25 March, 2016

လွယ်လွယ်ပဲရတော့ လွယ်လွယ်ပဲ စွန့်ပစ်ခဲ့တယ် နှလုံးသားတိုင်းသည် ကျုးကျော်အိမ်ရာ

သံမှိုနဲ့အရိုက်ခံထားရလည်း နာရတာပဲ
မပြောဖြစ်တဲ့ စကားလုံးတွေလည်း ပေါက်ကွဲခဲ့တာပဲ
ငါ့မှာ ဘာမှမရှိတော့ဘူး ဘေဘီ
သွေးစသွေးန နဲ့ ပင့်ကူအိမ်မျှင်
အပ်ချုပ်စက်အဟောင်းနဲ့ စက္ကူညှပ်ကလစ်
မီးနဲ့အရှို့ခံထားရတဲ့ စီးကရက်
မအောင်မြင်တဲ့ အဆုံးစီရင်မှုနဲ့
ပြီးဆုံးသွားတဲ့ ရထားလက်မှတ်ဖြတ်ပိုင်းများ

အောင်မြင်မှုဆိုတာ ဦးမြင့်အောင်ရဲ့သားပါ ဆိုတဲ့ ဟာသလို
အရေပြားပေါ် အပ်တစ်ချောင်းလာစိုက်သွားတယ်

ငါ့ကို လိုချင်ရင် အသေကောင်ပဲရမယ်
အသေကောင်လိုချင်ရင် ငါ့ကို လာရှာပါ
ငါ့ကိုရှာမတွေ့ခြင်းဟာ အသေကောင်များဆိုင်ရာ
ဘ၀အဓိပ္ပာယ်နဲ့ ဘ၀သစ္စာတို့ ယောက်ယက်ခတ်ရာ။

မင်းတို့ အရိပ်တွေ မင်းတို့အတိတ်တွေနဲ့အတူ
ကျဆုံးပါစေ

ရေချိုးခန်းထဲက ထွက်လာတယ်
ဧည့်ခန်းထဲ ထိုင်နေတဲ့ ဇင်ဆရာတော်က
အပြာကားကြည့်ရင်း ဖီးလ်တက်နေတယ်
မျက်နှာသစ်ဆပ်ပြာမှာ ငါ့မျက်နှာကပ်ကျန်ခဲ့တာ ဘယ်သူမှမသိ
သေတ္တာတစ်လုံးထမ်းပြီး မြို့ထဲထွက်တယ်
"မီးခိုးငွေ့များ"ဆိုတဲ့ ငါ့စာသားတွေ ငါ ပြန်ဖတ်
ဒဿမအကြိမ်မြောက်အဖြစ် ငါ့ကိုယ်ငါ ဟားတိုက်မိတယ်

တကိုယ်လုံးတဆတ်ဆတ်တုန်အောင် ငိုပြီးမှ
ငါ့ကို မုဒိန်းကျင့်သွားကြပါ ဆိုပြီး အကြိမ်ကြိမ်တောင်းဆိုမယ်။

တကယ်က လူတစ်ယောက်ဘ၀ပျက်သွားတာပါ
ဒါကို သူတို့စိတ်ထဲ သစ်ရွက်ကြွေသလို အောက်မေ့ကြတယ်
ရယ်ရတယ် ၊ အရိုးအခေါင်းတွေထဲကကို ငါ ရယ်တယ်။

ကျီးကန်းတွေနဲ့လူတွေ အတူတူပဲ
အရာအားလုံး ဆုံမှတ်တစ်ခုတည်းမှာ မည်းနက်နေကြတယ်။

တကယ့် ငါစစ်စစ်ဟာ
စကားလုံးတွေနောက်မှာ အမြဲရှိနေခဲ့တာ။

ဆံပင်တွေကျွတ်လာသလို
နေ့စွဲတွေ တဖြေးဖြေးကျွတ်လာတယ်။

နာမည်ကို ကွင်းစကွင်းပိတ်ခတ်လိုက်ရင်
အဲဒီလူဟာ သေဆုံးပြီးသားလို့ မှတ်ယူကြတယ်ပေါ့
(ငါ့စိတ်)ကို ကွင်းအထပ်ထပ်ခတ်မိတယ်။

သစ်ရွက်တွေ တအားကြွေတာပဲ
အစိမ်းတွေ မဟုတ်ဘူး ၊ အသေတွေ

တစ်ခါတစ်ရံမှာ အကွာအဝေးတွေကို ဖန်ဆင်းပစ်ဖို့
ရှိသမျှ တံတားတွေကို ငါ ဖျက်စီးပစ်ခဲ့ရတယ်။

နောက်ဆုံးပေါ် ဖျော်ဖြေရေးအဖြစ်
လူမိန်းမနဲ့ လူယောက်ျား တို့
ခန္ဓာကိုယ်ချင်း ပေါက်တမ်းကစားကြပြန်ပြီ
ပြီးမှ တစ်ယောက်အသားကို တစ်ယောက်က ဖဲ့လှီးဝါးမြို
"ငါ နင့်ကို အရမ်းချစ်တာပဲဟာ ဒါကို နင်သိလား"
တစ်ယောက်နှုတ်ခမ်း တစ်ယောက်က ဓါးနဲ့မွှန်းပြီး
အိပ်ရာဝင်သွားကြတယ်

ငါ ဘယ်တော့မှ မသေဆုံးတော့ဘူးဆိုတဲ့
သက်တော်ရှည် ဇော်ဂျီတစ်ကောင်လည်း
ချီးကားတိုက်သေဆုံးသွားပါတယ် ။

ဒီဝသုန်ခက်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home