28 February, 2017

ယဇ်ပူဇော်ပွဲ

ကမ္ဘာဦးက
လူရိုင်းခေတ်အစ၊ မိမိဆန္ဒ
ပြည့်ဝစေရန်၊ တိရစ္ဆာန်များ
သတ်ဖြတ်စားသောက်၊ ညလုံးပေါက်က
ခုန်ကြွမြူးပျော်၊ တေးဆိုအော်ဟစ်
ယဇ်ပူဇော်ပွဲ။
ဗုံသံနှဲသံ
ဆူညံပသ၊ သမိုင်းအစ
အစဉ်အလာများ၊ တိုးပွားလာခဲ့
ယနေ့ခေတ်မှာ၊ သည်သမိုင်းပါပဲ
မိမိဆန္ဒ၊ ဖြည့်ရာစနစ်
စစ်ပွဲများစွာ၊ ဖြေရှင်းရာပါပဲ
ယဇ်ပူဇော်ပွဲပဲမဟုတ်ပါလား။
ငါ၏ဒဿနမှာ
ငြိမ်းချမ်းရေးမှ၊ စီးဖြာကျလာ
အချစ်ငြိမ်းချမ်းရေး၊ ယဉ်ကျေးလှပ
ကမ္ဘာ့ငြိမ်းချမ်းရေးမဟုတ်ပါလား။ ။

ဒဂုန်တာရာ

Labels:

မိုးသစ်​တိမ်

မိုးသစ်​တိမ်​က​လေး​ရေ
မင်းနဲ့ငါ တစ်​​ယောက်​ကိုတစ်​​ယောက်
မရိုးခဲ့ကြဘူး ။
မိုးသစ်​တိမ်​က​လေး​ရေ
မင်းနှလုံးသား စီးဆင်းရာဆီ ငါလာခဲ့ပါတယ်​ ။
မင်းလည်းပဲ ငါ့နှလုံးသား စီးဆင်းရာဆီ လာခဲ့ပါတယ်
မတည်​ငြိမ်​တဲ့ အချိန်​​ထဲမှာ
ငါတို့​တွေ အိမ်​ရာဖွဲ့မိခဲ့ကြတယ်​ ။
မိုးသစ်​တိမ်​က​လေး​ရေ
မင်းနဲ့ငါနဲ့ တစ်​ခုမှ မ​တောင့်​တ​တော့
နှစ်​ခုရတယ်
တစ်​ခု​လောက်​ ​တောင့်​တမိတဲ့အခါကြ​တော့
တစ်​ခုမှ မရခဲ့ကြဘူး​လေ ။ ။

မောင်​​ချောနွယ်
Mandalay ICON
သြဂုတ်​ ၊ ၂၀၁၁

Labels:

25 February, 2017

မိမိကိုယ်ကိုယ်ကျိန်ဆဲခြင်း

ဆောင်းဝင်တိုင်း သေနတ်မောင်းကို ဆုမတောင်းပဲဆွဲခဲ့တယ် နေ့စဉ်
ထွက်နေကျ နှပ်ချေးတွေလို သိစိတ်မဲ့ ယိုစီးခြင်းထဲ အိပ်ရာထ
ကော်ဖီသောက်တာကနေ အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်ချိန်အထိ
ဘယ်အရသာမှ ဘဝတည့်တည့် မထိခဲ့သလို အိမ်မြောင်တစ်ကောင်
အမြီးပြတ်သွားတာကြည့်ပြီး ဝမ်းသာကြည့်လိုက်ပါလား ခဲတံ
ချွန်စက်တစ်လုံးလို မြင်မြင်သမျှအရာတိုင်း တတိတိလှိုက်စား ဘာသာ
တရား လူမှုဆက်ဆံရေးနယ်ပယ် ဖာ့ခ်ဆိုတဲ့စာလုံးရေ ၂၀၀၀ပါတဲ့
စာအုပ်တစ်အုပ်ဝယ်ဖတ် ပြီး နှုတ်ခမ်းကို တွန့်ခနဲကွေး ပြုံးပြ သူပြုံးနေသည်
အကြွေးယူတော့မည်ဆိုတဲ့ နံရံကိုလည်း ပြုံးပြ နားတွေ နားတွေ ဖွားခနဲ
လွင့်စင်ထွက်လာသော အယုတ်တမာသုက်သွေးတွေနဲ့ မိသားစု
ဂရာဖစ်တီရေး ခြစ်ချလိုက်တဲ့နောက် အမျှင်တန်း ထွက်ကျလာရာ
သွေးစိမ်းရှင်ရှင်များ ပုပ်ပွနေတဲ့ အလောင်းကောင်မျက်နှာ ရွှင်ပျ
လန်းဆန်း တစ်လုံးသောက်ပြီး ဖြစ်တည်မှုပါ ပျောက်သွားတဲ့ ငှက်လို
လေဟုန်ခွင်း အိမ်အပြန် မူးရူးပေတေ တနင်္ဂနွေညများထဲက လူသား
တစ်ယောက်ယောက်ဟာ မီးပုံးပျံတစ်လုံးလို ပျံတက်မသွားချင်တော့ဘူး
လေယာဉ်ပျက်ကျသလိုပဲ ပျက်ကျချင်နေခဲ့တယ် အမြဲတမ်း ။ ။

ဆစ်ခ်
ဇန်နဝါရီ၊ ၂၀၁၆

Labels:

သတိရခြင်း

ဖတ်ပြီးသား မဂ္ဂဇင်းတွေ
ပြန်ဖတ်မယ်
ကြည့်ပြီးသား မင်းဓာတ်ပုံကို
ပြန်ကြည့်မယ်
အလွမ်းဟာ စက်ဝိုင်းတစ်လျှောက်
ဒီနေရာကိုပဲ ပြန်ရောက်ရဲ့
လေတိုက်ခတ်နေပုံဟာ ဟိုအရင်
ဆယ်နှစ်ကျော်ကလိုပဲ ခံစားချက်
ကင်းမဲ့သူကို
အဓိပ္ပာယ်မဲ့စေသလို
ခံစားတတ်သူတွေကို ဆွတ်ပျံ့
လှိုက်မောစေခဲ့
ငါ ရှုံးခဲ့တယ်
ငါရှုံးခဲ့တဲ့ အရှုံးကို ပြန်နွှေးမယ်
နွေးလာရင် ညစာစားမယ်
အသံတွေ အားလုံး
တိတ်ဆိတ်သွားရင်လေ
ငါတို့အတူ မော့ကြည့်ဖူးတဲ့
လမင်းကို မော့ကြည့်မယ်
ငါတစ်ယောက်တည်း ။ ။

နေမျိုး‬

Labels:

သွားထပ်ကလေးရဲ့ ဓမ္မ

ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းလို့မမိရာက စ,တာပဲ ။
ဝိဇ္ဇာလား မဂ္ဂလား ဆာတိုရီလား Enlightment လား ။
အလင်းရောင်နည်းနည်းလိုတယ် ။
အကြည်ဓာတ်နည်းနည်းလိုတယ် ။
ရှေ့ကဖြစ်ပျက် နောက်ကမဂ် နည်းနည်းလိုတယ် ။
မျက်စိထဲ အမှောင်ထုကြီးပဲ မြင်မြင်နေရ ။
ကိုယ် မင်းကိုချစ်တယ်(ဝါ)ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတာက ဒုက္ခသစ္စာ ။
ကိုယ့်ကိုပြန်ချစ်ပါ(ဝါ)မင်းမရှိလို့မဖြစ်ဘူးဆိုတာက သမုဒယသစ္စာ ။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ မင်းရဲ့အချစ်နဲ့ ကိုယ့်ကိုပြု ပြင်ပါ စီရင်ပါ ဖန်တီးပါ
ဥပါဒါန ပစ္စယာ ဘဝေါ ။
ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တယ်လို့ ထပ်ပြောပါ ။
ရှုကွင်းရှုကွက်မှာ ကြည်ပြာရောင်သွားထပ်ကလေး ပါလာတာကလည်း
တစ်သံသရာလုံးတွက်နေရတဲ့ပုစ္ဆာပဲ ။
ကံကြောင့်ဆုံတွေ့ရတဲ့ဘဝမှာ ကံကွဲမကွဲခင်
ဉာဏ်နဲ့ကြို ခွဲပြီးနေတတ်ရမယ်ဆိုတာကလည်း
ဖြေရှင်းရခက်တဲ့ ပြဿ နာပဲ ။
ဒုက္ခဆင်းရဲအပေါင်း၏ ချစ်ခြင်းအမွန်အစ
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဆိုပေမယ့်
မင်းအသံကြားယောင်တိုင်း အိပ်ယာကလန့်လန့်နိုးတတ်တဲ့ ဝေဒနာ ။
ကိုယ့်အိမ်မက်ထဲကို ယိုစီးပါ ။
ကိုယ့်ဘဝထဲကို စိမ့်ဝင်ပါ ။
ကိုယ့်အနာဂတ်တွေကို ဖွဲ့စည်းပါကွဲ့
ချစ်လှစွာသော ရေဓာတ်မလေး ။
ဖြည်းဖြည်းနှေးနှေး ရှုသွင်းမိလိုက်တဲ့ လေထုထဲက ဓါတ်ကြီးလေးပါးအစုအပေါင်း
ကိုယ့်ဘဝသစ်ထဲမှာ
မင်းကိုစွဲလမ်းမှု ထပ်ထည့်ပေါင်းပေးပါ ။
ပစ္စု ပ္ပါန်အကြောင်းရဲ့ထောက်ပံ့မှုနဲ့ အနာဂတ်
အကျိုးတစ်လွှာ
ကိုယ့်ကို အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်းထဲ ပစ်ချပါ ။
အိုနာသေခြင်း ဆင်းရဲတွင်းထဲ ပစ်သွင်းပါ ။
ဇာတိအစ မရဏအဆုံး မင်းရဲ့အပြုံးမှာ အကြိမ်ကြိမ် လူဖြစ်ရှုံးစေပါ ။
ဝေဒနာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဥပါဒါနံ
အဖန်ဖန်အထပ်ထပ် ပွားများဆင်ခြင်ရဦးမယ့်
တရား ။
အရထူးတဲ့ဘဝမှာ အရူးထနေမိတဲ့ လူသားအတွက်
မင်းရဲ့ သွားထပ်ကလေးပဲပေးပါ ။
ကိုယ်က မင်းကို သံသရာတစ်ခုလုံး
ပြန်ပေးပါ့မယ် ။ ။

ဆစ်ခ်
17.4.2014
Ref : ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်

Labels:

စိတ်နာတေး

မင်းအသံကို ငါကြားတဲ့အခါ
နားရွက်တွေကို ဆောင့်ပိတ်ပစ်မယ်။
မင်းမျက်နှာကို ငါမြင်တဲ့အခါ
မျက်လုံးတွေကို မောင်းထုတ်ပစ်မယ်။
ငါဟာ
ယောင်္ကျားတစ်ယောက်ရဲ့ အစမ်းစီးခံရတဲ့
ဖိနပ်တစ်ရန်ပဲ။
ငါက
သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကို
ပိုးမွေးသလို မွေးတယ်။
မင်းက
အပျော်အပြက်နဲ့ ချစ်ခြင်းမေတ္တာကို
ရွှေဆွဲကြိုးလို ဆွဲတယ်။
ငါ့အချစ်ကိုသတ်ပြီး
ငါ့ဘဝကို ခုတ်ပါ။
ငါ့သီချင်းကို ယူပြီး
တခြားရင်ခွင်မှာ ဆိုပါ။
သစ္စာမဲ့တဲ့လျှာတစ်ချောင်းရဲ့ လက်ခုပ်မှာ
စိတ်က
သိုးတစ်ကောင်လို မသိမ်မွေ့ချင်တော့ဘူး။
မီးသီးကွဲသလိုပေါ့
ဒီတစ်ခါ ခွဲခွာခြင်းဟာ
ဘယ်တော့မှ ပြန်ဆက်စပ်လို့မရတဲ့
အပိုင်းအစ အမှုန့်တွေအဖြစ်နဲ့သာ။ ။

ဥတ္တရာအောင်

Labels:

အချစ်ကဗျာ

အဖြူ အမည်း ရုပ်ရှင်တွေထဲမှာတော့
အနာဂတ်အကြောင်း စိတ်ကူးယဉ်ခန်းကို
ကာလာရောင်စုံနဲ့ မပြကြဘူး ။
မင်းအတွက် ငါ
ပေးသမျှအရာအားလုံးရဲ့
တစ်ဝက်ဟာ ပျော်ရွှင်မှုတွေဖြစ်ပြီး
ကျန်တဲ့ တစ်ဝက်ကတော့
" ငါစင်စစ် " တွေပဲဖြစ်တယ် ။
မြက်ခင်းစိမ်းတွေရဲ့
အခြားသော အရပ်မှာ
" ပို၍စိမ်းလန်းသော " ဟာ အရောင်အဝါ
တစ်ခုခုနဲ့ ရောက်နှင့်နေမှာပဲ ။
ချားရဟတ်ပေါ်က ငါတို့
အတူတူ ဆင်းလိုက်ကြတယ် ။
ဆုတောင်းတွေ
ဆက်လည်ပတ်နေပါလိမ့်မယ် ။ ။

ဏေသစ်

Labels:

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုး ခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေဝေပုံကလည်း
အဖူးပေါ် အညွှန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ် ။
သားလေ
သူ့ကိုယ်ပိုင် အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျ မိတယ် ။
အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ ။
ဆုံးရှုံးမှု သစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ် ။
အမေမသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့ ။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ ။
အမေရယ်
တခြားသူတွေ အတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ ။
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။
သားရဲ့ ' ဘီး ' ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှ င်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနာ် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာ တစ်ယောက်ပါ ။
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့ လူလည်းပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ
ပြို လဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့
မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချို ရည် ကျန်သေးတယ်
အို...
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။
ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်
ပါအောင်ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ် ။
ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့ ။
ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။

မောင်ချောနွယ်

Labels:

အခြားအရာများ

"ဥယျာဉ်​ကို ပျိုးထောင်​ခြင်းဆိုတာ မနက်ဖြန်ကို ယုံကြည်ခြင်းပဲ" - အမန်နာ ကိုလိုနီ ၊ အိုင်အိုးဝါး ၊ စက်တင်ဘာ ၁၄။
ပန်းအိုးထဲ စိုက်ပြီးသား အပင်​ကို ဝယ်လာခြင်း​ဆိုတာ အယုံအကြည်မရှိခြင်းနဲ့ လိုအပ်ချက်ရှိခြင်း နှစ်​ခုလုံးကို ဝန်ခံခြင်းပဲ။ နေ့တိုင်းဖြစ်ဖြစ်၊ သတိရတဲ့ တစ်ခါတစ်ခါ ဖြစ်ဖြစ် ရေထလောင်းပြီး အရွက်တွေ ငိုက်စိုက်ကျလာတာဟာ သူ့ဟာနဲ့ သူ​တော့ အချစ်နဲ့ နီးစပ်တာပဲ။
အခြားအရာများ ဆိုတာ အခြားအရာများ ကို ဆိုလိုတာ။
မီးချောင်းကို ဖွင့်လိုက်တယ်​ဆိုတာ အမှောင်နဲ့ အိပ်စက်ခြင်းကို ဗီရိုတစ်လုံးထဲ အတူ ထည့်ဖွက်လိုက်ခြင်းပဲ၊ တိတ်ဆိတ်မှု၊ လိုအင်ဆန္ဒ နဲ့ အတိတ်​ဥပါဒါန်​တွေနဲ့ အတူတူပေါ့။ စာအုပ်ကို ဖတ်ခြင်းဆိုတာဟာ အထီးတည်းဖြစ်မှု နှစ်ခုကို လက်ထပ်ယူခြင်း၊ စကား​တွေ တိတ်​သွားကြ ပြန်​​ပြောကြဖြစ်​​နေပုံ ၊ စကားလုံး ကင်းမဲ့မှုအတွက်​ ပြင်​ဆင်​တဲ့ စကားလုံး​တွေ ၊ ​သူ ကိုယ်​တိုင်ရဲ့ လစ်​ဟာ​နေမှုအတွက်​ တိမ်​တိုက်​ ၊ ​နွေဦး​ပေါက်​တစ်​ခုအတွက်​ အဝတ်​အစား​တွေ ဗလာကျင်းလိုက်​တဲ့ နှင်း​တွေ။
အိပ်​ခန်းဟာ မင်းထားရစ်​ခဲ့တဲ့ ​နေရာမှာပဲ ၊ အိပ်​ရာခင်းရဲ့ အတွန့်​အ​လိပ်​​​တွေဟာ မင်းရဲ့ ​ကောက်​​ကြောင်းနဲ့ ​လောကအမြင်​ကို မျှ​ဝေခြင်းမရှိ​တော့​ပေမယ့်​ပေါ့ ။ ဒီအတိုင်းဆို သူတို့ဟာ မင်း ဘယ်​တုန်းကမှ အချိန်​မ​ပေးနိုင်​ခဲ့တဲ့ က​လေး​တွေလိုပဲ။
ဟင်းအိုး​တွေဟာ ​ခက်​ခဲတဲ့ မေးခွန်း​တွေ ​မေး​တယ်​။ ဘာ​တွေ ​လောင်​ကျွမ်းမှာလဲ ပြီး​တော့ ဘယ်​​လောက်​ကြာလဲ ပြီး​တော့ ဘာအတွက်​လဲ။
တီဗီဟာ မ​ကောင်းဆိုးရွားဆီက လာတယ်​၊ လာချင်​သလို လာ၊ ပြန်​ချင်​သလို ပြန်​တဲ့ နတ်​ဘုရားဆီကလာတဲ့ မ​ကောင်းဆိုးရွား​။ ရီမုကွန်​ထရိုး​ကို သူများ​အိမ်​မှာ ဖွက်​သိမ်းထားခြင်းဟာ မ​ကောင်းမှု ဖြစ်​တာ ​သေချာတယ်​ ။ ဒါ​ပေမဲ့ အိမ်​ကို သူများ ထီး မှား​ယူလာတာက​တော့ လူဆန်​တယ်​ ဆိုရုံ​လောက်​ပါပဲ။
မင်းကို သ​​ရော်​​စော်​ကားဖို့ဆိုရင်​ ဖုန်းဟာ ဖြူ လွန်းတယ်​။ မင်း ပိတ်​ခဲ့တဲ့ တံခါးလည်း ပိတ်​​နေမြဲပဲ။ မင်း ဘာကိုပဲ ယုံယုံ ၊ညဟာ မနက်​ဖြန်​အတွက်​ အ​ကြောင်းပြချက်​ အလုံအ​လောက်​ နဲ့။
မှတ်​ထားပါ။ ကပွဲ ပြီးတဲ့ အခါ ကား​သော့​တွေ အဆင်​သင့်​ ရှိ​နေမယ်​ဆိုတာ။ နံရံ​တွေဟာ ငြိမ်းချမ်း​ရေးကို အကွာအ​ဝေးနဲ့ အမျှ ထိန်းသိမ်းထားမှာ။ မျက်​ရည်​​တွေအတွက်​​တော့ ​ရေ​နွေးကရား​တွေဟာ အ​ကြောင်းပြချက်​ မလုံ​လောက်​ဘူး။
မှန်​​တွေအတွက်​ အ​ဖြေမှန်​က​တော့ အမြဲတမ်း " ဟုတ်​ကဲ့ " ပဲ။

- အယ်​လ်​ဗင်​ပန်​ဂ်
[ဘာသာပြန်​ - ​ဏေသစ်​ ]
Alvin Pang ရဲ့ " Other Things "

Labels: ,

24 February, 2017

ပြန်ဆုံကြမလား

ဟော ငှက် တစ်ကောင်စ နှစ်ကောင်စ
ပျံသန်းဖို့ ကောင်းကင်ရှာနေတာ တွေ့တယ်
လူတွေ လွတ်လမ်း ရှာနေသလို
တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာတယ်
လူတွေလို သူတို့လည်း လွတ်လပ်မှု ပျောက်ဆုံးနေပုံ
ငါတို့ပြန်သွားခဲ့ကြပြီလို့
တောတောင်ရေမြေ ကို နှုတ်​ဆက်​စကား ဆိုမိတယ်
ပြီးတော့မှ အုပ်လိုက်ကြီး တိမ်တွေလို အထီးကျန်
အချိန်တွေဟာ ငါတို့မပါဘဲ ဆက်သွားတယ်
မိုးအထိ ထိုးတက်လာနေတဲ့ အဆောက်အဦတွေ
ကိုယ်မနေဖူးတဲ့ ကမ္ဘာကိုလည်း နှုတ်ဆက်လိုက်ပါတယ်
ဒီတစ်ခါ စောစောကလို ငှက်တွေလည်း မတွေ့ပြန်ဘူး
လမ်းမှာ တစ်စုံတစ်ယောက်နဲ့ ဆုံတယ်
သူသွားမယ့်နေရာက ငါထွက်ခွာလာရာဆီပဲ
ကဲ ဘယ့်နှယ်လုပ်မလဲ ငါ ဘယ်သွားမှာလဲ
မပြောဘဲ ထွက်ပြေးလာခဲ့တယ်လို့
နောက် တစ်ယောက်ယောက်နဲ့ ဆုံရင် ပြောရမယ်
ဒီလိုဆို စောစောက ငှက်တွေနဲ့ ပြန်ဆုံမလား။။

မိုးဝေး
ဇန်​န၀ါရီ ၂၀၁၇

Labels:

23 February, 2017

ခေါင်းစဉ်ကိုလိုက်ရှာနေတဲ့ကဗျာ

အရာရာတိုင်းကို
အကောင်းမြင်စိတ်နဲ့တွေးခေါ်ဖို့
ငါ့မှာ အမှောင်တွေပဲရှိတယ်။

လူတစ်ယောက်ဘာကိုမှ
မယုံတော့တာဆန်းသလား။
(အဲဒီလူဟာ ငါမဟုတ်ဘူးလို့်
မသေချာဘူး။)

ဝင်ရိုးစွန်းဒေသ
မီးတောင်ပေါက်ကွဲမှုအတွက်
ဘယ်သူ့မှာတာဝန်ရှိသလဲ။

ရုတ်တရက် ဒုံးပျံကြီးတွေ
ရုတ်တရက် အချစ်စိတ်တွေ
ရုတ်တရက် အနုပညာတွေ
ပြီးတော့
မှတ်ဥာဏ်မှာ တဖျတ်ဖျတ်လက်နေတဲ့
ဟောင်းလောင်းပေါက်တွေ။

ခေတ်ကိုဒိုးယိုပေါက်
တွေ့မြင်ရဖို့
လင်းနို့တွေကမှ ရေဒါရှိဦးမယ်။

ယနေ့ကမ္ဘာကြီးမှာ
လူပြောများလှတဲ့ကြော်ငြာတစ်ခုက
“စစ်မှန်သောပျော်ရွှင်မှုကို
ငွေနဲ့ဝယ်ယူရရှိနိုင်ပါပြီ”တဲ့ . . .။
ဒါဖြင့် ငါတို့က
ဒင်္ဂါးသံတချွင်ချွင်နဲ့ ကမ္ဘာ့ကြီးထဲ
မမှားသောရှေ့နေတွေ၊
မသေသောဆေးသမားတွေအဖြစ်
မျိုးပွားကြရုံပေါ့။

ပျံလွှားငှက်တစ်ကောင်ထဲနဲ့
နွေဦးမပေါက်နိုင်မှန်း
အခုတော့သိပါပြီ။ ။

ဝေမှူးသွင်

Labels:

"ညီမလေး"ဓမ္မဓိဋ္ဌာန်

(မေးခွန်း)
၁။ ညီမလေးဆိုသည်မှာ ကျွန်တော်နှင့် ဘာမျှမတော်စပ်သောအရင်းနှီးဆုံး (........) တစ်ယောက်ဖြစ်ပါသည်။
၂။ ညီမလေး၏ နှုတ်ခမ်း၌ (........) ရှိပါသည်။
၃။ ညီမလေး၏ လက်ယာဘက်တံတောင်ဆစ်မှ အမှတ်ကလေးသည် (........) ဖြစ်ပါသည်။
၎။ တစ်ခုသော ညတစ်ည၌၊ ကြယ်ကြွေရှုခင်းကို မှင်သက်ငေးမောရင်း ညီမလေးသည် (........) ကို မေ့သွားပါသည်။
၅။ ကျွန်တော့်မှာတော့ အိမ်တံစက်မြိတ်မှ စီးကျလာသော မိုးရေစက်များကို (........) ဖြင့် ခံယူရင်း အဖြေရှာခက်ခဲခဲ့ပါသည်။
၆။ ဒီဘ၀၌ ညီမလေး ကျွန်တော့်ကို ရှင်ကွဲခွဲခဲ့သည်မှာ နှစ်ပေါင်း (........) ရှိခဲ့ပါပြီ။
၇။ ဆေးလိပ်ဖြတ်တိုင်း မအောင်မြင်သူသည် (.........) ဘာသာဗေဒကို နားလည်ခံစားတတ်ဆုံးဖြစ်ကြောင်း ညီမလေးသိသင့်ပါသည်။
၈။ (........) ၌ ရေးထားသော ညီမလေး၏နာမည်ကို သတိရတိုင်း လက်သီးဖြင့် ထိုးမိပါသည်။
၉။ အမှတ်တမဲ့ပြန်ဆုံကြသောတစ်နေ့၌ .. တစ်ယောက်နှင့်တစ်ယောက် မမြင်ချင်ဟန်ဆောင်ကြသောကြောင့် ညီမလေးနှင့် ကျွန်တော် (........) ၌ ပြန်ဆုံလျှင် မှတ်မိနိုင်ကြမည်လား။
၁၀။ မည်သို့ပင်ဖြစ်စေ ညီမလေး (........) ငြိမ်းချမ်းပျော်ရွှင်သာယာချမ်းမြေ့ပါစေဟု ကျွန်တော်ဆုတောင်းပေးနေပါသည်။

(အဖြေ)
၁။ သူစိမ်း၊ ၂။ ဗွေ၊ ၃။ မာန်ထက်သာ၊ ၄။ အတိတ်၊ ၅။ ပါးပြင်၊ ၆။ ငါးရာ၊ ၇။သံယောဇဉ်၊ ၈။ နံရံ၊ ၉။ နောက်ဘ၀၊ ၁၀။ ထာဝရ

မာန်ထက်သာ
Beauty ,March,2013

Labels:

မုတ်သုံ

ပင်လယ်ဆီက
လုယူခဲ့တဲ့နှင်းဆီနက်တွေပါ
အသိရခက်လိုက်ပုံများ
တမ်းတရတော့လည်း ဒီရနံ့
ကြေကွဲရတော့လည်း ဒီရနံ့
မက်မောရတော့လည်း ဒီရနံ့
ခရီးတွေဆန့်
နေရာနှံ့အောင်ကြဲဖြန့်ပြီးခါမှ
တသသ လွမ်းနေရပြန်တော့
မုန်တိုင်းဟန်ဆောင်ပြီး
ပင်လယ်ကိုပဲ လှိုင်းထန်အောင်
ပြန်ပြန်ရန်စမိတယ်လေ။ ။

စန်းဦး

Labels:

ကိုယ့်နှလုံးသား ဘယ်အခြေအနေ

အရင်နေ့တွေလိုပဲ
လက်လှုပ်ခဲ့၊ ပါးစပ်လှုပ်ခဲ့
နှလုံးလှုပ်နေတာ လူမသေဖို့သက်သက်ပဲလား။
တနင်္ဂနွေပြီး တနလာၤ၊ တနလာၤၿပီး အဂၤ ါ
အချိန်မရှိဘူး မအားဘူးပြောတာ ပြန်စဉ်းစား
ကိုယ့်အကြောင်း ကမ္ဘာအကြောင်း ပြန်စဉ်းစား
လူတွေ အုပ်စုဖွဲ့၊
တိုင်းပြည်တွေ နိုင်ငံတွေ ထူထောင်
ခေတ်တွေ အဆက်ဆက် ရွေ့လျားလာခဲ့ပုံ
ထို့နောက် .. ယခု သင်ပါဝင်လာခဲ့ပုံ ။
တိမ်တွေ တရွေ့ရွေ့ပါဝင်
ကြယ်တွေ ပြိုးပြိုးပြက်ပြက်
လမ်းတွေ ရှည်ထွက်လာ
လူတွေ ပျားပန်းခတ်မျှ ပါဝင်လှုပ်ရှား
စက်တွေ ကွန်ပျူတာတွေ ကြားကဖြတ်လာရတာ
ကိုယ့်နှလုံးသား ဘယ်မှာ ကျကျန်ခဲ့ပါလိမ့်။
ငယ်ငယ်တုန်းက ပုံပြင်တွေ နားထောင်ပြီး
စွဲလမ်းခဲ့သလို
ကမ္ဘာကို ကိုယ်ပြန်စွဲလမ်းဖို့
လိုအပ်နေခဲ့တယ်။
တနင်္ဂနွေမှ စနေထိတိုင် ။

ထွန်းဝေမြင့်
၂၀၀၅၊ ဇွန် ၊ Heart Magazine

Labels:

တနင်္ဂနွေမှာ ငါ့လက်တွေ ထရမ်းပက်မှုတ်လိုက်ရ

ဘယ်လိုနည်းနဲ့တွက်တွက်
ဂီတဆိုတာ ပုံသေနည်းတစ်ခုရဲ့ သချာင်္ပဲ
တစ်ခါထက်ပိုပြောရင် မမှတ်မိဘူးဆိုတဲ့ ထိုးကွင်းမင်ကြောင်ထိုးသူ
သူ့လက်ရာကို အရေခွံခွာပစ်ရင်း အရေပြားပေါ် အရုပ်ရေး
အရွေ့အတိုင်း ငေးလိုက်ရ
တော်ပြီ
အော်ပရာဆိုတာ ကြော်ငြာစရာမှမဟုတ်ပဲ
ရာသီဥတုက ချစ်ခင်မှု ခေါင်းပါးနေချိန်မှာ
ဘဝနဲ့ အရက်ကို ငါ့ခွက်ထဲမှာ ရေထည့်ပြီး
ရင်ဘတ်ထဲ ရေသွန်ပစ်နေတဲ့ ရေတံခွန်
မိုးရေနဲ့ ဖျော်ထားတဲ့ ကော်ဖီကိုသောက်ရင်း
မေ့နေတဲ့ ကိုယ့်နာမည်ကို ပြန်လည်တွေ့ခဲ့ရ
ကျွန်တော်ဟာ ၃မိနစ်ထက် ပိုမပြောရတဲ့ အူကြောင်ကြားပဲ
ဘဝနဲ့ ရိုက်တဲ့ ရုပ်ရှင်မပြီးခင်မှာ
မီးခလုတ်ဆိုတာ ခုပိတ်ခုဖွင့်လို့ရတဲ့ မြစ်မဟုတ်ဘူး
သူ့အရိုးအတိုင်း အရွက်တွေ အရိပ်လို ရှည်လျားပြီး
စကားလုံးမပါတဲ့ ပြဇာတ်ရဲ့တစ်နေ့တာ စီးဆင်းမှုမှာ
ဆားမပါတဲ့ ငါဟာ ဘာနဲ့ချက်ထားတဲ့ ဟင်းတစ်ခွက်လဲ
ငွေကြေးက ငါ့ကို ဘာနဲ့ မျှား မျှား
ငါက ငါးတစ်ကောင်မဟုတ်လို့ မဟပ်မိခဲ့
မနက်ဖြန်ရဲ့ လက်ဖျံရိုးအထိ
မိုးခိုနေတဲ့ ငါ့ကဗျာမှာ ဘာစာသားမှ မပါခဲ့ဘူး။

ဌေးကြည် (စလင်း)
idea magazine, June, 2012

Labels:

မီးလေး တစ်တို့လောက်

ရှုပ်ယှက်ခတ်အောင် ပြောပြရင်လည်း နားလည်မယ်ဆိုရင်
ရှုပ်ယှက်ခတ်အောင်ပဲ ပြောပြတော့မယ်
နေမကောင်းဘူး ၊ ထူထူထောင်ထောင်ပဲ
ထူထူထောင်ထောင် မရှိဘူး၊ ကျန်းမာရေး ကောင်းတယ်
ဟောဟို .. ကြံခုတ်နေတဲ့
ကြံခုတ်သမလေးရဲ့ ခုတ်ချက်တွေထဲမှာ
ကျွန်တော့်မျက်နှာပါသွားပြီ၊ မျက်နှာတွေ အများကြီး၊ ရှုပ်ယှက်ခတ်
အငယ်ကောင်တွေက ကျွန်တော့်ကိုချစ်တယ်၊ အကြီးကောင်က ကျွန်တော့်ကို မုန်းတယ်
ကျွန်တော့် ဦးနှောက်ထဲ ဝင်ခိုးသွားတဲ့ သူခိုးက
ဓားကြိမ်း ကြိမ်းသွားသေးတယ်
ရက်ကန်းခတ်သံ၊ ကွန်ပျူတာ၊ အကြော်သည်၊ အင်တာနက်
ကခဂ၊ အာကာသလွန်းပျံယာဉ်
ဒေါသ အတ္တ၊ ဂလိုဘယ်လိုက်ဇေးရှင်း
စိတ်တွေကို ခြေထောက်တွေနဲ့ဆက်ပေးလိုက်၊ ခြေထောက်တွေကို လက်တွေနဲ့ ဆက်ပေးလိုက်
ခင်ဗျားလာခဲ့၊ ခင်ဗျားတော့ မလာနဲ့
ခင်ဗျားသွား၊ ခင်ဗျားတော့ မသွားနဲ့
H2O ပုံစံမျိုး
မျှော်လင့်ခြင်းက နှစ်ဆ အထီးကျန်ခြင်းက တစ်ဆ ပေါင်းစပ်ကြည့်တော့
တစ်စက်စက်ကျ အမှိုက်တွေ ဖုန်မှုန့်တွေ ရှုပ်ယှက်ခတ်
ကိုပြည့်မင်း တော်ပြီလို့ မပြောပါနဲ့ဦး
ကိုအောင်အေး အိမ်မပြောင်းပါနဲ့ဦး
ကျီးသာတယ်၊ လသာတယ်
အကျီ င်္က အရင်အကျီ င်္ပဲဝတ်တယ်၊ ဆံပင်က အရင်အတိုင်းပဲ ဖြီးတယ်
သံကို အပိုင်းပိုင်းဖြတ်တောက်လိုက်ရင်လည်း
သံတုံး သံခဲလေးတွေပဲ ရတာမဟုတ်လား
ကျွန်တော့်စကားတွေလည်း
အတုံးအခဲလေးတွေပြန့်ကျဲ၊ တိုးဝှေ့ ရုန်းကန် နေကြဆဲ
နည်းနည်းတော့ ရှုပ်ယှက်ခတ် ။

ကွန်စစ်ကောင်း
၂၀၀၇၊ ဇွန်၊ ချယ်ရီ မဂ္ဂဇင်း

Labels:

သွေးအေး သတ္တဝါ

ကြွေဆဲပန်းပွင့်များ
ရိုးတံမှာ ပြန်လည် မခန့်ညားမီ
ခြင်နဲ့ ခြင်ဆေးခွေလို
ငါတို့ ငြိမ်းချမ်းကြစို့လား

တကယ်တော့
ပန်းသီးလေးတစ်လုံးမှာ အပြစ်မရှိခဲ့ပါဘူး
သွားလေသူ ဥသြငှက်တွေရဲ့
ရှည်လျား ဆွတ်ကျင်တဲ့ အလွမ်းထဲ
အလိုဆန္ဒတွေ အေးခဲမသွားရလေအောင် ခပ်ဆတ်ဆတ်ရိုက်ဖွာရင်း
လှုပ်ခတ်လာတဲ့ ဒီရေအတိုင်း
ဘဝကို ကိုယ်ဖော့ ပေါလောမျောမိ

ငါတို့ဟာ
သဘာဝလွန်ဖြစ်ရပ်တွေထဲက
ကာလတန်ဖိုး သတ်မှတ်လို့ မရတဲ့လူငယ်
စပါးလုံးတစ်ထောက်စာ စိတ်ကူးများနဲ့
ကိုယ့်အဆိပ်ကိုယ် ပွတ်သပ်ရင်း ။

ကိုသျှပ် (ကန့်ဘလူ)
idea magazine, June , 2012

Labels:

ဘဝဟာသ အရှုပ်တော်ပုံ

အဆင်မပြေမှုကို ကြမ်းခင်းထားတာပါ
မသာယာမှုကို သွပ်မိုးထားတာပါ
နေ့စဉ် ဝမ်းနည်းစာတွေ စားသောက် ရှင်သန်ရင်း
ညစဉ် သုခချမ်းသာကို ကျိန်တွယ် ရွတ်ဆိုရင်း
အာဝေနိကကို ဝမ်းနဲ့ လွယ်ထားတာပါ
ဒုက္ခသစ္စာကို ကျောနဲ့ ပိုးထားတာပါ
တစ်ယောက်ကို တစ်ယောက် ရှာရင်းဖွေရင်း
တစ်ယောက်နဲ့ တစ်ယောက် ရှောင်ရင်းတိမ်းရင်း
နေ့စဉ်မှတ်တမ်းတွေ ပြည့်ပြည့်လာတဲ့ စာအုပ်ပါ
အရေးအကြောင်းတွေ တိုးတိုးလာတဲ့ ခန္ဓာပါ
မိခင်က ပျောက်တဲ့သားငယ်ကို ရှာဖွေရင်း
သားငယ်က ပျောက်တဲ့ မိခင်ကို ရှာဖွေရင်း
တစ်လှမ်းချင်း တစ်လှမ်းချင်း ဝေးကွာသွားတဲ့ ဇာတ်လမ်းပါ
တစ်ခန်းချင်းတစ်ခန်းချင်း ကူးပြောင်းသွားတဲ့ ဇာတ်ရုပ်ပါ
ငြိမ်သက်ရင်း .... ငေးမောရင်း ...
မိန်းမောရင်း ... တွေဝေရင်း ...
အချစ်အလွမ်း တရားစခန်းများနဲ့
ဘဝ ဟာသ အရှုပ်တော်ပုံ
တစ်နေ့တာ ဖူလုံပါစေသား  ။

သားဦး
idea magazine, June , 2012

Labels:

ပျော်ရွှင်မှုကို တစ်ဝက်တိတိ လွှင့်ထူထားရသော

မျှော်လင့်လို့ မရတာကို မျှော်လင့်ဖူးခဲ့တယ်လို့ပဲ စိတ်ထဲ ရေးထွင်းခဲ့မိတယ်
နေ့တစ်ဝက် ညတစ်ဝက် ညီမျှခြင်း ချလို့မရတဲ့ အဖြစ်အပျက်များ
အလွမ်းအဆွေးဆိုတာ ငါတို့ လူငယ်ဘဝ သီဆိုခဲ့သော တေးသွား
အမှန်တကယ်ပိုင်ဆိုင်ခဲ့ရသော ချစ်သူ့ကိုယ်သင်းရနံ့ဟောင်းများ
ရင်ဘတ်မှာ စာတမ်း အမျိုးမျိုး ရေးထိုးထားတဲ့ တီရှပ်များ
နှလုံးသားရေးရာကို အလွန်အကျွံ စိတ်ဝင်စားမိသော ကျောင်းသားဘဝရဲ့ နေ့စွဲများ
ရုပ်ရှင်ကြည့်မိသလို တဖျတ်ဖျတ် ပြန်ပေါ်လာသော ဇာတ်ဝင်ခန်းများ
နံရံကို ငေးမောနေလည်း မနေ့က တွေးတဲ့ စိတ်ကူးအတိုင်း ပုံရိပ်ထင်တယ်
နာကျင် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်း တစ်ပိုင်းတစ်စက ငါ့ငယ်ဘဝကို ရည်ညွှန်းတယ်
ငါတို့ ဝတ်ခဲ့သော ဂျင်းဘောင်းဘီများ ရင်ခုန်နှုန်းကို သတိနဲ့ထိန်းရတယ်
စက်ဘီးလေးနာမည် ROADMAN ဆိုတာ ငါ့ကို အထူးပြုတဲ့ နာမဝိသေသန
ငါ အခုကြိုက်တဲ့ အရောင်က အနက်ရောင်
ငါ အခု နှစ်သက်တဲ့ ဂီတက ရော့ခ် ဂီတ
ငါ အခုသောက်တဲ့ အယ်လ်ကိုဟောက ချစ်ခြင်းမေတ္တာ ဝီစကီ
ငါ အခု စွဲလန်းတဲ့ ကောင်မလေးနာမည်က စုမြတ်မြတ်ထွေး
ဒီစာသားတွေ အားလုံး ငါ့ဘာသာရေးခဲ့ကြောင်း ဝန်ခံပါရစေတော့။ ။

အောင်ပိုင်စိုး
၂၀၀၆ ၊ မေ ၊ heart magazine

Labels:

လိပ်ပြာကကြိုး

သူဟာ ရုတ်တရက် လန့်နိုးလာတယ်
အနှစ်နှစ် အလလ ထပ်ခိုးတစ်ခုထဲက အိပ်မောကျနေရာက
နိုးနိုးချင်း ကြောင်တောင်တောင် ကယောင်ချောက်ချား
နေရောင်ကို ဖျတ်ကနဲ အကြည့် မီးလျှံတွေလိုလို မြားတွေလိုလို
သဘာဝရဲ့ အာရုံမှာ မျက်လုံးဟာ လက်ဆလွဲနေ
ရှိသမျှ အကြောမျှင်တွေ ဆန့်ထုတ်
လက်ကျန် ကြွက်သားကို စုပြီး လေကို အားရပါးရ စုတ်ယူလိုက်တယ်
သူဟာ သူ့ရဲ့ အလေးချိန်ကို ခပ်ထုတ်ပြီး လေထဲ လွှင့်တင်ဖို့
ရေဟာ လှောင်ကန်ထဲကနေ စိမ့်ထွက်ဖို့ အသင့်ဖြစ်နေတတ်သလို
ဒီအထုံးကို ပြန်ဖြေဖို့ ကြိုးပိုင်ရှင် ဘယ်သူလဲ
ခေါက်ရိုးသေနေတဲ့ လျှာနဲ့ဟိုတို့ ဒီတို့ အနံ့ခံ
ဘာအရသာမှ မရှိပါဘူးကွာ ဆိုပြီး ညည်းညူလိုက်သေး
သူဟာ ဒီနေရာက စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ပုံရ
အနံ့စိမ်းရလို့ထိုးထိုးဟောင်နေတဲ့ ခွေးရဲ့ အစွယ်မှာ ခိုပြီး
ခွေးနဲ့အတူ ဟောင်ကြည့်တယ် နားရွက်ထောင်ပြီး အူလိုက်တယ်
တအီအီ ဘာသာဗေဒ ခြားနေတော့ အလကားပဲ
စိတ်ပျက် လက်ပျက် စိတ်လွတ် ကိုယ်လွတ် ထိုင်ချက်လိုက်ချိန်မှာ
ဂျုံးဂျုံးဂျက်ဂျက် ရထားတစ်စီး သူရောက်နေတာ ဘူတာရုံပဲ
ဘာမှ စဉ်းစားမနေတော့ပဲ ခုန်အတက် သူဟာ လေလျော့နေတဲ့ ဘောလုံးလို
ဟိုလိမ့် ဒီလိမ့် မလိမ့်ချင်သလိုလို လိမ့်ချင်သလိုလို
အဲဒီအချိန်မှာ သူ ထပ်ခိုးကို ပြန်သတိရ
သူ ဘယ်အချိန် ဘယ်ကာလတည်းက အိပ်မောကျနေခဲ့သလဲ ဆိုတာ
ဘယ်သူက အဲဒီ အိပ်ရာမှာ အိပ်စက်စေခဲ့သလဲ ဆိုတာ
သူ့ အတွေးတွေ ဟိုလိမ့် ဒီလိမ့်
ဘူတာတစ်ခု ကျော်သွားတိုင်း အတွေးဟာ ခရီးတိုလာ
ရထားဟာ ဘယ်ကို ရွေ့လျားနေလဲ ဆိုတာ
ခရီးဆုံးရင် ထပ်ခိုးဆီ ပြန်ရောက်သွားနိုင်သလား
သူ စစီးခဲ့တဲ့ ဘူတာကိုလည်း မမှတ်မိ အားလုံးဟာ ရေးတေးတေး
သူ့ပါးဟက်ကို တစ်စုံတစ်ယောက်က ဖြဲကြည့်နေတုန်း
အသက်ရှူနေတယ် … သူနောက်ဆုံးကြားလိုက်ရ
သူ အိပ်ပျော်သွားပြီ ထင်တာပဲ။ ။

နေစိမ့်
(သယံဇာတ …မှ)

Labels:

အိပ်မက်

အိပ်မက်မမက်ပဲ
အိပ်ပျော်နေတဲ့အချိန်ဟာ
အချမ်းသာဆုံး အချိန်။
(ကြည်အေး)

ဘာ အိပ်မက်မှ မမက်ခဲ့ပါ
ဒေါ်ကြည်အေး
ကျွန်တော်မှေးကနဲ အိပ်ပျော်သွားချိန်
အခန်းထဲမှာ ပုလင်းကွဲသံ၊ ခုံများလဲသံ
လွယ်အိပ်လွယ်သံ၊ ဦးထုပ်ဆောင်းသံ
တံခါးဖွင့်သံ၊ အင်္ကျီဝတ်သံ
ဖိနပ်စီးသံ၊ ရှပ်တိုက်သံ
ထို့ထက်မက ထိုအသံများရဲ့ အသံကိုပင်
ကင်းလွတ်ခွင့်ရခဲ့ပါတယ် ဒေါ်ကြည်အေး။

သို့သော် ကျွန်တော်နိုးလာခိုက်
ကျွန်တော့် အခန်းတစ်ခုလုံး
ရွေ့ပြောင်းတောင်ယာတစ်ခုလို
နံရံ ပုလင်း ပြတင်း တံခါး
ကြမ်းခင်း ဖိနပ် ဦးထုပ် အင်္ကျီ
ဘာဆိုဘာမှ ရစရာမရှိတော့သလို
အခန်းကိုယ်တိုင် အခန်းထဲတွင်
အခန်းမရှိတော့သဖြင့်
ကျွန်တော်ကိုယ်တိုင် ကျွန်တော်ကိုယ်၌က
ကျွန်တော့်ကိုယ်ထဲတွင် ကျွန်တော်မရှိခဲ့၍
ဘာအိပ်မက်မှ မမက်ခဲ့တာလား
သိပါရစေ ဒေါ်ကြည်အေး။ ။

ဝင်းမြင့်

Labels:

ငါရယ် ငါ့မိန်းမရယ် ငါ့သမီးရယ်

ငါ့ဘဝ
င့ါပြဇာတ်မှာ
လက်ခုပ်တီးတိုင်းလှည့်ကြည့်မိခဲ့တဲ့နေ့ရက်များ
ငါအားထက် ရယ်(ရီ)အားသန်
ငါအဖန်ဖန်
သူအဖန်ဖန်
ဘာပါလိမ့်

စကြ၀ဠာတဆုံးကိုမျှော်ကြည့်သလို
ကျောင်းသွားမယ့်သမီးရဲ့ ပျက်နေတဲ့ထီးကို ပြင်ပေးလိုက်တယ်
ပြတ်နေတဲ့ဖိနပ်ကို ဆက်ပေးလိုက်တယ်
ကျနေတဲ့စိတ်ကို မြှင့်ပေးလိုက်တယ်
ငိုမယောင်မျက်နှာလေးကို ရယ်(ရီ)အောင်လုပ်ပေးလိုက်တယ်
သူမဟာ စာရွက်အလွတ်လို ရိုးစင်းတယ်
လောကကြီးက သပွတ်အူလို ရှုပ်ထွေးတယ်
“ခဏနေဦး သမီး
လမ်းမပေါ်မှာ မိုးသက်လေပြင်းကျနေတယ်
(ဒါမှမဟုတ်)
နောက်တစ်နေရာမှာလည်း ဖြစ်နိုင်တယ်”

မိန်းမရယ်
ခေတ်ပေါ်ဝဲဂယက်ထဲမှာ
မျှော်လင့်ချက်တစ်ခုတည်းနဲ့ စောင့်ကြည့်ရမယ့် အံ့သြစရာမျိုးမဟုတ်ပါဘူးကွာ
မရှိမဖြစ်လို့
မထင်လေနဲ့
ဘယ်သူမှ ဒီဘ၀ကြီးမှာ အရမ်းမလိုအပ်ဘူး

အရသာရှိတဲ့အဆိပ်ကို
နည်းနည်းချင်းစားလာခဲ့တာပဲ
ငိုစရာမျက်ရည်မလိုတော့ပါဘူး။ ။

ဝင်းမောင်

Labels:

အကုသိုလ်ပန်းများ

၁။
သတ္တ၀ါတိုင်းဟာ
ဝံပုလွေအဖြစ်နဲ့
မွေးလာကြတာ မဟုတ်ဘူးကွယ်။
ပြက္ခဒိန်တွေကို မုန်းတယ်
၃၁နှစ်ထဲမှာ ဆံပင်ကကြဲကြဲ
ထိပ်လည်း ပြောင်ခဲ့ပြီ။
ဘာ ရလိုက်သလဲ
ရူးသွပ်ခြောက်ခြားမေးခွန်းအစား
"ဒက်ဒလက်" လို ကမ္ဘာကို ဖမ်းဆီးထားချင်တယ်
"ယုံကြည်ချက်"
အဲဒီသံမှိုတစ်ချက် ခပ်နက်နက်တွယ်ထားလို့သာ
ဘ၀ဟာ ကွာမကျသေးတာပေါ့။

၂။
အက္ခရာသင်္ချာတစ်ပုဒ်အတွက်
စိတ်ညစ်ခဲ့ရတဲ့ရက်များဟာ
အခုအခါမှာ ငှက်မွှေးဖြစ်တယ်။
ပီကာဆိုကို မသိရင်လည်း
သင်္ကေတ၀ါဒကို နားမလည်ရင်လည်း
ရောဘတ်ရက်ဖို့ဒ်ကို မကြည့်ဖူးရင်လည်း
ငရုတ်သီးဟာ စပ်တာပဲ။
ဟုတ်ကဲ့ - တြိဂံရဲ့ဧရိယာနယ်ထဲမှာ
ဒီလိုနေထိုင်နိုင်တော့ အံ့သြစရာမရှိပါဘူး။
အံကြိတ်ခံစားရဖန်များ
နှလုံးသားဟာ တွန့်ခေါက်တောင် တစ်တောင်ဖြစ်တယ်။
ငါ သိပြီဟေ့
ဖန်ဆင်းတဲ့ဘုရားသခင်ဆီမှာ
ချိန်ခွင် မရှိဘူးဆိုတာ ။

၃။
ငွေ … အောင်မြင်မှု … ပညာ
ဘယ်ဟာမှ မရတဲ့ကောင်
အဖေရဲ့ ဂန္ထ၀င်ဂိုက်တံ
အတိုင်းမခံရဲတာ အမှန်ပါပဲ။

ခွေးလေခွေးလွင့်နဲ့ ငှက်များဟာ
ဝမ်းစာရှာတဲ့နေရာမှာ
ကျနော့်ထက် သာတယ်။
ယပ်တောင်မရှိသေးတဲ့အခါ
ပြာဖြူလွင့်လာတာ ကာကွယ်ဖို့ ခက်တယ်။
၁၁နာရီ ထိုးပြန်ပါပြီ
အိမ်မှာ ထမင်းစားရတာ အားနာလိုက်တာ
မိဘကျေးဇူးဆပ်ရန်
၂ကျပ်အဆုံးခံ ထီထိုး
(—-)သိန်းဆုကြီးနဲ့ တိုးပါစေ … ။

၎။
ဘာလုပ်သလဲ
"ကဗျာဆရာ လုပ်ပါတယ်"
အင်္ဂလန်ကျွန်းကို ရလိုက်တဲ့
နပိုလီယန်ဂိုက်နဲ့ ခပ်မိုက်မိုက်ပြောတုန်းပဲ။

ငွေ … ငွေ … ငွေ … တဲ့
ဘ၀ရဲ့နာတာရှည်ယားနာ ဖြစ်နေတာ
အကြွေနဲ့စက္ကူစလေးတွေပါလား
"စတော ရမယ် တစ်ဆယ်…ဒီစီ ဆယ့်နှစ်ကျပ်"
"အစ်ကို…ပျော်မလား ဟင်…"
"ရေခဲရေအေးအေး…ရေခဲရေ…"
"ဗန်းထဲကစမူဆာ
မြူနီစပယ် မလာခင် ကုန်ချင်တာပါပဲ.."
………………………….........
ဗုံးတစ်လုံး ပေါက်ကွဲ
သွေးသံစိုရွှဲပြီ
လူသတ်မှ စားရတာလည်း
ဒီ ထမင်းတစ်လုပ်ပါပဲကွယ်။
"ဗမာပြည်က ပူတယ်နော်"
သာမိုမီတာက
ရေဆူအမှတ် ရောက်နေပြီ
စိတ်ကူးတွေပေါက်
အနောက်ဂျာမဏီ သွားနေချင်တယ်။

၅။
ခေတ်
လူ… ဘ၀… ဒဿန…ရင်ခုန်သံ
အမြန်ရထားမှာ မီးမပါဘူးကွယ်။
လုပ်သားသတင်းစာက
တစ်ပိဿာ ဆယ့်နှစ်ကျပ် တန်တယ်
ခင်ဗျားတို့ ဗမာပြည်မှာ နေထိုင်ပါသလား
"ကျေးဇူးတင်သည် လမ်းစဉ်ပါတီ"
ရေဒီယိုက သီချင်း
ပျင်းရင် နားထောင်လို့ ကောင်းတယ်။
ရပ်ကွက်ထဲက လူကြီးများလည်း
ဗိုက်ရွှဲလို့ လာပါပြီ။
ခွဲတမ်းကို မျှော်သူများ
သမ၀ါယမ အမှုဆောင်များသာ
သွားတိုက်ဆေး သုံးပါစေလေ
သူတို့ပါးစပ်တွေ နံမနေဖို့ အရေးကြီးတယ် ။
"ခင်ဗျားတို့ ပေါ့မနေနဲ့
ကိုရီးယားမှာ စစ်ဖြစ်နေတယ်"
တစ်ည ကင်းတဲမှာ
အိပ်နေတဲ့ ငါ့ကို နှိုးရင်း
ကင်းတဲက ကင်းမှူးဟောက်တာလည်း ခံရဖူးတယ်။
စိတ်ညစ်လိုက်တာ
သမထထိုင်တဲ့အခါ
ထွက်ပေါက်တစ်ခု ရပါတယ်။
"ဟိတ်"
ကောင်စီလူကြီး လာနေတယ်
ခြေထောက်မှာ ဖိနပ်မပါဘူး
၁၅နှစ်ကြာရင် စားရပြီ
ဗမာပြည်တစ်ပြည်လုံး အုန်းပင်စိုက်ရင် ကောင်းမယ်။

၆။
ကိုရိုလာ စီးသူတွေ ကရ၀ိက်မှာ စုကြတယ်
"ပြင်သစ်တော်လှန်ရေးဖြစ်တာ
တို့ဆီမှာ ရာမရကန် ရေးပြီးစပေါ့" တဲ့
ဝိုင်နံ့သင်းတဲ့ပါးစပ်များက
ခေတ်အိုတစ်ခုအကြောင်းကို
ဒီလိုအောက်မေ့လိုက်ရဲ့။
လှသောပန်းများဟာ အကြွေမြန်တဲ့အကြောင်း
"ဒန့်စ်ကသူများ" ရုပ်ရှင်က ပြောပါတယ်
ကျွန်တော်တို့ မှာ စောင့်စားပုံက
ခွန်အား ရှိပါတယ်
အချိန် ရှိပါတယ်
တစ်နေ့တော့ ကြည်အေးပြန်လာမယ်
လက်ဖက်ရည်ဈေးလည်း ကျဦးမယ်
နေလည်း ဝင်ဦးမယ်
ကဗျာဆရာများ ကောင်းစားဦးမယ်။

၇။
သူတို့လက်ထဲမှာ
ဗမာစာပေဟာ
ပေါင်ကြားထဲ ရောက်သွားရှာတယ် ။
မျက်စိကျိန်းလိုက်တာ
၃၃လမ်းမှာ တစ်မွန်းတည့်ခံ ကြယ်ပွင့်များ
ခလုတ်တိုက် မလဲကြပါစေနဲ့ ။
"မာလကာသီး စာပေ"
"အရက်ဖြူတစ်ခွက်နဲ့ ကဗျာ"
"အိုမာခိုက်ယမ် လက်သစ်"
ကျွန်တော်ချစ်တဲ့ ကိုလေးအောင်ဟာ
ခင်ဗျားတို့ကို မြင်တာနဲ့
ဘ၀ကို သေကြောင်းကြံသွားရှာတယ်။
သေရည်နဲ့
ဘယ်အချိန်ကျမှ
တည့်မှာ မဟုတ်ဘူး
ကျွန်တော့်နှလုံးသားမှာ
အရှိုးရာ ထင်ဆဲပါ။
"ဒါမျိုးတွေ ရေးမယ့်အစား
နတ်ကပြီး စားမယ်"
ကဗျာဆရာ လူတစ်ယောက်ရဲ့စကား
ကုန်ခမ်းသွားတဲ့အားကို ပြည့်စေတယ်။
ယုံကြည်ချက်ကို ခဏခဏ
ရောဂါဗေဒဌာနပို့
ဆေးစစ်ဖို့ လိုတာပေါ့။

၈။
ရန်ကုန်မြို့ဟာ
ငါ့ရဲ့ညာဘက်ပါးကို နမ်းပြီး
ဘယ်ဘက်ပါးကို ရိုက်တယ်။
လေးစားသူများတိုက်တဲ့ လက်ဖက်ရည်တစ်ခွက်နဲ့
မနက်စာပြီးတဲ့ ရက်တွေ ရှိတယ်။
သမ္မတဟိုတယ်ရှေ့က
ခဏခဏ ဖြတ်သွားဖူးကြတယ်
ဆူးလေဘုရားလမ်းပေါ်မှာ
ကဗျာအရောင်းဆိုင်ဖွင့်ဖို့နေရာ
လိုက်ရှာတဲ့အခါ ရှာတယ်
"ပွင့်ဦး"ဆိုင်မှာ ထိုင်နေသူတွေ
ရယ်နေလည်း ခွင့်လွတ်တယ်။
သင့်လက်ထဲရောက်သွားတဲ့ ကဗျာများ
သနားတာပဲ ရှိတယ်
အမှန်တရားဆိုတာ မျက်စိမှုန်ရှာတယ်။

၉။
လူတိုင်းလိုလို
ငယ်ငယ်ကဆို ၀က်သက် ပေါက်ဖူးပါတယ်
ကြည်အေးရဲ့ အကျင့်အဘိဓမ္မာကို ကိုးကားပါရစေ
အချစ်ကြီးလေမှ
သစ်သီးကြွေကျတာမျိုး
မောင်ကျော်ဇောရဲ့နိမိတ်ပုံမှာ
ရင် ပြန်မခုန်ချင်တော့ပါဘူး။
အရာရာဟာ ၁၈နှစ်သားရဲ့
ပြက်လုံးတွေပါပဲ
ဝမ်းနည်းဝမ်းသာထဲကလို
ဖာသည်မတောင် မရှိတဲ့ဘ၀မှာ
ငါတော့ အသန့်စင်ဆုံး နေပါရစေ
သူငယ်ချင်းတို့ရေ …
ဖဲရိုက်ဖို့ မခေါ်နဲ့တော့ကွာ။

၁၀။
အိမ်ထဲမှာ မီးလောင်နေပြီ
နီရိုးဘုရင်ရဲ့စောင်း
ကျွန်တော် တီးလို့ကောင်းတုန်းပေါ့။
အအေးခန်းအမှောင်ထဲမှာ
(တစ်ကျပ်ခွဲတန်) အီတလီသူရဲ့ ပေါင်တံများ
ဟာရိုးရော်ဘင်
ဝတ္ထုထဲမှာ ထွက်ပြေးခြင်း
စိတ်ညစ်တဲ့ အမူးသမား
ကက်ဆက်ထဲက အသံ
ဆူညံကျယ်လောင်ပေါက်ကွဲ
ပျော်ရွှင်မှုဆိုတာတွေကလည်း
ယုတ်ညံ့မှုနဲ့ ဒွန်တွဲနေပါလား။
"ဆေးလိပ် မသောက်သူ… အရက်မသောက်သူ
မိတ်မလိုက်သေးသူ …ပြီးတော့ ကဗျာနဲ့ မခွဲနိုင်သူ"
မြင့်မြတ်တဲ့ ဒုစရိုက်လေးကို
ဘုရားနဲ့ ရန်ဖြစ်ရ ဖြစ်ရ… ချစ်နေပါရစေ
အသက် ၃၅နှစ်မတိုင်ခင်
နိုဗယ်ဆုကို လိုချင်တာပါပဲ။

၁၁။
"ခင်ဗျားက တတိယလူတန်းစားပဲ" တဲ့
ဗမာ ဒွန်ကွီဇုတ်တစ်ယောက်က
ဝေဖန်ရေးပေါက်ပေါက် ဖောက်ဖူးတယ်
"ဖိနပ်ကောင်း စီးသူများ"
"အုတ်နံရံကို လက်သီးနဲ့ထိုးသူများ"
"သူများရဲ့နောက်ကို ရွှေကျင်သူများ"
"ထဆင်ထူးကို အတင်းထူးသူများ"
သြော်…
ကဗျာဆရာတွေကလည်း
အရောင် အမျိုးမျိုးပဲ။
ကြွက်စုတ်၊ ဒညင်းသီးဆားရည်စိမ်နဲ့ သူတို့
အနံ့ထွက်တာချင်းကတော့ အတူတူဖြစ်တယ်
ကျွန်တော် သည်းမခံနိုင်တာက
အသိဥာဏ်ဆင်းရဲခြင်းကိုပါပဲ။
မဂ္ဂဇင်းထဲမှာ
ခဏခဏ ပါသူများ
လေးစားပါတယ်
ဟော… စကားလုံးတစ်လုံး ကောက်ရထားတဲ့
ကြက်တူရွေးလေး လာနေပြီ (တံတွေး စင်လိုက်တာ)။

၁၂။
အခုအချိန်ဆို
တဟေတီမှာ ပန်းတွေ ပွင့်ပြီကွယ်(ထင်တာပဲ)
ဗမာကားတွေ မကောင်းဘူး
လက်ဖက်ရည်က အကျများတယ်
အိမ်ကဟင်း ညံ့တယ်
ဟီးနိုးကား ကျပ်တယ်
မင်းတို့ထက် ငါတော်တယ် (အမှန်ပါပဲ)
ရင်ထဲကဒေါသတွေ ကြိတ်ချေနေရတာပါပဲလေ … ။
ရွံတိုင်းသာ ထွေးနေရရင်
ဗမာပြည်ဟာ ထွေးခံဖြစ်နေပြီ (ကြောက်တတ်ကြတယ်)
ဘိန်းဆိုတာ
တစ်ခါက ပန်းလေးတစ်ပွင့်သာ ဖြစ်တယ် ။ ။

သစ္စာနီ

Labels:

ချစ်သော Emily...

