ကျွန်တော်နဲ့ အနေစိမ်းတဲ့တံခါးတစ်ချပ်

အိမ်ကလွမ်းလာတဲ့ အလွမ်းဟာ
သူငယ်ချင်းရဲ့ ကွန်ပျုတာရှေ့ရောက်တော့
စကားလုံးပဲကျန်တော့တယ်
တွေဝေငေးမောမှုအရသာ
စက်ခလုတ်တွေမှာ နားမပါဘူး
နှစ်ဆယ့်တစ်ရာစုကူးတော့မယ်
ကျွန်တော်က ခုထိ ရေမကူးတက်သေးဘူး
တတိယလှိုင်းနဲ့ထပ်တိုးရင်
ပင်လယ်နက်ထဲမျောပါသွားမှာပဲ
ကမ္ဘာရွာကြီးထဲ
ကျွန်တော်က လျှပ်စစ်ကြောက်တယ်။
စကြာဝဠာတံတိုင်းရဲ့
ဟိုးအပြင်ဘက်က ကောင်မလေးကို လွမ်းနေတာပါ
ဂြိုလ်တုတွေနဲ့ ကင်းချထားပေမယ့်
သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့ရဲ့ မေတ္တာဓာတ်နဲ့
နှလုံးသားစာကိုဖတ်ကြမယ်
ဂုမ္ဘာန်တစ်ထောင်စောင့်ကြပ်ထားလဲ
ငါးပါးသီလလုံခြုံစွာ ငါ လှမ်းလာခဲ့ပါ့မယ်
လူတွေကို ဖျက်သိမ်းပြီးနောက်တစ်နေ့မှာပေါ့ ။

ဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ။ ၁၉၉၉

No comments:

Post a Comment