ဘယ်လိုနည်းနဲ့တွက်တွက်
ဂီတဆိုတာ ပုံသေနည်းတစ်ခုရဲ့ သချာင်္ပဲ
တစ်ခါထက်ပိုပြောရင် မမှတ်မိဘူးဆိုတဲ့ ထိုးကွင်းမင်ကြောင်ထိုးသူ
သူ့လက်ရာကို အရေခွံခွာပစ်ရင်း အရေပြားပေါ် အရုပ်ရေး
အရွေ့အတိုင်း ငေးလိုက်ရ
တော်ပြီ
အော်ပရာဆိုတာ ကြော်ငြာစရာမှမဟုတ်ပဲ
ရာသီဥတုက ချစ်ခင်မှု ခေါင်းပါးနေချိန်မှာ
ဘဝနဲ့ အရက်ကို ငါ့ခွက်ထဲမှာ ရေထည့်ပြီး
ရင်ဘတ်ထဲ ရေသွန်ပစ်နေတဲ့ ရေတံခွန်
မိုးရေနဲ့ ဖျော်ထားတဲ့ ကော်ဖီကိုသောက်ရင်း
မေ့နေတဲ့ ကိုယ့်နာမည်ကို ပြန်လည်တွေ့ခဲ့ရ
ကျွန်တော်ဟာ ၃မိနစ်ထက် ပိုမပြောရတဲ့ အူကြောင်ကြားပဲ
ဘဝနဲ့ ရိုက်တဲ့ ရုပ်ရှင်မပြီးခင်မှာ
မီးခလုတ်ဆိုတာ ခုပိတ်ခုဖွင့်လို့ရတဲ့ မြစ်မဟုတ်ဘူး
သူ့အရိုးအတိုင်း အရွက်တွေ အရိပ်လို ရှည်လျားပြီး
စကားလုံးမပါတဲ့ ပြဇာတ်ရဲ့တစ်နေ့တာ စီးဆင်းမှုမှာ
ဆားမပါတဲ့ ငါဟာ ဘာနဲ့ချက်ထားတဲ့ ဟင်းတစ်ခွက်လဲ
ငွေကြေးက ငါ့ကို ဘာနဲ့ မျှား မျှား
ငါက ငါးတစ်ကောင်မဟုတ်လို့ မဟပ်မိခဲ့
မနက်ဖြန်ရဲ့ လက်ဖျံရိုးအထိ
မိုးခိုနေတဲ့ ငါ့ကဗျာမှာ ဘာစာသားမှ မပါခဲ့ဘူး။
ဌေးကြည် (စလင်း)
idea magazine, June, 2012
No comments:
Post a Comment