၁.
သတိရခြင်းဟာ ငါခုန်ချခဲ့တဲ့ချောက်ကမ်းပါးပဲEmily နင်မရှိတော့တဲ့မြို့ကလေးကို ခရီးထွက်ဖူးတယ်။ မြို့လေးက ဘာမှမပြောင်းလဲဘူး။ အရင်အတိုင်း ညို့မှိုင်းမှိုင်းအရောင်တွေနဲ့ ကောင်းကင်မှာ မီးခိုးငှက်ကလေးတွေ ပျံသန်းဆဲပဲ။ ရန်ကင်းစင်တာရှေ့ ယောင်ပေပေ ငါရောက်ဖြစ်တယ်။ လက်ကောက်ဝတ်မှာမရှိတော့တဲ့နာရီလေးကို အမှတ်မထင်ကြည့်မိသလိုမျိုး လမ်းကူးလာတဲ့လူတွေကို ငေးနေမိတယ်။ ငါတွေးမိပါတယ် မြို့ကလေးမှာ ငါမရှိတုန်းကရော နင်လွမ်းနေခဲ့မလားလို့။ လူတွေရဲ့မှတ်ဥာဏ်က နောက်ဆုံးတွေ့ခဲ့ကြတဲ့အချိန်မှာ ရပ်တံ့သွားတယ်တဲ့ Emily။ ငါ့လက်ဖမိုးပေါ် နင့်မျက်ရည်စတွေကျခဲ့တာ ငါမှတ်မိတာပေါ့။ အဲ့ဒီတုန်းက မနက်ဖြန် ကိုယ်တို့လက်ထပ်ကြမယ်လို့ပြောခဲ့တယ်နော်။ ရယ်ရ မောရပါတယ် Emilyရယ်။ ရယ်စရာ မောစရာပါပဲ။ အဲလိုပြောပြီးကတည်းက ဝေးလိုက်ရတာ။ နင်ကလည်း နင့်အမျိုးသားကို ချစ်တဲ့အကြောင်း ပြောထွက်နိုင်တဲ့အထိ။ ငါကလည်း နင့်အကြောင်းတွေးပြီး အခြားမိန်းမတစ်ယောက်ရဲ့နှုတ်ခမ်းကို နမ်းနိုင်တဲ့အထိ။ အခု နင်မရှိတော့တဲ့မြို့လေးကို ငါရောက်နေတယ်Emily။

၂.
နင့်မျက်ဝန်းလေးတွေစိုစွတ်လာတိုင်း နင့်နှုတ်ခမ်းလေးတွေ နွေးနေတတ်တာသတိရတယ် Emily။ ရင်ထဲမှာ ဘယ်တုန်းကဝေးဖူးလို့လဲ...?။ မင်းအမျိုးသားကို မင်းချစ်သွားမှာပါ...လို့ ပြောရင်း ငါငိုဖူးတယ်။ သတိရရင် နံပတ်၁ကိုနိပ်ပါ။ မမေ့သေးရင် နံပတ်၂ကိုနှိပ်ပါ။ ဘယ်တုန်းကမှမမုန်းခဲ့ဖူးဘူးဆို ငါ့ကိုဖုန်းခေါ်ပါ။ မေမြို့မှာပွင့်တဲ့ပန်းက သစ္စာပန်းတဲ့Emily။ မန္တလေးမြို့ရဲ့ဆောင်းညတွေမှာတော့ ဘယ်တော့မှမပွင့်မည့်ပန်းအတွက် ငါမူးလဲနေတတ်ပြီ။ ဘယ်တော့မှပြန်မတွေ့ဖြစ်တော့မည့်လူတစ်ယောက်ရဲ့ပါးကို အဝေးကလှမ်းနမ်းရတာ ဆန်းပါတယ်။ လွမ်းတယ်လို့မပြောပဲ လွမ်းနေရတာမျိုးကို အချစ်ဟောင်းလို့ခေါ်တယ် Emily။

၃.
ရည်းစားဟောင်းတဲ့ နင့်ကို ငါ့ရည်းစားဟောင်းပါတဲ့ Emily ရယ် ငါ့မှာအထိတ်တလန့်ပါပဲ ရင်ထဲကကံ့ကော်ပန်းတွေ အခုထိမကြွေသေးတာ သူတို့သိရင်ကောင်းမယ်။

၎.
အိမ်ရှေ့ကပိတောက်ပင်ကြီးကို မျက်နှာခြင်းမဆိုင်ရဲဘူး Emilyရယ်။ ငါတို့ အတူထိုင်ငေးနေကျဝရံတာလေးကနေကြည့်လိုက်တိုင်း သူကငါ့ကိုမေးတယ်။ နောင်တတရားဟာ ကိုယ်လွတ်သွားတဲ့ ရထားတစ်စင်းရဲ့မီးခိုးငွေ့တွေကို စိတ်နဲ့လှမ်းဖမ်းရသလိုမျိုးလား...တဲ့။ စိတ်ပျက်ငြီးငွေ့စွာလှဲအိပ်ချလိုက်တော့ ကောင်းကင်မှာ နတ်ဖွက်ထားတဲ့တိမ်တွေ။ မျက်ဝန်းနဲ့ရေးတဲ့ကဗျာတွေကို ဘယ်သူမှ နားလည်မပေးကြပါဘူးကွယ်..။ အချစ်ဟာ သစ်ပင်တစ်ပင်ဆို အလွမ်းဟာ ရွက်ကြွေတွေပဲ Emily...။ ဘယ်တော့မှ နဂိုအတိုင်းပြန်မဖြစ်တော့မှာသိသိကြီးနဲ့လေ...။

၅.
ငါ အိပ်မက်မက်တယ်Emily...။ အိပ်မက်မက်တာ မဆန်းပါဘူး။ ဒါပေမဲ့...။ အိပ်မက်ထဲမှာတောင် နင့်ကိုငါမပိုင်တာ ဆန်းတယ်။ မနက်ခင်းတွေမှာ နင့်အမျိုးသားနဲ့အတူနိုးထလာတိုင်း ငါ့ကိုသတိရပေးပါEmily.. ။ ငါ့ကိုချစ်ရင်သားလေးမွေးပါ...ဆိုတဲ့စကားက နောက်တာမဟုတ်ဘူး။ နောက်တာမဟုတ်ဖူး ချစ်သော.... Emilyရဲ့။ ငါများ အရှင်လတ်လတ် နင့်ရင်ထဲမှာ ဝင်စားမလားလို့လေ။

၆.
ပျော်ပါတယ်Emilyရေ...။ ဘယ်သူနဲ့မှစကားပြောဖို့မလိုပဲ တိတ်တိတ်လေးထိုင်နေရတာပျော်ပါတယ်။ ချဉ်စပ်ခေါက်ဆွဲတစ်ပွဲကို တစ်ယောက်တည်းစားရတာပျော်ပါတယ်။ ကော်ဖီတစ်ခွက်ကို တစ်ယောက်တည်းသောက်ရတာ ပျော်ပါတယ်။ ညဖက်ဆို ဘယ်သူ့ကိုမှ နှုတ်ဆက်စရာမလိုပဲအိပ်ရတာ ပျော်ပါတယ်။ စီးကရက်တွေ အတားအဆီးမရှိသောက်ရတာ ပျော်ပါတယ်။ " ဒုတိယလူ "သီချင်းကို နားထောင်ရတာပျော်ပါတယ်။ ကိုယ့်သေတွင်းကိုယ် မြတ်မြတ်နိုးနိုးတူးရတာ ပျော်ပါတယ်။

၇.
ငါ အခုချက်ချင်းလဲသေပြီး နင့်ဘယ်ဖက်ပုခုံးပေါ်တတ်တူးလေးများဝင်စားမလား...။ နင်ကိုယ်တိုင်မွေးတဲ့ နင့်သားလေးများဝင်စားမလား...။ ငါ့သေတွင်း ငါတူးရတာ ချမ်းမြေ့လှပါတယ်Emily...။

၈.
ကိုယ့်ပုခုံးကိုကိုက်နေတဲ့ခြင်တစ်ကောင်ကို မရိုက်အားသေးသလိုမျိုး သတိရစိတ်ဟာတဆစ်ဆစ်ပေါ့Emilyရယ်...။ သံသရာတစ်ထောင့်မှာ ကိုယ် စောင့်နေမှာပေါ့။ တတ်တူးဆင်တူထိုးဖို့...။ Allsterဖိနပ်လေး ဆင်တူစီးဖို့...။ ကော်ဖီတစ်ခွက်နဲ့ တိတ်တိတ်လေးထိုင် Supernatural ဇာတ်လမ်းတွဲ အတူတူကြည့်ဖို့...။ စာအုပ်တစ်အုပ်ကို အတူတူဖတ်ရင်း မင့်ပါးလေးကို ဖြတ်ခနဲနမ်းလိုက်ဖို့ ကိုယ်စောင့်နေမှာပေါ့...။

၉.
" မင်းအတွက်နောက်ဆုံး "ဆိုတဲ့ကဗျာလေးမှာ အဆုံးသတ်မရှိကြောင်း ပြောပြဖို့...။ ကိုယ်ဖွဲ့တဲ့အလွမ်းတေးတွေမှာ မင်းပုခုံးပေါ်လာနားမည့် ချစ်စရာ့လိပ်ပြာလေးတွေပါကြောင်း ပြောပြမလို့...။ ကိုယ်ကြင်နာရတဲ့ ဖျားနာနေသောကံ့ကော်ပွင့်လေးဟာ မင်းဖြစ်ကြောင်း ပြောပြဖို့ သံသရာတစ်ထောင့်မှာ ကိုယ် တိတ်တိတ်လေးစောင့်နေမှာပေါ့ကွယ်...။

၁၀.
နင်ပြောခဲ့တဲ့စကားလေးအတိုင်းပဲ ငယ်ဘဝရဲ့ကစားကွင်းလေးကိုပြန်ရောက်တဲ့အခါ ပျော်ရွှင်မှုခြေရာတွေကိုပြန်မတွေ့တော့သလိုမျိုး...။ အတိတ်ဟာ တူးတိုင်းနက်တဲ့စိတ်သေတွင်းပေါ့Emily...။ နင်ဘယ်တော့မှပြန်မလာတော့မည့်မြေမှာ ငါ့နိုင်ငံကို အခိုင်အမာတည်ထောင်နေရတာ မောတယ်။

၁၁.
Deanပြောသလိုပဲ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်အမှားတွေနဲ့ နိုးထမလာချင်တော့ဘူး။ ကိုယ့်အကြောင်း ကောင်းကောင်းမမှတ်မိတော့တဲ့ မိန်းမတစ်ယောက်ကိုလည်း လွမ်းမနေချင်တော့ဘူး။ ညနေခင်းတွေဆို ကိုယ် ဆိုင်ကယ်တစ်စီးနဲ့ ကျုံးဘေးရောက်ဖြစ်တယ်။ တိမ်တွေ တိမ်တွေဆိုတာ အရမ်းလှတာပဲ။ လွမ်းတဲ့စိတ်နဲ့ အိပ်မနေပါနဲ့တော့လို့ ပျံလွှားငှက်ကလေးတွေကပြောတယ်။ မန္တလေးမြို့ဟာ အနုပညာဓာတ် လွှမ်းခြုံထားတယ်ထင်ရဲ့။ ကိုယ်ဝင်ထိုင်မိတဲ့အရက်ဆိုင်မှာ တီးဝိုင်းကလေးက နွေဦးကံ့ကော်များနဲ့ကြိုနေတယ်။ ကိုယ်တစ်ခွက်ပြီးတစ်ခွက် မော့တယ်။ မူးမူးနဲ့ လမ်းမကြီးကိုကြည့်ရတာ ကြေကွဲစရာပါ။ Black List ထဲကကောင်က နင့်ပါးပေါ်ကပါးကွက်လေးကအစ မှတ်မိနေတတ်တာ သိပ်တော့ စောက်ရေးမပါပါဘူးEmilyရယ်။

၁၂.
နင်သေပြီး ငါရူးသွားတယ်လို့ အိပ်မက်မက်တယ်Emily။ ဒါပေမဲ့ တစ်ကယ်တမ်းက နင်အရှင်လတ်လတ်ရှိနေရဲ့နဲ့ ငါရူးနေတာ။ အခုတလော ငါ့မှာ အဖက်ဖက်က ပျက်ဆီးပြိုကျနေတယ်။ လူ့ဘဝရဲ့ ရှင်သန်ခြင်းဟာ ဘာလဲ။ ငါ့မှာ အဲဒီမေးခွန်းကို တဖွဖွရွတ်နေမိတယ်။ ငါ့ကိုတစ်ကယ်မချစ်တဲ့မိန်းမတွေ။ ကျောပေးလိုက်တာနဲ့ ဘယ်တော့မှပြန်မတွေ့ကြတော့မည့် ဆက်ဆံရေးတွေ။ တစ်ယောက်တည်းဖြစ်နေတယ်လို့ ကယောင်ချောက်ခြားတွေးပြီး တစ်ကယ်လည်း တစ်ယောက်တည်းဖြစ်နေတာမျိုးတွေ။ ငါနေထိုင်ရာမြို့ကို လူမရှိတဲ့ကျွန်းကြီးလို့ ထင်နေမိတာတွေ။ ငါမပျော်ဘူးEmily...။ ငါ တစ်ကယ်ကို မပျော်ဘူး။ သေဆုံးသွားတဲ့လူတစ်ယောက်နဲ့ မတွေ့နိုင်တော့သလိုမျိုးကြီးကို အရှင်လတ်လတ်ဝေးသွားခဲ့ရတယ်လို့ ငါခံစားရတယ်။ ခံနိုင်ရည်တွေထက်ကို ပိုပြီးတော့ အဆက်အသွယ်ပြတ်သွားတယ်လို့ ငါခံစားရတယ်။ တစ်ကယ်သေသွားရင် နောက်ဘဝရှိတယ်Emily...။ " ရှင်ကွဲ "မှာ နောက်ဘဝမရှိဘူး။

၁၃.
မင်းချိုးကွေ့လိုက်တဲ့လမ်းတိုင်းရဲ့အဆုံးမှာ ငါရှိနေချင်တယ်Emily။ ဒါပေမဲ့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ငါတို့ပိုဝေးသွားကြတာသိနေရတယ်။ ငါလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာ ဆန့်ကျင်ဖက်အရပ်ကိုသာဦးတည်နေတယ်လို့ ခံစားနေရတာမျိုး အရမ်းဖြစ်နေတယ်။ ငါငယ်ငယ်က သဲအိမ်လေးတွေဆောက်တယ်Emily။ ဒါပေမဲ့ အိမ်ပြန်ချိန်ရောက်ရင် ဝမ်းနည်းစွာထားပစ်ခဲ့ရတာချည်းပဲ။ မျှော်လင့်ချက်ဆိုတာ လှလှပပဖြိုချခံရတဲ့သဲအိမ်တွေပေါ့။ လရောင်တွေ အရမ်းလင်းတဲ့ညမှာ လေချွန်သံတိုးတိုးကြားရရင်။ မင်းနှာသီးဝမှာ စီးကရက်နံ့လေး သင်းခနဲရလိုက်ရင်။ စားပွဲထောင့်စွန်းကဝက်ဝံရုပ်လေး သူ့အလိုလိုပြုတ်ကျသွားခဲ့ရင်။ တိုက်ဆိုင်မှုမရှိပဲ တစ်စုံတစ်ယောက်ကို သတိရနေတာမျိုး ဖြစ်ခဲ့ရင်။ သိလိုက်ပါ...။ နင့်ဘေးက အခိုးအငွေ့လေးတွေဟာ ငါဖြစ်နေနိုင်တာမျိုးပေါ့။

၁၄.
လေတွေအရမ်းကိုပိုတိုက်လာတယ်။ နှင်းတွေအရမ်းကိုပိုကျလာတယ်။ မဟာဝင်္ကပါဆန်ဆန်လောကထဲ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ကျပျောက်တဲ့အခါ။ အိမ်ယာမဲ့ဂျစ်ပစီတစ်ယောက်ဟာ နှင်းမိုးတွေအောက်မှာ သူ့ခွေးကလေးကိုပွေ့ဖက်ထားတဲ့အခါ။ စွန့်ပစ်ခဲ့တာမဟုတ်ဖူး ဆုံးရှုံးခဲ့ရတာပါလို့ ငါတို့တွေ ပြောခွင့်မရှိတော့တဲ့အခါ။ အချစ်ဆိုတာ နှင်းဆီပန်းတစ်ပွင့်မဟုတ်တော့ဘူး။ တစ်ယောက်တည်းလျှောက်တဲ့လမ်းမများအပေါ် ကျေနပ်စွာ ကျောခင်းလိုက်ခြင်းပဲဖြစ်တယ်။

စစ်ငြိမ်း

Labels:

မြစ်​ဟာ သူ့အိပ်​မက်​ကို ဘယ်​​တော့မှထုတ်​မ​ပြော

မီးခိုးကိုသူ​တွေ့တယ်
ဘယ်​ကမှန်းမသိတဲ့အလံ​တွေ 
လေထဲမှာ​ခြေတစ်​ဝက်​ကျွံ​နေသလို
အ​ရောင်​​တွေကိုလည်း သူ​တွေ့တယ်
ဒါကို ငါသိတယ်
ဖန်​ဆင်းသူဆီကခြေရာကို ဓားပါးပါးနဲ့ခြစ်​ယူပြီး
စန္ဒကူးပင်​ရဲ့သိမ်​ငယ်​​သောသစ်​​ခေါက်​မှာ တိပ်​နဲ့ကပ်
ဒါလည်း ငါသိတယ်
ရေတွင်းထဲ
ခေါင်းငိုက်​စိုက်​ကျ​နေတဲ့ဓူဝံကြယ်
အဓိပ္ပာယ်​ဟာ သူ့အတွင်းသားနံရံကို
ပေါင်​မုန့်​ဆီ ရက်​ရက်​​ရော​ရော​ပေးလှူလို့
ငါသိခဲ့တာပါပဲ
သိမ်​ငယ်​မှုဟာ
သူ့နာမည်​ပါတဲ့​ပေးစာကို စာတိုက်​ပုံးထဲအပြင်း​ပြေထိုးထည့်​လိုက်​ချိန်
မြစ်​ဟာ
သူ့အိပ်​မက်​ကိုဘယ်​​တော့မှထုတ်​မ​ပြော
စီးဆင်းမြဲ စီးလျက်​သာ ။

သားဦး

Labels:

ကိုယ်တို့မြို့ကနေသာတယ်

လူဝဝကြီးတစ်ယောက်ရယ်သံကို
မိုးပျံပူပေါင်းထဲထည့်ပိတ်တော့
အရှေ့တောင်အာရှမှာ ကွန်ကရိမွေ့ယာတွေမပေါ်သေးဘူး
စက်နာရီတစ်လုံးရဲ့ မိသားစုစုံချိန်ဟာ
၁၂နာရီတိတိတစ်ချိန်သာ
တောက်တောက်ပြောင်ပြောင်ဖြစ်ဖို့
ကြေးပြားကို ဖနှောင့်နဲ့ပွတ်သလို
သစ်သစ်လွင်လွင်ဖြစ်ဖို့
စာအုပ်အနှောင့်ကို ကော်ဘတ်အချောနဲ့စားခဲ့ရ
ပန်းခြံ
မိန်းမပျို
ဝတ်ကောင်းစားလှနဲ့ကုန်တင်ကုန်ချများ
ကိုယ်တို့မြို့ဟာနေသာတယ်
ရှုမျှော်ခင်းကတက်မက်ဖွယ်
အုတ်ရေကန်ထဲမှာရေညှိအထပ်ထပ်
သံသယဇာတ်ကိုနောက်ကြောင်းပြန်ဖို့ဆယ်မိနစ်အလို
အရေးပေါ်သတင်းနဲ့ နေ့ချင်းပြီးဆောင်ရွက်ရန်
ဟာသများ
ကိုယ်တို့မြို့ကနေသာတယ်
တံလျှပ်အထပ်ထပ်။ ။

သားဦး
2016

Labels:

ဟိုလူ

ဟိုလူတစ်ယောက်ကိုတွေ့မိသလား
ခင်ဗျားမျှော်လင့်ထားသလို အသားအရေနဲ့
တစ်ခါတစ်ခါမျက်မှန်နဲ့
ဂျင်းပင် အင်း ဂျင်းပင်နဲ့မာဖလာနဲ့
သူ့လက်တစ်ဖက်က အမြဲတစ်ခုခုကိုင်ထားတတ်တဲ့ ဟိုလူလေ
ပြုံးပြုံးရွှင်ရွှင် ပေါ့ပေါ့ပါးပါး
သူဝမ်းနည်းနေရင်တောင်ပေါ့ပါးဟန်ဆောင်နိုင်သူ
ခေါင်းမှာဦးထုပ်နဲ့ တစ်ခါတစ်ခါနားကပ်နဲ့
လူအထင်ကြီးအောင်ဆိုပြီး
အမြဲမူးချင်ယောင်ဆောင်နေတဲ့လူလေ
ဒို့မြို့ မီးထဲပါတော့ မီးရောင်နောက်ခံနဲ့ကနေခဲ့တဲ့လူ
သူ့ကလေးဆုံးတော့ ကလေးကိုပိုက်ပြီးသီချင်းတကြော်ကြော်အော်နေခဲ့တဲ့လူ
ရပ်ကွက်ရုံးမှာ သူ့နာမည်ကိုခဏခဏသွားစုံစမ်းတဲ့လူပေါ့
ခင်ဗျားအံ့သြရင် အံ့သြမယ်
တစ်ခါတစ်ခါ ကိုယ်ပျောက်နိုင်တဲ့လူ
တစ်ခါတစ်ခါ မိုးပေါ်ပျံပြီးရေပေါ်လမ်းလျှောက်နိုင်တဲ့လူ
ဒို့ဘုရားမှာစိန်ဖူးအသစ်တင်တော့
သူ့ပါးစပ်ထဲကရွှေသွားကိုချွတ်လှူခဲ့တဲ့လူပေါ့
တစ်ခါတစ်ခါ နားဂျပ်နဲ့ နက်ကတိုင်နဲ့
တစ်ခါတစ်ခါ တိုက်ပုံနဲ့စိပ်ပုတီးနဲ့
တစ်နည်းမဟုတ်တစ်နည်းတော့ လူရာဝင်နေခဲ့တဲ့လူလေ
တစ်ခါက မြို့ ထဲလည်ပြီး ထီလက်မှတ်အဟောင်းတွေလိုက်ဝယ်ခဲ့တဲ့လူ
တစ်ခါက သူ့နာမည်ကိုဆိုင်းဘုတ်ရေးပြီး
လမ်းတွေရဲ့ထောင့်တိုင်းမှာလိုက်ထောင်ခဲ့တဲ့လူ
အဲသည့်လူပေါ့ အဆောင် ယတြာ လက်ဖွဲ့တွေကျွမ်းကျင်တယ်လို့ ထင်ကြေးပေးခံရတဲ့လူ
အဲသည့်လူပေါ့ အနာဂတ်ကိုရွှေ့ နိုင်ပြောင်းနိုင်တယ်လို့ အပြောခံရတဲ့လူ
အဲသည့်လူပေါ့ တိုင်ချက်တွေဖွင့်လွန်းလို့
ရဲစခန်းကတောင် သူ့အတွက် စခန်းသစ်တစ်ခုဖွင့်ပေးရမလို ဖြစ်ခဲ့ရတဲ့လူ
အဲသည့်လူကိုတွေ့မိသေးသလား
ခင်ဗျားသိမှာပါ
သူချောင်းဆိုးရင် ကားဟွန်းတီးသလို
သူ့မျက်လုံးက နှင်းခွဲမီးလိုလေ
တစ်ခါက မျက်လှည့်ပြမယ်ပြောပြီး
သူ့ဘင်ကလေးထုခါရိုက်ခါနဲ့
မျောက်ရှာမရလို့ဆိုပြီး သူကိုယ်တိုင်ရှေ့ကျွမ်းနောက်ကျွမ်းပစ်ခါနဲ့
မြို့ မေတ္တာခံယူခဲ့တဲ့လူ
သူနဲ့မြို့ ကြီးနဲ့ တူတူပုန်းတမ်းကစားနေတယ်ဆိုခဲ့သူ
အဲသည့်လူပေါ့
သူခိုးရွှေရတပြပြဆိုသလို သူ့အသက်ကလေးထုတ်ခါထုတ်ခါနဲ့
သူ့အကြံဟာ ပြောင်းဝကထွက်ခွာလုလုကျည်ဆံ
သူ့နက္ခတ်မှာ နေ့စဉ်ဂြိုဟ်သစ်တစ်လုံး
အမြဲမိနေတယ်ဆိုတဲ့လူပေါ့
သူ့ကိုတွေ့မိသေးသလား
ဆန်းပြားတဲ့လူလေ
ညဘက်ညဘက်တွေဆို တိတ်တိတ်ကလေးအစာရှာပြီး
နေ့ခင်းဘက်တွေဆို ကျောက်ရုပ်လိုမလှုပ်မယှက်
သူ့အသားဖဲ့စားသွားရင်တောင် စကားခွန်းတုံ့မပြန်တဲ့လူ
အဲသည့်လူလေ
နောက်ဘုရားက သူ့အိမ်မှာပွင့်မှာ
အဲသဟာကြောင့် ကံ့ကော်ပင်တွေကြိုစိုက်ထားတယ်ဆိုတဲ့လူလေ
သူဟာထီးလိုပဲ ဖွင့်လို့လဲရ ပိတ်လို့လဲရ
တစ်ခါတစ်ခါတော့မီးလို ထိရင်ပူတယ်
သူ့အတွက်နာမ်စားဟာ ကျောင်းသင်ခန်းစာတွေမှာ တခမ်းတနား
သူ့တွက်ကိန်းဟာ မိုးတွင်းမိုးရွာသလိုတစိမ့်စိမ့်
တပြိုင်တည်းမှာတောင်
ဘာသာစကားသုံးမျိုးနဲ့ ငိုနိုင်ရယ်နိုင်တဲ့လူပေါ့
ဒီတော့ သူဟာလူတော်
တော်လွန်းလို့ တစ်ခါကဆို တိုက်ပေါ်တင်သော့ခတ်ထားရတဲ့လူ
ဒါပေမယ့် သူကမမှုပါဘူး
တိုက်ကြီးနဲ့လျှောက်လျှောက်သွားနေတာပါတဲ့
အဲသလို အထူးတဆန်း အဆန်းတကျယ်
စာအုပ်ကိုပိတ်
အိပ်မလို့ မိန့်တုန်းဆိုတဲ့လူလေ
တွေ့လိုက်မိကြသေးလား
ဟိုလူပေါ့ ။ ။

သားဦး
ပုဂံပုံရိပ် အမှတ် ၃

Labels:

ဟွန်း

ပထမတစ်ကြိမ်တီးတာက သတိပေးတာ
ဒုတိယအကြိမ်ထပ်တီးပြီဆိုရင်တော့ ဆဲတာ
ခုလို
သံပြိုင် ဝိုင်းတီးနေကြပြီဆိုရင်တော့
သံပြိုင်
ဝိုင်းဆဲနေကြပြီလို့ သဘောပိုက်မိပါတယ် ။

သားဦး

Labels:

ကျန်းမာရေးသီချင်း

စိုခဲ့သမျှ
ဒီနှင်းတွေ အဖွေးဆုံး
နံနက်စောစော
ပြတင်းတံခါးတွေ အားလုံးပွင့်လို့
တွန့်ကြေနေတဲ့ အာရုံအပေါ်မှာ
တေးသံသာဟာ လင်းကြက်လို တွန်တယ်။
အာငွေ့တွေ
ဖွေးခနဲ လွင့်အထွက်မှာ
ရေဒီယိုသီချင်းသံ
လမ်းလျှောက်ဖိနပ်များစွာရဲ့မြည်သံ
အိမ်ယာအတည်တကျမရှိသူ လေစိမ်းတို့အော်သံ။
ထပါတော့ သူငယ်ချင်း
မြုခိုးတွေတောင် ခါးကြောဆန့်လို့
ထပါတော့ သူငယ်ချင်း
မြင်ရတာ ကြားမကောင်းဘူး
နေရောင်ခြည်ဟာ ရောဂါပိုးကို သေစေနိုင်တယ် ။

ကြည်ဇော်အေး
မိုးဂျာနယ် ၊ဇန်န၀ါရီ ၊၂၀၀၃

Labels:

ခင်ဗျား

ခင်ဗျားက အလုပ်တစ်ခုခုကို လုပ်နေမယ်

လုပ်နေရင်းနဲ့ ပစ္စည်းတစ်ခုခုကို မတော်တဆတိုက်ချမိမယ်

 ကြမ်းပြင်နဲ့ အဲဒီပစ္စည်းထိတဲ့ အသံကို ကြားမိတဲ့ အတွက်
 ပြုတ်ကျသွားတာ သေချာပေမယ့် ခင်ဗျားက
 လက်ရှိအလုပ်ပေါ် အာရုံစိုက်နေတဲ့အတွက် အမှတ်တမဲ့ပဲ ။

နောက်မှ ကောက်မယ် စဉ်းစားမယ်

နောက်ဆုံးမှာတော့ ခင်ဗျားလုပ်လက်စလည်း ပြီးသွားပြီ

စောစောက ပြုတ်ကျသွားတဲ့ ပစ္စည်းကို ကောက်ဖို့
 ကြမ်းပြင်အောက်ကို ခေါင်းငုံ့လိုက်မယ်

ဘာမှ ရှိမနေဘူး

 ပြုတ်ကျသွားတဲ့ အရာနဲ့ ပတ်သက်လို့ ခင်ဗျား ပြန်စဉ်းစားမယ်
အဲဒီအချိန်၊ အဲဒီနေရာမှာ ရှိနေတာ ဘာများဖြစ်နေမလဲ၊
 ပြုတ်ကျသွားတုန်းက ဘယ်လို အသံမြည်လဲ၊
ဘယ်နေရာက အသံမြည်လဲ၊
 လိမ့်သွားတဲ့ အသံ တစ်ခုခု မြည်သေးလား

တဖြည်းဖြည်းနဲ့ ငြီးငွေ့လာတဲ့ ခင်ဗျားဟာ
အဲဒီလို ရှာဖွေတဲ့ အလုပ်ကို ရပ်လိုက်မယ်

 အရေးကြီးတာ တစ်ခုခု ဖြစ်မနေစေဖို့ ဆုတောင်းမယ်။
 နောက်ရက်တွေမှာ ပြန်တွေ့မိဖို့၊
 ပျောက်သွားတဲ့ အရာက ဘာဆိုတာ သိလာဖို့
 မျှော်လင့်မယ်

တဖြည်းဖြည်း ရက်တွေ ကြာလာမယ်

တဖြည်းဖြည်း ရက်တွေ ထပ်ကြာလာမယ် ။ ။

ဏေသစ်

Labels:

အစ်မ မမြင်ဖူးသေးတဲ့ ကျနော့်ရဲ့ ဂျင်းဘောင်းဘီအပြဲတစ်ထည်

ကျနော် ဂျင်းဘောင်းဘီအသစ်တစ်ထည် ဝယ်လာခဲ့တဲ့နေ့မှာ ရာသီဥတုကအစ လွမ်းနေခဲ့တယ် အစ်မ။ ဒီလိုပါ။ ဝယ်လာခဲ့တဲ့ ဂျင်းဘောင်းဘီရဲ့ မီးခြစ်ထည့်လို့ရတဲ့ အိတ်ကပ်ကလေးထဲကနေ အစ်မရဲ့ ရယ်သံတွေ ထွက်ကျလာတယ်လို့ စိတ်ထဲကနေ တစ်ကိုယ်တည်း ရေရွတ်မိလိုက်ချိန်မှာ တကယ့်အပြင်လောကထဲက အစ်မ ရယ်မောမိလိုက်ချိန်နဲ့ ထပ်တူများ ကျနေမလားလို့ ကျနော် တွေးမိလိုက်တဲ့ အခိုက်အတန့်လေးထဲက အဖြစ်အပျက်တွေကို ပြောတာပါ။ ဘယ်လောက်တောင်မှ မိုက်မဲခဲ့တဲ့ ကောင်းကင်ကြီးလည်း အစ်မရယ်။ အစ်မကို ကျနော် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ကျနော့်ကိုယ်ကျနော်လည်း ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ကျနော်နဲ့ အစ်မကြားမှာ မိုးရေစက်တွေလား မျက်ရည်တွေလား မကွဲပြားတဲ့ အဆီးအတားတစ်ခု ခြားထားသလိုပါပဲ။ ချက်ချင်းဆိုသလိုပဲ ကျနော့်ရဲ့ မျက်လုံးတွေ ပြာသီလာတယ်။ ဝေဝါးနေတဲ့ ကျနော့်ရဲ့ စိတ်အာရုံတွေကို ဘယ်လိုအဝတ်အထည်ကများ လုံခြုံစေနိုင်မလဲလို့လည်း တွေးတောကြည့်နေမိတယ်။ အသစ်စက်စက် ဂျင်းဘောင်းဘီတစ်ထည်ကတော့ ကျနော့် မျက်စိရှေ့မှာ အခုထိ ပုံလျက်သား ပြိုလဲကျနေတုန်းပဲ။
အစ်မ သိလား။ အခုဆိုရင် ဂျင်းဘောင်းဘီ အသစ်တစ်ထည် ဝယ်လာမိတိုင်း ကျနော် ဆုတ်ဖြဲပြီးမှ ဝတ်ဖြစ်တယ်။ တကယ်တော့ ဂျင်းဘောင်းဘီကို လှလှပပ ဆုတ်ဖြဲတတ်ဖို့ဆိုတာ ကျနော့်အတွက် သိပ်လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တူနှစ်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပြီး အစ်မပန်းကန်ထဲက အသားတုံးကလေးတွေကို ညှပ်ယူလိုက်၊ ကျနော့် ပန်းကန်ထဲ ထည့်ပေးလိုက် လုပ်နေတဲ့ အစ်မရဲ့လက်တွေကို လွမ်းလိုက်တာ။ အစ်မသာဆိုရင် ကျနော့်အတွက် အလှပဆုံး အပြဲရာတွေနဲ့ ဂျင်းဘောင်းဘီတစ်ထည် ဖြစ်စေမှာလို့ ကျနော် ယုံတယ်။ တကယ်ပါ။ အစ်မသာဆိုရင် ကျနော့်ခန္ဓာကိုယ်ပေါ်တင်တဲ့ အဝတ်အထည်ကအစ ဆေးဖက်ဝင်အောင် လုပ်ပစ်ချင်ရင် လုပ်ပစ်လိုက်နိုင်မှာ။ ကျနော် အခုရက်ပိုင်း ခဏခဏ ချောင်းတွေသိပ်ဆိုးတာပဲ အစ်မရယ်။ 'ဆေးလိပ်တွေ သိပ်မသောက်နဲ့နော်'လို့ ပြောတတ်တဲ့သူတစ်ယောက်ရဲ့ ရှိမှုတန်ဖိုးဟာ ကျနော့် လည်ချောင်းထဲကနေ အပြင်ဘက်ကို တိုးတိုးထွက်နေသလိုပါပဲ။ ကျနော့်လည်ချောင်းတွေ ယားကျိကျိဖြစ်နေပုံဟာ ကိုယ့်အသက်ဇီဝဓာတ်ကို ကိုယ်တိုင်အန်ထုတ်ပစ်ချင်လာအောင် ဆွဲဆောင်နေတဲ့အတိုင်းပဲ။ အချစ်မရှိရင် အသက်မရှင်ချင်တော့ဘူးလို့ အဓိပ္ပါယ်ရတဲ့ ပေါပေါပဲပဲ သီချင်းတစ်ပုဒ်ကို အော်ဆိုနေတဲ့ ပေါ့ပ်အဆိုတော်မတစ်ယောက်ရဲ့ အသံကအစ ရယ်မောပစ်လိုက်ဖို့ ခက်ခဲခဲ့တဲ့ အခိုက်အတန့်တွေပါပဲ။ တကယ်ပဲ အချစ်မရှိတဲ့အခါ အသက်ရှင်သန်ရတာ ခက်ခဲလားဟင် အစ်မ။ ကျနော့်မေးခွန်းကို ကျနော် ကိုယ်တိုင်ဖြေကြည့်ချင်တယ်။ ဒါမှမဟုတ်လည်း အစ်မပြန်ဖြေတဲ့အဖြေကို နားထောင်နိုင်ဖို့ ကြိုးစားကြည့်ချင်သေးတယ်။ ခက်ခဲမယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် အစ်မနဲ့ လွဲခဲ့ပြီးပြီပဲလေ။ လက်သည်းရာနဲ့ ဟက်တက်ကွဲတာဟာ နှိုင်းယှဉ်စရာ မဟုတ်မှန်းလည်း ကျနော်က ကောင်းကောင်းသိခဲ့ပါတယ် အစ်မ။
ဒီလိုနဲ့ပဲ အစ်မရဲ့ နွေးထွေးမှုတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ ကျနော့်ကိုယ်ပိုင် လက်ချောင်းတွေနဲ့ပဲ ဂျင်းဘောင်းဘီအသားစတွေ အမြောင်းမြောင်းထတဲ့အထိ ဆုတ်ဖြဲမိလိုက်တယ်။ စကားမစပ်ပြောရရင် တစ်ရက်သား ယုဇနပလာဇာက အထည်တန်းထဲမှာ ဂျင်းဂျက်ကက်တစ်ထည်ရဲ့ အဆင်ကို 'အဲဒါ သွေးကြောဒီဇိုင်းလေ'လို့ ဆိုင်ရှင်တစ်ယောက်က ညွှန်းဆိုပြောပြနေတာကို ကြားမိလို့ ကျနော် ဖျတ်ခနဲ ကြည့်လိုက်မိသေးတယ်။ 'အခုနောက်ပိုင်း လူငယ်တွေ အကြိုက်ပေါ့'တဲ့။ သူက ထပ်ပြောလိုက်သေးရဲ့။ တကယ်တော့ အခုလောက် ပြောပြရင်ကိုပဲ ကျနော့်အကြောင်း ကောင်းကောင်းသိတဲ့ အစ်မက ပြုံးနေတော့မှာ ကျနော် ခံစားမိတယ်။ နောက်ပြီး "မင်းဝယ်လာတဲ့ ဂျင်းဘောင်းဘီအသစ်က အဲဒီလို အဆင်မျိုး မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"လို့ သေချာပေါက် မှန်းဆမေးခွန်းထုတ်ဦးမှာပဲ။ အဲဒီအခါကျရင် "ဟုတ်ပါတယ်၊ ကျနော်က ရှုပ်ရှုပ်ယှက်ယှက် အဆင်ဆန်းတွေ မကြိုက်ဘူးလေ"လို့ ကျနော်ကလည်း ပြန်ဖြေရမှာပဲလေ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျနော့် အဖြေရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေခဲ့ပါပြီ။ အဲဒါက ကျနော် ဂျင်းဘောင်းဘီတစ်ထည်ကို ဆုတ်ဖြဲနေတဲ့အခါမှာ အဲဒီ ဂျင်းဘောင်းဘီက သွေးကြောအဆင်မျိုး ဖြစ်နေမယ်ဆိုရင် တကယ့်သွေးတွေ ထွက်ကျလာမယ်လို့ ထင်နေမိတဲ့ ကျနော့်ရဲ့ အာရုံမှောက်မှားမှုတွေကို ကိုယ်တိုင်ပြန်ကြောက်နေမိတဲ့ ကျနော့်ရဲ့ အကြောက်တရားပါပဲ။
အခုတော့လည်း အဲဒီလို သွေးကြောအဆင်မဟုတ်တဲ့ ဂျင်းဘောင်းဘီ အပြဲတစ်ထည်ဝတ်ပြီးတော့ပဲ ကျနော် မြို့ထဲဘက် လျှောက်လျှောက်သွားနေတော့တာပဲ။ အစ်မ သိပါတယ်။ မြို့ထဲဆိုတာ ပန်းဆိုးတန်းကို ပြောတာပေါ့။ ဆူးလေကို ပြောတာပေါ့။ ကျနော်ချစ်တဲ့ စာအုပ်တွေ၊ ခိုတွေ၊ ပန်းချီကားတွေ၊ ဟောင်းနွမ်းနေတဲ့ အဆောက်အဦးတွေ၊ သင်္ချာနံပါတ်စဉ်အတိုင်း စီတန်းနေတဲ့ လမ်းမတွေနဲ့ ပြည့်နှက်နေတဲ့ (ကျနော့်တစ်ယောက်တည်းအတွက်တော့) ရန်ကုန်ကန္တာရကြီးထဲက တစ်ခုတည်းသော အိုအေစစ်ကလေးပေါ့။ အစ်မက လူရှုပ်တဲ့ဒဏ် မခံနိုင်ဘူးဆိုတဲ့ အသိကို ပျားပန်းခတ်နေတဲ့ လူအုပ်ကြီးကို ကြည့်ကြည့်ပြီး ကျနော့်ကို ပြန်သတိရစေနိုင်တဲ့ အတိတ်ကာလတချို့ကို မွေးထုတ်ပေးရာ ဓာတ်ခွဲခန်းကြီးပေါ့။ အဲဒီ ဓာတ်ခွဲခန်းကြီးထဲကို ကျနော် ဂျင်းဘောင်းဘီအပြဲတစ်ထည်နဲ့ ဝင်လာမိတဲ့အခါတိုင်း ဖားတစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် ဓားနဲ့ခွဲစိတ်ဖို့အရေး တုန်တုန်ယင်ယင် ဖြစ်နေရှာတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ စာနာကြောက်ရွံ့မှုကို ခံစားရလေ့ရှိတယ်။ အစ်မကော အရင်လို ဓားတွေ၊ ကတ်ကြေးတွေကို လက်ကိုင်အိတ်ကလေးထဲမှာ(ပိုပြီး တိတိကျကျ ပြောရရင် လက်ကောက်ဝတ်နဲ့ သိပ်နီးစပ်တဲ့ နေရာတွေမှာ) ဆောင်ထားသေးသလားလို့ ကျနော် အပြေးအလွှား တွေးမိလိုက်သေးတယ်။
ကျနော်က အစ်မရဲ့ သွေးတွေကို မကြည့်ရဲဘူးလေ။ ဟင့်အင်း၊ မဟုတ်ဘူး။ ကျနော်ပြောချင်တာက မကြည့်ရက်ဘူးလို့ ပြောချင်တာ။ အရင်ကလည်း မကြည့်ရက်ခဲ့ဘူး။ အခုလည်း မကြည့်ရက်ဘူး။ နောက်ထပ် ဘယ်တော့မှလည်း...။ ဆောရီး အစ်မ။ နောက်ထပ်ဆိုတာမှ ကျနော်တို့ နှစ်ယောက်ကြားထဲမှာ မရှိတော့တာပဲ။ ရှိချင်းရှိရင် ဘယ်တော့မှ ဆိုတာပဲ ရှိလိမ့်မယ်။ အဲဒီ အသုံးအနှုန်းအတွက် ကျနော် အနူးအညွတ် တောင်းပန်ပါတယ် အစ်မ။ ကျနော် ဆိုလိုတာက အစ်မကို စိတ်ပူပါတယ်။ ထီးတစ်ချောင်းတောင် နှစ်ယောက်စာလုံခြုံအောင် ကိုင်မိုးပေးဖို့ အဖြစ်မရှိခဲ့တဲ့ကောင်က အစ်မအတွက် စိတ်ပူနေပါတယ်လို့ ပြောချင်တာပါ။ ထပ်ပြီး တောင်းပန်ပါတယ် အစ်မ။ အစ်မနဲ့ ပတ်သတ်လာရင် အခုထိ ကျနော့်ရဲ့ စကားလုံး အသုံးအနှုန်းတွေကအစ မှားနေတုန်းပါပဲ။ လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် ကျနော့်ကို ဒီတစ်ကြိမ်မှာတော့ ခွင့်လွှတ်ပေးပါ။ ကျနော်ဆိုတာက အခုချိန်မှာ ဘယ်တော့မှ အစ်မဆီ ရောက်နိုင်တော့မှာမဟုတ်တဲ့ စိတ်ခြေထောက်တွေနဲ့ လူတစ်ယောက်အဖြစ်နဲ့မို့ပါပဲ အစ်မရယ်။
အစ်မနဲ့ အတူရှိခဲ့ချိန်တုန်းကလို 'အရာရာတိုင်းဟာ ပြောင်းလဲသွားပြီနော်'လို့ ကျနော် ပြောမိရင် 'စောက်ကြီးစောက်ကျယ်တွေ ပြောပြန်ပြီကွာ'ဆိုပြီး အစ်မက ပြန်ပက်မှာပဲ။ ဒါပေမယ့် ဒီတစ်ခုတော့ ကျနော် မှန်ခဲ့တယ်။ သွေးထွက်အောင်ကို မှန်ခဲ့ပါတယ် အစ်မ ။ အရင်တုန်းက အစ်မ ထိုးဖွမွှေနှောက်ခဲ့ဖူးတဲ့ ကျနော့်ဆံပင်တွေ အခု သိပ်ရှည်လျားနေကြပြီ။ ဘယ်လောက်ထိတောင် ရှည်လျားနေခဲ့သလဲဆိုရင် လူတစ်ယောက်ဆီ လူတစ်ယောက်က နောက်ထပ် ပြန်မရောက်လာနိုင်တော့တဲ့အထိ ရှည်လျားနေခဲ့ပါပြီ။ ဆောရီး အစ်မ။ နောက်ထပ်လို့ ကျနော် မသုံးနှုန်းသင့်တော့ပါဘူး။ ဒါပေမယ့် ကျနော်လည်း မေ့တတ်လာနေပါပြီ။ ဟိုအရင်ကလို အစ်မရဲ့ ဖုန်းနံပါတ်ကို တရေးနိုးထမေးရင်တောင် အလွတ်ရနေတတ်တဲ့ ကောင်လေး မဟုတ်တော့ဘူး။ အခု သူ့နာမည်ကအစ သူမေ့နေတတ်တဲ့ လူတစ်ယောက်ဖြစ်နေပြီ။ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို 'ကျနော့်နာမည်လည်း အစ်မရဲ့ နာမည်ပါပဲ'လို့ ထုတ်ပြောချင်တဲ့စိတ်တွေ ကျပ်သိပ်နေတဲ့ နှလုံးသားနဲ့ လုံးပါးပါးနေတဲ့ လူသားတစ်ယောက် ဖြစ်နေခဲ့ပြီ။ ကျနော် အများအားဖြင့် မှန်ခဲ့ပါတယ် အစ်မ။ ဒါပေမယ့် အစ်မလည်း မြူတစ်မှုန်စာတောင်မှ မမှားယွင်းခဲ့ပါဘူး။
လေးဖြူဆိုထားတဲ့ 'အမဲလိုက်အက' သီချင်းရဲ့ အမ်တီဗွီကို အစ်မ ကြည့်ဖူးမှာပါ (အစ်မ သိလား၊ အခု ကျနော် အိုင်စီကိုလည်း လုံးဝ မကြိုက်တော့ဘူး)။ အဲဒီ သီချင်းထဲမှာ မြို့ထဲက လူတွေဟာ လမ်းတွေပေါ်မှာ မျက်နှာဖုံးတွေစွပ်ပြီး သွားလာနေကြတယ်လေ။ ကျနော် မြို့ထဲရောက်တဲ့အခါတိုင်းလည်း အဲဒီသီချင်းထဲကလို မြို့ကြီးထဲ ရောက်နေသလို ခံစားရတယ်။ လူတိုင်းဟာ မျက်နှာဖုံး ကိုယ်စီနဲ့ ကျနော့်ရှေ့ကနေ ဖြတ်လျှောက်သွားနေကြတယ်။ သီချင်းထဲက မြို့ကြီးနဲ့ မတူဘဲ ထူးခြားနေတာ တစ်ခုပဲ ရှိတယ်။ သူတို့ ဝတ်ဆင်ထားတဲ့ မျက်နှာတွေတိုင်းဟာ အစ်မရဲ့ မျက်နှာတွေ ဖြစ်နေကြတာပဲ။ အစ်မ ရယ်နေပြီ မဟုတ်လား။ အစ်မရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေး သိမ့်သိမ့်တုန်နေတဲ့အထိ အစ်မ ရယ်နေမှာပါ။ ကျနော် အစ်မကို အမြဲ သိခဲ့တယ်လေ။ ဒါပေမယ့် ကျနော့်အကြောင်း ကောင်းကောင်းသိတယ်ဆိုတဲ့ အစ်မ မသိခဲ့တာလေးက ကျနော် အစ်မကို အမြဲသိနေခဲ့တယ်ဆိုတာလေး တစ်ခုပဲမဟုတ်လား။
နောက်ဆုံးအနေနဲ့ ကျနော် ဘာဖြစ်လို့ ဂျင်းဘောင်းဘီအသစ်တွေကို ဆုတ်ဖြဲပြီး ဝတ်ဆင်နေတာလဲဆိုတာ အစ်မကို ပြောပြပါ့မယ်။ တကယ်တော့ ကျနော့် စိတ်အတွင်းသားထဲက အစ်မကို သူတို့မြင်သွားမှာ စိုးရိမ်လို့သက်သက် အာရုံလွှဲတဲ့သဘောနဲ့ ကျနော် ဝတ်နေတာပါ။ အစ်မ မျက်မှောင်လေးတွေ ကျုံ့တက်သွားပြီး တအံ့တဩများ ဖြစ်သွားမလား။ ဒီလိုပါ။ ဂျင်းဘောင်းဘီအပြဲဝတ်ပြီး ကျနော် အိမ်ကနေ ထွက်တဲ့အခါ မိဘတွေက ကျနော့် ဂျင်းဘောင်းဘီကို ကြည့်ပြီး အသစ်ကို ဖျက်ဆီးရကောင်းလားဆိုတဲ့ အကြည့်နဲ့ ကြည့်ကြမယ်။ အပြင်ရောက်လို့ စိတ်တူကိုယ်တူ ဘော်ဒါအပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါ မက်တယ်လ်သမားဆိုတာ ဒီလို အပြဲတွေမှ ဝတ်တာဆိုပြီး သူတို့ ကျေနပ်နှစ်သိမ့်နေကြလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျနော် ဆုတ်ဖြဲထားတဲ့ပုံစံကို အမှတ်ပေးနေကြလိမ့်မယ်။ မြို့ထဲကို သွားဖြစ်တဲ့နေ့တွေကျရင်တော့ ကျနော့်ကို တစ်ကြိမ်တစ်ခါမှ မတွေ့မြင်ဖူးတဲ့ လူတွေအားလုံးက အပြဲရာဗရပွနဲ့ ကျနော့် ဂျင်းဘောင်းဘီကိုပဲ စိတ်ဝင်စားကြမှာပါပဲ။ ကျနော်လိုချင်တာ အဲဒါပဲ အစ်မ။ ကျနော့် စိတ်ခံစားမှုတွေကို ဖော်ပြနိုင်တဲ့ ကျနော့်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထက် ကျနော့်ရဲ့ ဂျင်းဘောင်းဘီကိုပဲ သူတို့တွေ အာရုံစိုက်နေစေချင်တယ်။ ကျနော်ပြောခဲ့ဖူးသလိုပေါ့။ လက်သည်းရာနဲ့ ဟက်တက်ကွဲတာမှာ လက်သည်းရာလောက် အတိုင်းအဆပမာဏပဲရှိတဲ့ ဂျင်းဘောင်းဘီအပြဲတွေကိုပဲ တခြားလူတွေကို စိတ်ဝင်စားနေစေချင်တယ်လေ။
အခုလောက်ဆိုရင် အကင်းပါးလွန်းတဲ့ အစ်မက ဟက်တက်ကွဲနေတဲ့ ဒဏ်ရာကကော ဘာများလဲလို့ ကျနော့်ကို မေးနေတော့မှာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော် ဖြေဆိုခဲ့ပါရစေ။ အစ်မ နားနဲ့မနာရင်တောင် နှလုံးသားနဲ့ စာနာပြီး နားထောင်ပေးမှာပါပဲဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော် ဖြေဆိုခဲ့ပါရစေ။ ကျနော့် မျက်လုံးတွေကို စိုက်ကြည့်ပြီး သေချာနားထောင်ပေးပါ အစ်မ။ အဲဒီဒဏ်ရာကတော့ ဂျင်းဘောင်းဘီအပြဲတစ်ထည်နဲ့ လူငယ်တစ်ယောက်က အစ်မလို့ သူခေါ်လေ့ရှိတဲ့ မိန်းမတစ်ယောက်ကို သိပ်ချစ်ခဲ့တယ်ဆိုတာပါပဲ။

ဆစ်ခ်
ဇန်နဝါရီ၊ ၂၀၁၇

Labels:

သွေးအေးသတ္တဝါ

အားလပ်ရက်မှာ ငါးမျှားထွက်တဲ့အခါ
ချိတ်မှာ လာမိတဲ့ အရှင်လတ်လတ်ငါးရဲ့ အသားကို ဓားနဲ့ပါးပါးလှီးယူကာ အစိမ်းလိုက်ပါးစပ်ထဲ ပစ်ထည့်
ပြီး ငါးကို ရေထဲပြန်လွှတ်လိုက်တော့
အရိုးချည်းပဲကျန်တဲ့ငါးဟာ တွန့်လိမ်တွန့်လိမ်ကူးခတ်သွား
ရေထဲမှာ သူ့အသက်ဆက်ရှင်မယ်လို့
မျှားတဲ့လူကလည်း ယုံကြည်တယ်
ငါးကလည်း ယုံကြည်တယ်။

ကြည်ဇော်အေး
19 2 2017

Labels:

10 February, 2017

အခိုးခံလိုက်ရတဲ့ပန်းချီကား

အချိန်တွေကမြန်လိုက်တာ
ငါးဆယ်ကျော်လူတယောက်ရဲ့လက်ပတ်နာရီဟာ ပိုမိုလေးလံတယ်၊

မြေကမ္ဘာပေါ်ထားတဲ့ သစ်ပင်တွေရဲ့ သစ္စာအမြစ်တွယ်ပုံမျိုး
လေကဆိုးသွမ်းသလောက် ရေကကျိုးနွံတဲ့ကမ္ဘာတခုထဲမှာ၊
ခင်ဗျားပါးစပ်ထဲကို သေနတ်ပြောင်းထိုးထည့်လိုက်ရမလား
နောက်ထပ်သေနတ်တလက်ရှိသေးရင် နောက်ထပ်ပါးစပ်တပေါက်ဟပေးလိုက်အုန်းမယ်။

တတိုင်းတပြည်လုံး မင်းအရေးချည်းပဲ
မင်းတယောက်တည်းတိုင်းပြည်မှာကော ပြည်တွင်းစစ်ကပြီးလို့လား၊
ဒီတခေါက်ပြန်လာတာ ဖုန်တွေကိုစိတ်အပျက်ဆုံးပဲ တဲ့
နင့်အိမ်ရှေ့ကနှင်းတွေကတော့ နင့်အတွက်အက်ဆေးတပုဒ်ဖြစ်ပါစေ။

မင်းဆောက်ထားတဲ့မြို့ရိုးက မနိမ့်လွန်းဘူးလား
တုတ်တချောင်းနဲ့ မြေကြီးပေါ်တားထားတဲ့စည်းပေမဲ့ ခေါင်းဆယ်လုံးနဲ့ဘီလူးက မကျော်နိုင်ခဲ့ဘူး၊
လေထုဟာ ဘယ်နေရာမှာ သန့်စင်ပါသလဲ
သစ်လုံးတင်ကားကြီးတွေဖြတ်သွားတိုင်း မြို့ကလေးဟာအသက်ရှုရပ်ရပ်သွားတယ်။

ငါတို့ ကစားနည်းပြောင်းကြရအောင်
အဖြေကသိပြီးသားဆို အဲဒါ ပုစ္ဆာလို့မခေါ်ဘူး၊
မီးဖိုကိုထပိတ်မလို့လုပ်တုန်း တယ်လီဖုန်းသံကမြည်လာတယ်
အရက်ခွက်ထဲက ရေခဲတုန်းပေါ်မှာ ငါ့မျက်နှာဟာ အော်သံ။  ။

နှင်းခါးမိုး
၁၀၊ ဖေဖေါ်ဝါရီ၊ ၂၀၁၇

Labels:

ဒိုင်းဒိုင်း ဖိုးဖိုး ဘုန်း လဲကျ

ဂဏန်းက မငြိမ်သေးဘူး၊ သွေးတွေက အိုင်နေပြီ။
ဒဏ်ရာနဲ့အဲဒီမြစ်ကလေးဟာ ကြီးလာရင် ဘယ်ဆီကိုစီးဆင်းသွားမလဲ။

လုပ်ဖို့လိုလို့လုပ်တယ်၊ သေဖို့ဖြစ်လာလို့ သေတယ်။ ဆုံးရှုံးရတယ်ဆိုရင်တောင် ဆုံးရှုံးရမှုသက်သက်တော့မဟုတ်ဘူး။

ကလေးတွေအပေါ်ကို ဗုံးတွေကျလာတယ်
ပြခန်းနံရံက ပန်းချီကားတွေပေါ် သွေးစက်တွေလာစင်တယ်
မြေးကလေးကိုနမ်းနေတုန်းမှာ လောကကြီးကမှောင်ကျသွားတယ်။

လူကုံထံရပ်ကွက်လည်း မလုံခြုံဘူး၊ မြို့စွန်ခြံဝန်းလေးလည်း မအေးချမ်းဘူး။ တယောက်တည်းနေတယ်၊ တိုက်ခန်းလေးထဲ လက်သည်မပေါ်ဘူး။ အိမ်ကြီးရခိုင်နဲ့ အခြွေအရံနဲ့နေတယ်၊ အိပ်ခန်းထဲမှာ အကုန်မရှုမလှ၊ လူမမယ်သားသမီးလေးတွေလည်း အလွတ်မပေး၊ အဖေ့ဘေးမှာတယောက် အမေ့ဘေးမှာတယောက်၊ ဓါတ်ပုံတွေက မြင်မကောင်းဘူး။ တရားခံက ဘယ်မှာလဲ။

တစ္ဆေတွေက ခြောက်လှန့်နိုင်တယ်၊ လူတွေက ရှင်သန်နိုင်တယ်။ ပန်းတွေမပို့ဖြစ်ခဲ့လည်း သူ့တို့သွားမယ့်လမ်းကဖြောင့်ပါတယ်။ သူ့အဖိုးနဲ့ လေဆိပ်မှာဆော့ခဲ့ကြတာ မြေးလေးကမမေ့ဘူး။ လာတဲ့လူတွေကို ပြောပြောပြသတဲ့။
ငိုသံတွေနောက်မှာ ရေတံခွန်ကြီးကိုထမ်းထားတဲ့ ကျောက်သားနံရံကြီးရှိသလိုမျိုး၊ ကျည်ဆံတိုင်းမှာလည်း သူ့ငရဲနဲ့သူ။

နှင်းခါးမိုး
၀၆၊ ဖေဖေါ်ဝါရီ၊ ၂၀၁၇

Labels: