06 June, 2015

မီးခိုးငွေ့များ


ပုံနှိပ်စာလုံးတွေနဲ့ အရည်ဖျော်ထားတဲ့
စာရွက်တွေကိုလှန်တိုင်း
သူမ ရဲ့ သွေးခုန်နှုန်းလေးကို စမ်းမိတယ်

အဝေးပြေးလမ်းမဆိုတာ
အခုခံရခက်ဆုံး တောင်ကုန်းခံတပ်တခုပါ
အသေအပျောက်အများဆုံးကတော့ သက်ပြင်းတွေပါပဲ

ကိုယ့်ရဲ့ မြူနှင်းတွေ တခုလုံးဟာ
သူမဆီက ပြန်လာတဲ့ စာတစောင်အောက်မှာ
သဘာဝကျစွာ ရုပ်ထုတခု ဖြစ်သွားပြန်
မြေပေါ်ကို တခါပြန်လာဦးမယ်တဲ့

လွမ်းနေတဲ့အချိန်ဆို
နှစ်ယောက်လုံး လကို သေနတ်နဲ့ ချိန်ပစ်လိုက်ကြတယ်

"အချစ် ကိုယ်တို့ ဘယ်နေရာရောက်နေတာလည်း"လို့
ကျနော် က မေးတော့
"စစ်ပွဲထဲမှာ" လို့ သူက ပြန်ဖြေတယ်

မရည်ရွယ်ပါဘူး
ခတ္တာပန်းတွေနဲ့ ပင်လယ်ဝေခြင်းမှာ
"ငါတို့ အတူတူရှိနေကြမယ်နော်"လို့ ပြောပြီး
ပင်လယ်ထဲကို [ပန်းချီကား ထဲက အတိုင်း] ခုန်ချလိုက်တယ်

လမ်းမပေါ်က ခြေသံတွေ ကုန်သွားတဲ့ အခါမှာ
ညဟာ အောင်မြင်စွာ ရှင်သန်ထမြောက်လာခဲ့ရ
သေဆုံးခါစ ဝိညာဉ်တွေ အပြေးအလွှားပဲ
"ကောင်းကင်ဘုံ ဘယ်မှာလည်း။ ကောင်းကင်ဘုံ ဘယ်မှာလည်း" လို့ ကမူးရှူးထိုးမေးကြ
"ဒါက ငါ့တို့ နှစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာလေ"လို့ ဖြေမိတယ်
သူတို့ နားမလည်ကြဘူး

ဝိညာဉ်တွေက ပြန်ပြောတယ်
"ငါ မေးတဲ့ မေးခွန်းကို မင်းနားမလည်ဘူး"'
ကိုယ်က ပြန်ပြောလိုက်တယ်
"မင်းတို့ ချစ်ခြင်းမေတ္တာ ကို နားမလည်ကြဘူး"

မနက်ခင်းလင်းပြီတဲ့လား
အနမ်းမပေးရသေးပါဘူး
နှုတ်ဆက်စကားမဆိုရသေးပါဘူး
ပုံရိပ်တွေရောဂါဖြစ်
"တနင်္လာနေ့မှ အစ"ဆိုတဲ့ ဂါထာကို ရွတ်ဆို
ဘဝရဲ့ အိမ်လေးမှာ ဓါတ်တူနံတူ ဘုရားကို ပူဇော်ရဦးမယ်

နွေဦးဟာ နောက်ကျမယ့် အကြောင်း
ကြေးနန်းပါးပါတယ်

နောက်ဘဝဆိုတာ မသေချာမှတော့
သစ်ပင်တွေရဲ့ သဘောထားကို မစူးစမ်းတော့ပါဘူး

လေထဲက စွန်တွေ
လေထဲကို ပြန်ရောက်လာပါလိမ့်မယ်

ဒီဝသုန်ခက်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home