အချစ်ဖွဲ့

ဓားထက် ထက်တဲ့အရောင်တွေ
ဓားပေါ်ပြန်ကျသလို
ပျော်တယ်။

ကဗျာတွေ ကဗျာလို ကဗျာအပြည့်
ကဗျာဆရာတွေ ရွတ်ဆိုကြ
ညက
ခဏ ခဏ ရစ်ကြည့်ရတာလည်း
မ၀ဘူး။

ကြယ်တွေကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်ပြီး
တစ်ယောက်သွေးတစ်ပေါက် ဖောက်သွင်းထားတဲ့ကဗျာဓာတ်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀။

အင်းရေပြင်ပေါ် စီးကျတဲ့လရောင်
လှိုင်းပုတ်လို့ ငါတို့ဆီ ပြန်လာတဲ့ရနံ့
ခုမြင် ခုရွတ်ကဗျာ
ငါတို့ကကဗျာကို ခုမြင်ခုကြိုက်မဟုတ်ခဲ့။

မယ်ဇယ်ပင်ကြီးတွေ အညှာမလွယ်ကြသလို
တောင်သမန်ကလည်း အကိုင်းမဆတ်ပါဘူး
အားလုံးအိပ်မောကျနေတဲ့ညမှာ
အားလုံး အိပ်မောမကျတာ ကဗျာ
သူတို့
တစ်ယောက်သစ္စာကို တစ်ယောက်
မေတ္တာနဲ့ပေါက်ပြီး ရန်ဖြစ်ချစ် ချစ်နေကြတယ် ။

တိုးနှောင်မိုး
မြားနတ်မောင် ။ ဒီဇင်ဘာ ။ ၂၀၀၂

No comments:

Post a Comment