23 February, 2017

ပျော်ရွှင်မှုကို တစ်ဝက်တိတိ လွှင့်ထူထားရသော

မျှော်လင့်လို့ မရတာကို မျှော်လင့်ဖူးခဲ့တယ်လို့ပဲ စိတ်ထဲ ရေးထွင်းခဲ့မိတယ်
နေ့တစ်ဝက် ညတစ်ဝက် ညီမျှခြင်း ချလို့မရတဲ့ အဖြစ်အပျက်များ
အလွမ်းအဆွေးဆိုတာ ငါတို့ လူငယ်ဘဝ သီဆိုခဲ့သော တေးသွား
အမှန်တကယ်ပိုင်ဆိုင်ခဲ့ရသော ချစ်သူ့ကိုယ်သင်းရနံ့ဟောင်းများ
ရင်ဘတ်မှာ စာတမ်း အမျိုးမျိုး ရေးထိုးထားတဲ့ တီရှပ်များ
နှလုံးသားရေးရာကို အလွန်အကျွံ စိတ်ဝင်စားမိသော ကျောင်းသားဘဝရဲ့ နေ့စွဲများ
ရုပ်ရှင်ကြည့်မိသလို တဖျတ်ဖျတ် ပြန်ပေါ်လာသော ဇာတ်ဝင်ခန်းများ
နံရံကို ငေးမောနေလည်း မနေ့က တွေးတဲ့ စိတ်ကူးအတိုင်း ပုံရိပ်ထင်တယ်
နာကျင် ဆွတ်ပျံ့ဖွယ်ရာ ဇာတ်လမ်း တစ်ပိုင်းတစ်စက ငါ့ငယ်ဘဝကို ရည်ညွှန်းတယ်
ငါတို့ ဝတ်ခဲ့သော ဂျင်းဘောင်းဘီများ ရင်ခုန်နှုန်းကို သတိနဲ့ထိန်းရတယ်
စက်ဘီးလေးနာမည် ROADMAN ဆိုတာ ငါ့ကို အထူးပြုတဲ့ နာမဝိသေသန
ငါ အခုကြိုက်တဲ့ အရောင်က အနက်ရောင်
ငါ အခု နှစ်သက်တဲ့ ဂီတက ရော့ခ် ဂီတ
ငါ အခုသောက်တဲ့ အယ်လ်ကိုဟောက ချစ်ခြင်းမေတ္တာ ဝီစကီ
ငါ အခု စွဲလန်းတဲ့ ကောင်မလေးနာမည်က စုမြတ်မြတ်ထွေး
ဒီစာသားတွေ အားလုံး ငါ့ဘာသာရေးခဲ့ကြောင်း ဝန်ခံပါရစေတော့။ ။

အောင်ပိုင်စိုး
၂၀၀၆ ၊ မေ ၊ heart magazine

Labels: