နေမယ်
ဒီဝသုန်ခက်
Labels:
08 June, 2015
သိပ်ကို ရောမန္တိကဆန်ချင်တဲ့ ဖဲချပ်
အသက်ကယ်သွေးကြောတွေက တယ်လီဖုန်းထဲကနေ ပျံသန်းလာကြတယ်
ဒီဘ၀မှာမှ ဒီ ပန်းကလေးကို ရူးသွပ်စွာ နမ်းမရှိုက်ရဘူးဆိုရင်
ဘယ် သံသရာတိုင်အောင် ဘယ်လောက်တောင် အော်ခေါ်နေရမှာလည်း
တကယ်တော့ ရင်ခုန်တယ်ဆိုတာ စိတ်ကြွဆေးဝါးတစ်မျိုးပါ
သေမင်းရဲ့ အာခံတွင်းကို စောင့်ကန်ပြီး ပန်းကလေးကို နမ်းခဲ့ရတာပေါ့
ဘယ်လိုပြောပြော တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေဖို့ လိုအပ်တယ်
ဘာပဲဖြစ်ဖြစ် တစ်ယောက်နေ့စဉ်ဘ၀ထဲ တစ်ယောက် မိုးကြိုးပစ်လိုက်ချင်တယ်
ငါ ကိုယ်ပူနေတာကို သူ့အနမ်းက လွဲပြီး မကုစားချင်တော့ဘူး
တစ်ရက်ပြီး တစ်ရက် ငါ တယ်လီဖုန်းကြိုးတွေကြားထဲ လမ်းသလားပျံသန်းပြီး
အချစ်ဆိုတာ စိတ်ကူးနဲ့ ခိုးခိုးနမ်းနေရတဲ့ အသစ်လွင်ဆုံးကမ္ဘာစစ်ပေါ့ ။
ဒီဝသုန်ခက်
22Apr2015
0345pm
Labels:
06 June, 2015
နေတန်မျုယာ ။ ရှင့်သွေးတွေဟာ ကျမကိုယ်ထဲ စီးဆင်း
ဒီလို အချိန်ဆို တံခါးခေါက်သံကြားရပြီ
လုပ်ကြနေ ထုံးစံ အတိုင်း မိတ်ကပ်ကို လိမ်းခဲ့တယ်
အီဖယ်မျှော်စင်ကို မျက်စောင်းပစ်ပြလိုက်တယ်
ဇီမာလမ်းဆုံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ ဒေါက်မြင့်ဖိနပ်ကလေး
မြင်းနှစ်ကောင်ကတဲ့ ရထားလုံးအတွက် လဲလှယ်လိုက်ရ
မီးအားက လင်းတယ် ၊ အလင်း နည်းနည်းလျော့
ဒီလောက်တော့ ဘယ်လို ပွင့်လင်းဖို့ ကောင်းနိုင်မလည်း
ဇာတ်လမ်းက ဇာတ်ညွှန်းအတိုင်းဆိုရင် 2 By 1 ပဲ
လက်ချောင်းတွေဟာ စတင်လှုပ်ရှားလာနေပြီ
နဖူး၊ နှာခေါင်း၊ နှုတ်ခမ်း ၊ လျှာ ၊ လည်ပင်း
ဟာ! ဒီလို မဟုတ်သေးဘူးလေ . . . .
ခေါင်းရင်းမှာ ချိတ်ထားတဲ့ ဘုရားပုံတော်ကို ဖယ်လိုက်
ကင်မရာထဲမှာ ဆိုရင် ကျမဟာ ဘုရင်မတပါး
ကျမဟာ သေနတ်ကို ထုတ်လုပ်နေပေမယ့် ဘာသာရေးကို မပစ်ခတ်ဘူး
အဆင်ပြေတယ်ဆိုရင် . . . . . ကွန်ဒိုလီဇာရိုက်ဇ်ကို ပြောလိုက်ပါ
အဆင်ပြေတယ်ဆိုရင် . . . . . မိုဟာမက်အလီကို ပြောလိုက်ပါ
အဆင်ပြေတယ်ဆိုရင် . . . . . ကတ်စထို ကို ပြောလိုက်ပါ
ဒီမှာ ကျမရဲ့ တကိုယ်တော် ရုပ်ရှင် စတင်ရိုက်ကူးတော့မယ်လို့
OK! ခေါင်းတစ်ချက် ညိတ်ပြ
ဘ၀ဟာ ရေပန်းတွေ ပန်းထွက်လာသလို
မီးတောင်တစ်ခုလို ဒေါသထွက်နေတဲ့ မြင်းရိုင်းတွေ တာဝေးပြေးနေသလို
ဆွဲဆုတ်လိုက်ရတဲ့ နိုင်ငံကူးလက်မှတ်တွေ သတိရနေသလို
တီဗွီကလာတဲ့ နှစ်သစ်ကူး မိန့်ခွန်းဟာ ဘာလုပ်လို့ရမှာလဲ
ကျမ ရင်ဘတ်ထဲမှာ အစိမ်းရောင် သစ်တောတစ်ခုရှိတယ်
ကျမဟာ ဒဏ်ရာရနေတဲ့ ကျားတကောင်
မိခင်တစ်ယောက်ရဲ့ ဇာတိကို ပြနိုင်ဖို့
ချွေးပျံနေတဲ့ ရေခဲရေတစ်ခွက်ကို အငတ်ပြေသောက်လိုက်ရရဲ့
အိမ်သာကြွေခမုတ်ထဲ ထိုးထည့်လိုက်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းလို
နေတန်မျုယာ ။ ရှင့်သွေးတွေဟာ ကျမကိုယ်ထဲ စီးဆင်း ။
ဒီ ၀ သုန် ခက်
2014
ကဗျာ့အသံ ။ အစီအစဉ် ၃
Labels:
မီးခိုးငွေ့များ
ပုံနှိပ်စာလုံးတွေနဲ့ အရည်ဖျော်ထားတဲ့
စာရွက်တွေကိုလှန်တိုင်း
သူမ ရဲ့ သွေးခုန်နှုန်းလေးကို စမ်းမိတယ်
အဝေးပြေးလမ်းမဆိုတာ
အခုခံရခက်ဆုံး တောင်ကုန်းခံတပ်တခုပါ
အသေအပျောက်အများဆုံးကတော့ သက်ပြင်းတွေပါပဲ
ကိုယ့်ရဲ့ မြူနှင်းတွေ တခုလုံးဟာ
သူမဆီက ပြန်လာတဲ့ စာတစောင်အောက်မှာ
သဘာဝကျစွာ ရုပ်ထုတခု ဖြစ်သွားပြန်
မြေပေါ်ကို တခါပြန်လာဦးမယ်တဲ့
လွမ်းနေတဲ့အချိန်ဆို
နှစ်ယောက်လုံး လကို သေနတ်နဲ့ ချိန်ပစ်လိုက်ကြတယ်
"အချစ် ကိုယ်တို့ ဘယ်နေရာရောက်နေတာလည်း"လို့
ကျနော် က မေးတော့
"စစ်ပွဲထဲမှာ" လို့ သူက ပြန်ဖြေတယ်
မရည်ရွယ်ပါဘူး
ခတ္တာပန်းတွေနဲ့ ပင်လယ်ဝေခြင်းမှာ
"ငါတို့ အတူတူရှိနေကြမယ်နော်"လို့ ပြောပြီး
ပင်လယ်ထဲကို [ပန်းချီကား ထဲက အတိုင်း] ခုန်ချလိုက်တယ်
လမ်းမပေါ်က ခြေသံတွေ ကုန်သွားတဲ့ အခါမှာ
ညဟာ အောင်မြင်စွာ ရှင်သန်ထမြောက်လာခဲ့ရ
သေဆုံးခါစ ဝိညာဉ်တွေ အပြေးအလွှားပဲ
"ကောင်းကင်ဘုံ ဘယ်မှာလည်း။ ကောင်းကင်ဘုံ ဘယ်မှာလည်း" လို့ ကမူးရှူးထိုးမေးကြ
"ဒါက ငါ့တို့ နှစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာလေ"လို့ ဖြေမိတယ်
သူတို့ နားမလည်ကြဘူး
ဝိညာဉ်တွေက ပြန်ပြောတယ်
"ငါ မေးတဲ့ မေးခွန်းကို မင်းနားမလည်ဘူး"'
ကိုယ်က ပြန်ပြောလိုက်တယ်
"မင်းတို့ ချစ်ခြင်းမေတ္တာ ကို နားမလည်ကြဘူး"
မနက်ခင်းလင်းပြီတဲ့လား
အနမ်းမပေးရသေးပါဘူး
နှုတ်ဆက်စကားမဆိုရသေးပါဘူး
ပုံရိပ်တွေရောဂါဖြစ်
"တနင်္လာနေ့မှ အစ"ဆိုတဲ့ ဂါထာကို ရွတ်ဆို
ဘဝရဲ့ အိမ်လေးမှာ ဓါတ်တူနံတူ ဘုရားကို ပူဇော်ရဦးမယ်
နွေဦးဟာ နောက်ကျမယ့် အကြောင်း
ကြေးနန်းပါးပါတယ်
နောက်ဘဝဆိုတာ မသေချာမှတော့
သစ်ပင်တွေရဲ့ သဘောထားကို မစူးစမ်းတော့ပါဘူး
လေထဲက စွန်တွေ
လေထဲကို ပြန်ရောက်လာပါလိမ့်မယ်
ဒီဝသုန်ခက်
Labels:
ရုပ်သံအစီအစဉ်
အစီအစဉ်များအရ
ကိုယ့် အသက်ဟာ လေထဲမှာပဲ ကုန်တော့မယ်
ဘာလို့များ မိုင်နှုန်းမြင့် မောင်းနှင်နေမလည်း
တလမ်းမောင်းလမ်းမမှာ
သေတော့လည်း သေလို့
နေတော့လည်း နေလို့
သွေးသားအစိုင်အခဲတွေမှာ ယာဉ်တိုက်မှု့မရှိ
ရိပ်ခနဲ ရိပ်ခနဲ မိုင်တိုင်တွေမှာ ယဉ်ကျေးမှု့မရှိ
ပျံသန်းလာတဲ့ တယ်လီဖုန်းခေါ်ဆိုခြင်းအတိုင်း
အနာဂါတ်ဟာ ဆက်သွယ်မှု့ ဧရိယာပြင်ပ
ပုတ်ပွနေတဲ့ အလောင်းရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်လို့
မင်းသားနဲ့ မင်းသမီးက ကိုလိုနီခေတ်က ပန်းခြံထဲပတ်ပြေးလို့
မှန်ထဲကို လက်နှိုက်ကြည့်မှ
ကိုယ့် အဖြစ်ဟာ မီးလောင်နေတဲ့ အဝေးပြေးလမ်းမ
ဒဏ်ရာတွေက သွေးထွက်လာမှ
ကိုယ့်ကိုယ်ကို သက်ရှိတယောက်မှန်း သိတယ်
စီးကရက်ကို မီးခြစ်ကြည့်တော့
လောင်နေတဲ့ ပြာက ကိုယ့် ဘဝကို ပြန်တိုက်စားသွားတယ်
စကားပြေ နဲ့ ဖွင့်လို့ မရတဲ့ တံခါးတွေကို
ကဗျာနဲ့ လိုက်ဖွင့်ကြည့်တယ်
ညနေခင်းကို အရည်ဖျော်ပစ်ပြီး
တိမ်တွေနဲ့ လိင်ဆက်ဆံ
ကိုယ့် ဘဝအတွင်းသားထဲ စိုက်ဝင်လာတဲ့ နေရောင်ကို
အစွန်းရောက်တယောက်လို မက်မောမိတယ်
ကိုယ့် အကျီ င်္လက်ဖျံမှာ ရှိတဲ့ မျက်ရည်တစ်စက်
သေနတ်ဒဏ်ရာတချက်လည်း ဖြစ်နိုင်တယ်
မတော်တဆမှု့တွေဟာ
လမ်းထောင့်ချိုးတိုင်းမှာ ရှိတယ်
လေထဲကဖုန်မှုန့်တွေက ပြောတယ်
ဓါးဟာ သွေးရဲ့ အရသာကို မသိဘူး
အဲဒီနေ့က ရုပ်သံထုတ်လွှင့်မှု့ အစီအစဉ်မအောင်မြင်
မှု့ခင်းသတင်းမှာ ကိုယ့် နာမည်မပါတာကိုပဲ
ကျေးဇူးတင်ရတော့မယ်
 ဒီဝသုန်ခက်
သရဖူ ။ မေ ။  ၂၀၁၅
Labels:
ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ ( ဒီဝသုန်ခက် ။ ခရှက်ရှ် )
ကံစမ်းမဲ မဲလိပ်တွေ နှိုက်နှိုက်မိတိုင်းမှာ
မူးယစ်ဆေးဝါးအကြောင်းပြောတတ်တဲ့ ခွေးတွေအကြောင်း သတိရတယ်
နတ်ဖုရားမတစ်ပါးရဲ့ အမည်နာမတော်မှာ
သစ်ရွက်အသေတွေရဲ့ နုပျိုခြင်းကို စားသုံးတယ်
အီကွေတာနဲ့ ဘယ်လောက်ဝေးလဲ ငါမသိဘူး
ဖွင့်ဖွင့်ချင်း အထဲကမြွေတစ်ကောင် ကားယားကြီးထွက်လာတဲ့
ကန်းလောင်မှုကို သွေးလွှတ်ခန်းအထိ ဆွဲချလိုက်တယ်
ဂျက်ပင်ထိုးမရတဲ့ အရောင်တွေနဲ့  ငါဟာ ပြောမကောင်းတဲ့ ကောင်
အဆင်မပြေမှုကို အင်္ကျီတစ်ထည်လို ၀တ်ထားတယ်
ရူးသွပ်ခြင်းကို လည်မှာဆွဲထားလိုက်တယ်
တရားသောအားဖြင့် မတရားခြင်းဟာ ကျောမှာကပ်ပါလာတယ်
နေ့ ရက်စွဲ ၊ လရက်စွဲ ၊ နှစ်ရက်စွဲ နဲ့ 
တကလောက် တကလောက် မြည်နေတဲ့ နာရီအော်သံတွေ
ဆာလောင်ပြောင်တင်းခြင်းနဲ့ အတူ  ပိန်းပိတ်နံစော်တဲ့ ဆုတံဆိပ်တွေ
ရယ်တီမိတ်တံဆပ်ကပ်မှု နဲ့  အောက်တန်းစား အဘိဓမ္မာများ
ကြည့်လိုက်ရင် အခုပဲ ခွေးကိုက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ မုဒိမ်းကျင့်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ လက်ဆွဲနှုတ်ဆက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ ပိုက်ဆံကောက်ရလာတာလိုလို နဲ့ 
အားလုံးဟာ အရူးတွေ မိမွေးတိုင်းဖမွေးတိုင်း အရူးများ
ချစ်ခြင်းမေတ္တာ ဒါ ငါ့နောက်ဆုံးမူးယစ်ဆေးပေါ့
ငါ တပ်မက်စွာ တစ်ဘ၀လုံး နမ်းရှိုက်ဖက်တွယ်ခဲ့ရပေါ့
ဂီတဟာ ခွေးဝဲစားကို ဘာဂါ ပစ်ကျွေးလိုက်သလို
ငါ တယုတယ အသက်ရှိသမျှ ရှိခိုးခဲ့ရပေါ့
သိပ်ဖြူစင်ရှင်းသန့် တဲ့ အညှီအဟောက်တွေ
ငါ ရိုးသားစွာ လမ်းတစ်လျှောက် စီးနင်းမိပေါ့
ငါ လောကထဲက ဘာမှ မရခဲ့ပါဘူး
ငါ မိမွေးတိုင်းဖမွေးတိုင်း ဘာမှ မသိခဲ့ပါဘူး
တစ်ချိန်တည်းမှာပဲ ငါ ဘာမှ မဟုတ်ပါဘူး
ငါ့မှာ ဘာမှမရှိ  ဒါဟာ ငါ့နောက်ဆုံးပိုင်ဆိုင်မှုပဲ
သူလိုကိုယ်လိုတွေကြားထဲ လူလိုသူလို ဘယ်လိုလွင့်မလဲပျံမလဲ
ငါ့အိုးပုတ်လေး ဘယ်သူလုသွားလဲ ယူသွားလဲ
လက်စ်စဘီယံတစ်ကောင်ကို ၀ိုင်းတိုက်ခိုက်သလို
ငါဟာ ပြောမကောင်းတဲ့ အနုမြူဗုံးတစ်လုံး
ငါရဲ့စိတ်ဓာတ်ကို တစ်ဒုန်းဒုန်းနဲ့  ချကြ
ပြန်ကြည့်လိုက်ရင်
ငါဟာ ဘယ်သူမှမလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
ခရီးထွက်ခိုက် ဘုရားပန်းအိုးကျကွဲတာမျိုး
ထမင်းပန်းကန်ထဲ ဆံပင်မွှေး ဆူးသလိုမျိုး
ငါဟာ ဘယ်သူမှ မလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
ဒဏ်ရာဆိုတာ အမြင့်ပေဘယ်လောက်ရောက်ရောက်
ပျောက်မသွားနိုင်တဲ့ ပျယ်မသွားနိုင်တဲ့ အနံ့ မျိုး
နေ့ တိုင်းသောက်နေရတဲ့ဆေးက ရောဂါပဲ
ငါ့အတွက် ငါ့မှာ အဆိပ်တစ်ခုခု ရှိနေသလား
သုညတစ်လုံးဟာ မျက်ရည်ဝဲတက်လာတာ မဆန်းပါဘူး
ဗန်ဂိုးရေးတဲ့ ကားချပ်ထဲက အမည်းစက်ကလေးတွေက ငါပေါ့
မာရေကျောရေနိုင်မှုဟာ သံပတ် မကုန်သေး
နားလည်တယ် ၊ နားမလည်ဘူး ကြားမှာ
ငါ့ရင်ဘတ်တည့်တည့်ထဲ အနန္တသုည၀ါဒတွေ မြုပ်နှံထားပေါ့
ကျေးဇူးတရားဟာ မတရား ကျေးဇူးကြီးလာပေါ့
အမှောင်ဟာ မည်းနေအောင် လင်းလာပေါ့
ငါ ဘာတွေ လုပ်ရမှာလဲ
ငါ့ကို ဘယ်သူက လာနှုတ်ဆက်မှာလဲ
ငါ့နာကျင်မှု ဘယ်သူတွေက သိမှာလဲ
နာကျင်မှုဟာ ကိုယ့်ကို တယုတယ ပွေ့ ဖက်ထားတဲ့အချိန်
ကာ့ဒ်ကိုဘိန်းက အဆိပ်ရှစ်အောင်စ သောက်ခဲ့တာလား
ဘယ်သူ့ ကို စောင့်နေရမှာလဲ
ဘယ်သူ့ အတွက် ငါ့ကိုယ်ငါ ထမ်းထားရမှာလဲ
ပြဿဒါးဟာ ခေးအော့ခ်ခေတ်ထဲ A Cake ကြီး
မေးစရာတွေ တင်းကြမ်းနေပေမယ့်
အဖြေမသိနိုင်တဲ့ မေးခွန်းမျိုးတွေ
ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ
သေချာတဲ့အဖြေက ငါဟာ ၀ိတ်လျော့ရမယ်ဆိုတာပါပဲ ။
၂၀၁၄
ဒီဝသုန်ခက် ၊ ခရက်ရှ်
Labels: