အဆုံးမဲ့ခရီး

အားလုံးကို ထားပစ်ခဲ့
မီးရထားသံလမ်းအတိုင်းဆက်လျှောက်ခဲ့တယ်
အိတ်ထဲမှာ
အကျက်နှေးတဲ့ ဒဏ်ရာတွေပဲပါရဲ့။

ဟော...တွေ့ပြီ
တွေ့ကြရပြီ
ဒါပေမယ့် ငါ ရှာနေတာ မင်း မဟုတ်ပါဘူး
မင်းရှာနေတာ ငါ ဟုတ်ရဲ့လား
ဒါပေမယ့် ရပါတယ်ကွာ
တို့ဘ၀တွေဟာ သည်လိုချည်းပါပဲ။

နိုဝင်ဘာ
ဒီဇင်ဘာ
အလင်းရောင်နဲ့ လေတိုက်ခတ်မှုအပြောင်းအလဲမှာ
မေတ္တာတရားကို ယုံကြည်ခဲ့ရ
သိပ္ပံနည်းကျကျ အိပ်မက်မက်သူပါ။

အသည်းနှလုံးကိုကာကွယ်ဖို့ရာ
ခန္ဓာကိုယ်ကို ချကျွေးခဲ့ရ
အောက်မေ့သတိရခြင်းများမှ တစ်ပါး
အခြားဘာမျှ မရှိတော့ပြီ ။

မီးရထားသံလမ်းအတိုင်း ဆက်လျှောက်ခဲ့တယ် ။

ပိုင်စိုးဝေ
မဟေသီ ။ ဖေဖော်ဝါရီ ။ ၂၀၀၀

No comments:

Post a Comment