ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ ( ဒီဝသုန်ခက် ။ ခရှက်ရှ် )
ကံစမ်းမဲ မဲလိပ်တွေ နှိုက်နှိုက်မိတိုင်းမှာ
မူးယစ်ဆေးဝါးအကြောင်းပြောတတ်တဲ့ ခွေးတွေအကြောင်း သတိရတယ်
နတ်ဖုရားမတစ်ပါးရဲ့ အမည်နာမတော်မှာ
သစ်ရွက်အသေတွေရဲ့  နုပျိုခြင်းကို စားသုံးတယ်
အီကွေတာနဲ့ ဘယ်လောက်ဝေးလဲ ငါမသိဘူး
ဖွင့်ဖွင့်ချင်း အထဲကမြွေတစ်ကောင် ကားယားကြီးထွက်လာတဲ့
မျက်လှည့်ဆရာရဲ့ သေတ္တာတွေလိုမျိုး ငါတို့ နေပုံထိုင်ပုံက
ကန်းလောင်မှုကို သွေးလွှတ်ခန်းအထိ ဆွဲချလိုက်တယ်
ဂျက်ပင်ထိုးမရတဲ့ အရောင်တွေနဲ့  ငါဟာ ပြောမကောင်းတဲ့ ကောင်
အဆင်မပြေမှုကို အင်္ကျီတစ်ထည်လို ၀တ်ထားတယ်
ရူးသွပ်ခြင်းကို လည်မှာဆွဲထားလိုက်တယ်
တရားသောအားဖြင့် မတရားခြင်းဟာ ကျောမှာကပ်ပါလာတယ်
နေ့ ရက်စွဲ ၊ လရက်စွဲ ၊ နှစ်ရက်စွဲ နဲ့ 
တကလောက် တကလောက် မြည်နေတဲ့ နာရီအော်သံတွေ
ဆာလောင်ပြောင်တင်းခြင်းနဲ့ အတူ ပိန်းပိတ်နံစော်တဲ့ ဆုတံဆိပ်တွေ
ရယ်တီမိတ်တံဆပ်ကပ်မှု နဲ့  အောက်တန်းစား အဘိဓမ္မာများ
ကြည့်လိုက်ရင် အခုပဲ ခွေးကိုက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ မုဒိမ်းကျင့်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ လက်ဆွဲနှုတ်ဆက်လာတာလိုလို
ကြည့်လိုက်ရင် အခုပဲ ပိုက်ဆံကောက်ရလာတာလိုလို နဲ့ 
အားလုံးဟာ အရူးတွေ မိမွေးတိုင်းဖမွေးတိုင်း အရူးများ
ချစ်ခြင်းမေတ္တာ ဒါ ငါ့နောက်ဆုံးမူးယစ်ဆေးပေါ့
မျက်နှာမှာမျက်နှာမရှိတဲ့ တစ္ဆေတစ်ကောင်ရဲ့ နှုတ်ခမ်းတွေ
ငါ တပ်မက်စွာ တစ်ဘ၀လုံး နမ်းရှိုက်ဖက်တွယ်ခဲ့ရပေါ့
ဂီတဟာ ခွေးဝဲစားကို ဘာဂါ ပစ်ကျွေးလိုက်သလို
ငါ တယုတယ အသက်ရှိသမျှ ရှိခိုးခဲ့ရပေါ့
သိပ်ဖြူစင်ရှင်းသန့် တဲ့ အညှီအဟောက်တွေ
ငါ ရိုးသားစွာ လမ်းတစ်လျှောက် စီးနင်းမိပေါ့
ငါ လောကထဲက ဘာမှ မရခဲ့ပါဘူး
ငါ မိမွေးတိုင်းဖမွေးတိုင်း ဘာမှ မသိခဲ့ပါဘူး
တစ်ချိန်တည်းမှာပဲ ငါ ဘာမှ မဟုတ်ပါဘူး
ငါ့မှာ ဘာမှမရှိ ဒါဟာ ငါ့နောက်ဆုံးပိုင်ဆိုင်မှုပဲ
သူလိုကိုယ်လိုတွေကြားထဲ လူလိုသူလို ဘယ်လိုလွင့်မလဲပျံမလဲ
ငါ့အိုးပုတ်လေး ဘယ်သူလုသွားလဲ ယူသွားလဲ
လက်စ်စဘီယံတစ်ကောင်ကို ၀ိုင်းတိုက်ခိုက်သလို
ငါဟာ ပြောမကောင်းတဲ့ အနုမြူဗုံးတစ်လုံး
ငါဟာ အရွေ့ ခံလိုက်ရတဲ့ သုညတစ်လုံး
ငါ့ရဲ့ အနားဘောင်တွေဟာ မီးခိုးမှိုင်းအတိုက်ခံရ
ငါ့ရဲ့ အောက်ဖင်ဆီခံဟာ တံတွေးတွေနဲ့  အဆွတ်ခံရ
ငါ့ရဲ့ သိက္ခာတွေကို အားလုံးက နင်းချေသွားကြ
ငါရဲ့စိတ်ဓာတ်ကို တစ်ဒုန်းဒုန်းနဲ့  ချကြ
ပြန်ကြည့်လိုက်ရင်
ငါဟာ ဘယ်သူမှမလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
အိမ်ရှေ့ အသုဘကားရပ်နေသလိုမျိုး
ခရီးထွက်ခိုက် ဘုရားပန်းအိုးကျကွဲတာမျိုး
ထမင်းပန်းကန်ထဲ ဆံပင်မွှေး ဆူးသလိုမျိုး
ငါဟာ ဘယ်သူမှ မလိုချင်ခဲ့တဲ့ နိမိတ်တစ်ခု
ဒဏ်ရာဆိုတာ အမြင့်ပေဘယ်လောက်ရောက်ရောက်
ပျောက်မသွားနိုင်တဲ့ ပျယ်မသွားနိုင်တဲ့ အနံ့ မျိုး
နေ့ တိုင်းသောက်နေရတဲ့ဆေးက ရောဂါပဲ
ငါ့အတွက် ငါ့မှာ အဆိပ်တစ်ခုခု ရှိနေသလား
သုညတစ်လုံးဟာ မျက်ရည်ဝဲတက်လာတာ မဆန်းပါဘူး
ဗန်ဂိုးရေးတဲ့ ကားချပ်ထဲက အမည်းစက်ကလေးတွေက ငါပေါ့
မာရေကျောရေနိုင်မှုဟာ သံပတ် မကုန်သေး
နားလည်တယ် ၊ နားမလည်ဘူး ကြားမှာ
ငါ့ရင်ဘတ်တည့်တည့်ထဲ အနန္တသုည၀ါဒတွေ မြုပ်နှံထားပေါ့
ရှေ့ တည့်တည့်မှာ မုန်တိုင်းဟာ မွေးဖွားလာပေါ့
ကျေးဇူးတရားဟာ မတရား ကျေးဇူးကြီးလာပေါ့
အမှောင်ဟာ မည်းနေအောင် လင်းလာပေါ့
ငါ ဘာတွေ လုပ်ရမှာလဲ
ငါ့ကို ဘယ်သူက လာနှုတ်ဆက်မှာလဲ
ငါ့နာကျင်မှု ဘယ်သူတွေက သိမှာလဲ
နာကျင်မှုဟာ ကိုယ့်ကို တယုတယ ပွေ့ ဖက်ထားတဲ့အချိန်
ကာ့ဒ်ကိုဘိန်းက အဆိပ်ရှစ်အောင်စ သောက်ခဲ့တာလား
ဘယ်သူ့ ကို စောင့်နေရမှာလဲ
ဘယ်သူ့ အတွက် ငါ့ကိုယ်ငါ ထမ်းထားရမှာလဲ
ပြဿဒါးဟာ ခေးအော့ခ်ခေတ်ထဲ A Cake ကြီး
မေးစရာတွေ တင်းကြမ်းနေပေမယ့်
အဖြေမသိနိုင်တဲ့ မေးခွန်းမျိုးတွေ
ငါတို့ ဟာ စကြ၀ဠာထဲပျောက်ဆုံးနေတဲ့ပါတီကယ်အပိုင်းအစတွေ
သေချာတဲ့အဖြေက ငါဟာ ၀ိတ်လျော့ရမယ်ဆိုတာပါပဲ ။
၂၀၁၄
ဒီဝသုန်ခက် ၊ ခရက်ရှ်
Labels: ဒီဝသုန်ခက်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home