အစ်မ မမြင်ဖူးသေးတဲ့ ကျနော့်ရဲ့ ဂျင်းဘောင်းဘီအပြဲတစ်ထည်
ကျနော် ဂျင်းဘောင်းဘီအသစ်တစ်ထည် ဝယ်လာခဲ့တဲ့နေ့မှာ ရာသီဥတုကအစ လွမ်းနေခဲ့တယ် အစ်မ။ ဒီလိုပါ။ ဝယ်လာခဲ့တဲ့ ဂျင်းဘောင်းဘီရဲ့ မီးခြစ်ထည့်လို့ရတဲ့ အိတ်ကပ်ကလေးထဲကနေ အစ်မရဲ့ ရယ်သံတွေ ထွက်ကျလာတယ်လို့ စိတ်ထဲကနေ တစ်ကိုယ်တည်း ရေရွတ်မိလိုက်ချိန်မှာ တကယ့်အပြင်လောကထဲက အစ်မ ရယ်မောမိလိုက်ချိန်နဲ့ ထပ်တူများ ကျနေမလားလို့ ကျနော် တွေးမိလိုက်တဲ့ အခိုက်အတန့်လေးထဲက အဖြစ်အပျက်တွေကို ပြောတာပါ။ ဘယ်လောက်တောင်မှ မိုက်မဲခဲ့တဲ့ ကောင်းကင်ကြီးလည်း အစ်မရယ်။ အစ်မကို ကျနော် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ကျနော့်ကိုယ်ကျနော်လည်း ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ကျနော်နဲ့ အစ်မကြားမှာ မိုးရေစက်တွေလား မျက်ရည်တွေလား မကွဲပြားတဲ့ အဆီးအတားတစ်ခု ခြားထားသလိုပါပဲ။ ချက်ချင်းဆိုသလိုပဲ ကျနော့်ရဲ့ မျက်လုံးတွေ ပြာသီလာတယ်။ ဝေဝါးနေတဲ့ ကျနော့်ရဲ့ စိတ်အာရုံတွေကို ဘယ်လိုအဝတ်အထည်ကများ လုံခြုံစေနိုင်မလဲလို့လည်း တွေးတောကြည့်နေမိတယ်။ အသစ်စက်စက် ဂျင်းဘောင်းဘီတစ်ထည်ကတော့ ကျနော့် မျက်စိရှေ့မှာ အခုထိ ပုံလျက်သား ပြိုလဲကျနေတုန်းပဲ။
အစ်မ သိလား။ အခုဆိုရင် ဂျင်းဘောင်းဘီ အသစ်တစ်ထည် ဝယ်လာမိတိုင်း ကျနော် ဆုတ်ဖြဲပြီးမှ ဝတ်ဖြစ်တယ်။ တကယ်တော့ ဂျင်းဘောင်းဘီကို လှလှပပ ဆုတ်ဖြဲတတ်ဖို့ဆိုတာ ကျနော့်အတွက် သိပ်လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တူနှစ်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပြီး အစ်မပန်းကန်ထဲက အသားတုံးကလေးတွေကို ညှပ်ယူလိုက်၊ ကျနော့် ပန်းကန်ထဲ ထည့်ပေးလိုက် လုပ်နေတဲ့ အစ်မရဲ့လက်တွေကို လွမ်းလိုက်တာ။ အစ်မသာဆိုရင် ကျနော့်အတွက် အလှပဆုံး အပြဲရာတွေနဲ့ ဂျင်းဘောင်းဘီတစ်ထည် ဖြစ်စေမှာလို့ ကျနော် ယုံတယ်။ တကယ်ပါ။ အစ်မသာဆိုရင် ကျနော့်ခန္ဓာကိုယ်ပေါ်တင်တဲ့ အဝတ်အထည်ကအစ ဆေးဖက်ဝင်အောင် လုပ်ပစ်ချင်ရင် လုပ်ပစ်လိုက်နိုင်မှာ။ ကျနော် အခုရက်ပိုင်း ခဏခဏ ချောင်းတွေသိပ်ဆိုးတာပဲ အစ်မရယ်။ 'ဆေးလိပ်တွေ သိပ်မသောက်နဲ့နော်'လို့ ပြောတတ်တဲ့သူတစ်ယောက်ရဲ့ ရှိမှုတန်ဖိုးဟာ ကျနော့် လည်ချောင်းထဲကနေ အပြင်ဘက်ကို တိုးတိုးထွက်နေသလိုပါပဲ။ ကျနော့်လည်ချောင်းတွေ ယားကျိကျိဖြစ်နေပုံဟာ ကိုယ့်အသက်ဇီဝဓာတ်ကို ကိုယ်တိုင်အန်ထုတ်ပစ်ချင်လာအောင် ဆွဲဆောင်နေတဲ့အတိုင်းပဲ။ အချစ်မရှိရင် အသက်မရှင်ချင်တော့ဘူးလို့ အဓိပ္ပါယ်ရတဲ့ ပေါပေါပဲပဲ သီချင်းတစ်ပုဒ်ကို အော်ဆိုနေတဲ့ ပေါ့ပ်အဆိုတော်မတစ်ယောက်ရဲ့ အသံကအစ ရယ်မောပစ်လိုက်ဖို့ ခက်ခဲခဲ့တဲ့ အခိုက်အတန့်တွေပါပဲ။ တကယ်ပဲ အချစ်မရှိတဲ့အခါ အသက်ရှင်သန်ရတာ ခက်ခဲလားဟင် အစ်မ။ ကျနော့်မေးခွန်းကို ကျနော် ကိုယ်တိုင်ဖြေကြည့်ချင်တယ်။ ဒါမှမဟုတ်လည်း အစ်မပြန်ဖြေတဲ့အဖြေကို နားထောင်နိုင်ဖို့ ကြိုးစားကြည့်ချင်သေးတယ်။ ခက်ခဲမယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် အစ်မနဲ့ လွဲခဲ့ပြီးပြီပဲလေ။ လက်သည်းရာနဲ့ ဟက်တက်ကွဲတာဟာ နှိုင်းယှဉ်စရာ မဟုတ်မှန်းလည်း ကျနော်က ကောင်းကောင်းသိခဲ့ပါတယ် အစ်မ။
ဒီလိုနဲ့ပဲ အစ်မရဲ့ နွေးထွေးမှုတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ ကျနော့်ကိုယ်ပိုင် လက်ချောင်းတွေနဲ့ပဲ ဂျင်းဘောင်းဘီအသားစတွေ အမြောင်းမြောင်းထတဲ့အထိ ဆုတ်ဖြဲမိလိုက်တယ်။ စကားမစပ်ပြောရရင် တစ်ရက်သား ယုဇနပလာဇာက အထည်တန်းထဲမှာ ဂျင်းဂျက်ကက်တစ်ထည်ရဲ့ အဆင်ကို 'အဲဒါ သွေးကြောဒီဇိုင်းလေ'လို့ ဆိုင်ရှင်တစ်ယောက်က ညွှန်းဆိုပြောပြနေတာကို ကြားမိလို့ ကျနော် ဖျတ်ခနဲ ကြည့်လိုက်မိသေးတယ်။ 'အခုနောက်ပိုင်း လူငယ်တွေ အကြိုက်ပေါ့'တဲ့။ သူက ထပ်ပြောလိုက်သေးရဲ့။ တကယ်တော့ အခုလောက် ပြောပြရင်ကိုပဲ ကျနော့်အကြောင်း ကောင်းကောင်းသိတဲ့ အစ်မက ပြုံးနေတော့မှာ ကျနော် ခံစားမိတယ်။ နောက်ပြီး "မင်းဝယ်လာတဲ့ ဂျင်းဘောင်းဘီအသစ်က အဲဒီလို အဆင်မျိုး မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"လို့ သေချာပေါက် မှန်းဆမေးခွန်းထုတ်ဦးမှာပဲ။ အဲဒီအခါကျရင် "ဟုတ်ပါတယ်၊ ကျနော်က ရှုပ်ရှုပ်ယှက်ယှက် အဆင်ဆန်းတွေ မကြိုက်ဘူးလေ"လို့ ကျနော်ကလည်း ပြန်ဖြေရမှာပဲလေ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျနော့် အဖြေရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေခဲ့ပါပြီ။ အဲဒါက ကျနော် ဂျင်းဘောင်းဘီတစ်ထည်ကို ဆုတ်ဖြဲနေတဲ့အခါမှာ အဲဒီ ဂျင်းဘောင်းဘီက သွေးကြောအဆင်မျိုး ဖြစ်နေမယ်ဆိုရင် တကယ့်သွေးတွေ ထွက်ကျလာမယ်လို့ ထင်နေမိတဲ့ ကျနော့်ရဲ့ အာရုံမှောက်မှားမှုတွေကို ကိုယ်တိုင်ပြန်ကြောက်နေမိတဲ့ ကျနော့်ရဲ့ အကြောက်တရားပါပဲ။
အခုတော့လည်း အဲဒီလို သွေးကြောအဆင်မဟုတ်တဲ့ ဂျင်းဘောင်းဘီ အပြဲတစ်ထည်ဝတ်ပြီးတော့ပဲ ကျနော် မြို့ထဲဘက် လျှောက်လျှောက်သွားနေတော့တာပဲ။ အစ်မ သိပါတယ်။ မြို့ထဲဆိုတာ ပန်းဆိုးတန်းကို ပြောတာပေါ့။ ဆူးလေကို ပြောတာပေါ့။ ကျနော်ချစ်တဲ့ စာအုပ်တွေ၊ ခိုတွေ၊ ပန်းချီကားတွေ၊ ဟောင်းနွမ်းနေတဲ့ အဆောက်အဦးတွေ၊ သင်္ချာနံပါတ်စဉ်အတိုင်း စီတန်းနေတဲ့ လမ်းမတွေနဲ့ ပြည့်နှက်နေတဲ့ (ကျနော့်တစ်ယောက်တည်းအတွက်တော့) ရန်ကုန်ကန္တာရကြီးထဲက တစ်ခုတည်းသော အိုအေစစ်ကလေးပေါ့။ အစ်မက လူရှုပ်တဲ့ဒဏ် မခံနိုင်ဘူးဆိုတဲ့ အသိကို ပျားပန်းခတ်နေတဲ့ လူအုပ်ကြီးကို ကြည့်ကြည့်ပြီး ကျနော့်ကို ပြန်သတိရစေနိုင်တဲ့ အတိတ်ကာလတချို့ကို မွေးထုတ်ပေးရာ ဓာတ်ခွဲခန်းကြီးပေါ့။ အဲဒီ ဓာတ်ခွဲခန်းကြီးထဲကို ကျနော် ဂျင်းဘောင်းဘီအပြဲတစ်ထည်နဲ့ ဝင်လာမိတဲ့အခါတိုင်း ဖားတစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် ဓားနဲ့ခွဲစိတ်ဖို့အရေး တုန်တုန်ယင်ယင် ဖြစ်နေရှာတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ စာနာကြောက်ရွံ့မှုကို ခံစားရလေ့ရှိတယ်။ အစ်မကော အရင်လို ဓားတွေ၊ ကတ်ကြေးတွေကို လက်ကိုင်အိတ်ကလေးထဲမှာ(ပိုပြီး တိတိကျကျ ပြောရရင် လက်ကောက်ဝတ်နဲ့ သိပ်နီးစပ်တဲ့ နေရာတွေမှာ) ဆောင်ထားသေးသလားလို့ ကျနော် အပြေးအလွှား တွေးမိလိုက်သေးတယ်။
ကျနော်က အစ်မရဲ့ သွေးတွေကို မကြည့်ရဲဘူးလေ။ ဟင့်အင်း၊ မဟုတ်ဘူး။ ကျနော်ပြောချင်တာက မကြည့်ရက်ဘူးလို့ ပြောချင်တာ။ အရင်ကလည်း မကြည့်ရက်ခဲ့ဘူး။ အခုလည်း မကြည့်ရက်ဘူး။ နောက်ထပ် ဘယ်တော့မှလည်း...။ ဆောရီး အစ်မ။ နောက်ထပ်ဆိုတာမှ ကျနော်တို့ နှစ်ယောက်ကြားထဲမှာ မရှိတော့တာပဲ။ ရှိချင်းရှိရင် ဘယ်တော့မှ ဆိုတာပဲ ရှိလိမ့်မယ်။ အဲဒီ အသုံးအနှုန်းအတွက် ကျနော် အနူးအညွတ် တောင်းပန်ပါတယ် အစ်မ။ ကျနော် ဆိုလိုတာက အစ်မကို စိတ်ပူပါတယ်။ ထီးတစ်ချောင်းတောင် နှစ်ယောက်စာလုံခြုံအောင် ကိုင်မိုးပေးဖို့ အဖြစ်မရှိခဲ့တဲ့ကောင်က အစ်မအတွက် စိတ်ပူနေပါတယ်လို့ ပြောချင်တာပါ။ ထပ်ပြီး တောင်းပန်ပါတယ် အစ်မ။ အစ်မနဲ့ ပတ်သတ်လာရင် အခုထိ ကျနော့်ရဲ့ စကားလုံး အသုံးအနှုန်းတွေကအစ မှားနေတုန်းပါပဲ။ လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် ကျနော့်ကို ဒီတစ်ကြိမ်မှာတော့ ခွင့်လွှတ်ပေးပါ။ ကျနော်ဆိုတာက အခုချိန်မှာ ဘယ်တော့မှ အစ်မဆီ ရောက်နိုင်တော့မှာမဟုတ်တဲ့ စိတ်ခြေထောက်တွေနဲ့ လူတစ်ယောက်အဖြစ်နဲ့မို့ပါပဲ အစ်မရယ်။
အစ်မနဲ့ အတူရှိခဲ့ချိန်တုန်းကလို 'အရာရာတိုင်းဟာ ပြောင်းလဲသွားပြီနော်'လို့ ကျနော် ပြောမိရင် 'စောက်ကြီးစောက်ကျယ်တွေ ပြောပြန်ပြီကွာ'ဆိုပြီး အစ်မက ပြန်ပက်မှာပဲ။ ဒါပေမယ့် ဒီတစ်ခုတော့ ကျနော် မှန်ခဲ့တယ်။ သွေးထွက်အောင်ကို မှန်ခဲ့ပါတယ် အစ်မ ။ အရင်တုန်းက အစ်မ ထိုးဖွမွှေနှောက်ခဲ့ဖူးတဲ့ ကျနော့်ဆံပင်တွေ အခု သိပ်ရှည်လျားနေကြပြီ။ ဘယ်လောက်ထိတောင် ရှည်လျားနေခဲ့သလဲဆိုရင် လူတစ်ယောက်ဆီ လူတစ်ယောက်က နောက်ထပ် ပြန်မရောက်လာနိုင်တော့တဲ့အထိ ရှည်လျားနေခဲ့ပါပြီ။ ဆောရီး အစ်မ။ နောက်ထပ်လို့ ကျနော် မသုံးနှုန်းသင့်တော့ပါဘူး။ ဒါပေမယ့် ကျနော်လည်း မေ့တတ်လာနေပါပြီ။ ဟိုအရင်ကလို အစ်မရဲ့ ဖုန်းနံပါတ်ကို တရေးနိုးထမေးရင်တောင် အလွတ်ရနေတတ်တဲ့ ကောင်လေး မဟုတ်တော့ဘူး။ အခု သူ့နာမည်ကအစ သူမေ့နေတတ်တဲ့ လူတစ်ယောက်ဖြစ်နေပြီ။ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို 'ကျနော့်နာမည်လည်း အစ်မရဲ့ နာမည်ပါပဲ'လို့ ထုတ်ပြောချင်တဲ့စိတ်တွေ ကျပ်သိပ်နေတဲ့ နှလုံးသားနဲ့ လုံးပါးပါးနေတဲ့ လူသားတစ်ယောက် ဖြစ်နေခဲ့ပြီ။ ကျနော် အများအားဖြင့် မှန်ခဲ့ပါတယ် အစ်မ။ ဒါပေမယ့် အစ်မလည်း မြူတစ်မှုန်စာတောင်မှ မမှားယွင်းခဲ့ပါဘူး။
လေးဖြူဆိုထားတဲ့ 'အမဲလိုက်အက' သီချင်းရဲ့ အမ်တီဗွီကို အစ်မ ကြည့်ဖူးမှာပါ (အစ်မ သိလား၊ အခု ကျနော် အိုင်စီကိုလည်း လုံးဝ မကြိုက်တော့ဘူး)။ အဲဒီ သီချင်းထဲမှာ မြို့ထဲက လူတွေဟာ လမ်းတွေပေါ်မှာ မျက်နှာဖုံးတွေစွပ်ပြီး သွားလာနေကြတယ်လေ။ ကျနော် မြို့ထဲရောက်တဲ့အခါတိုင်းလည်း အဲဒီသီချင်းထဲကလို မြို့ကြီးထဲ ရောက်နေသလို ခံစားရတယ်။ လူတိုင်းဟာ မျက်နှာဖုံး ကိုယ်စီနဲ့ ကျနော့်ရှေ့ကနေ ဖြတ်လျှောက်သွားနေကြတယ်။ သီချင်းထဲက မြို့ကြီးနဲ့ မတူဘဲ ထူးခြားနေတာ တစ်ခုပဲ ရှိတယ်။ သူတို့ ဝတ်ဆင်ထားတဲ့ မျက်နှာတွေတိုင်းဟာ အစ်မရဲ့ မျက်နှာတွေ ဖြစ်နေကြတာပဲ။ အစ်မ ရယ်နေပြီ မဟုတ်လား။ အစ်မရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေး သိမ့်သိမ့်တုန်နေတဲ့အထိ အစ်မ ရယ်နေမှာပါ။ ကျနော် အစ်မကို အမြဲ သိခဲ့တယ်လေ။ ဒါပေမယ့် ကျနော့်အကြောင်း ကောင်းကောင်းသိတယ်ဆိုတဲ့ အစ်မ မသိခဲ့တာလေးက ကျနော် အစ်မကို အမြဲသိနေခဲ့တယ်ဆိုတာလေး တစ်ခုပဲမဟုတ်လား။
နောက်ဆုံးအနေနဲ့ ကျနော် ဘာဖြစ်လို့ ဂျင်းဘောင်းဘီအသစ်တွေကို ဆုတ်ဖြဲပြီး ဝတ်ဆင်နေတာလဲဆိုတာ အစ်မကို ပြောပြပါ့မယ်။ တကယ်တော့ ကျနော့် စိတ်အတွင်းသားထဲက အစ်မကို သူတို့မြင်သွားမှာ စိုးရိမ်လို့သက်သက် အာရုံလွှဲတဲ့သဘောနဲ့ ကျနော် ဝတ်နေတာပါ။ အစ်မ မျက်မှောင်လေးတွေ ကျုံ့တက်သွားပြီး တအံ့တဩများ ဖြစ်သွားမလား။ ဒီလိုပါ။ ဂျင်းဘောင်းဘီအပြဲဝတ်ပြီး ကျနော် အိမ်ကနေ ထွက်တဲ့အခါ မိဘတွေက ကျနော့် ဂျင်းဘောင်းဘီကို ကြည့်ပြီး အသစ်ကို ဖျက်ဆီးရကောင်းလားဆိုတဲ့ အကြည့်နဲ့ ကြည့်ကြမယ်။ အပြင်ရောက်လို့ စိတ်တူကိုယ်တူ ဘော်ဒါအပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါ မက်တယ်လ်သမားဆိုတာ ဒီလို အပြဲတွေမှ ဝတ်တာဆိုပြီး သူတို့ ကျေနပ်နှစ်သိမ့်နေကြလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျနော် ဆုတ်ဖြဲထားတဲ့ပုံစံကို အမှတ်ပေးနေကြလိမ့်မယ်။ မြို့ထဲကို သွားဖြစ်တဲ့နေ့တွေကျရင်တော့ ကျနော့်ကို တစ်ကြိမ်တစ်ခါမှ မတွေ့မြင်ဖူးတဲ့ လူတွေအားလုံးက အပြဲရာဗရပွနဲ့ ကျနော့် ဂျင်းဘောင်းဘီကိုပဲ စိတ်ဝင်စားကြမှာပါပဲ။ ကျနော်လိုချင်တာ အဲဒါပဲ အစ်မ။ ကျနော့် စိတ်ခံစားမှုတွေကို ဖော်ပြနိုင်တဲ့ ကျနော့်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထက် ကျနော့်ရဲ့ ဂျင်းဘောင်းဘီကိုပဲ သူတို့တွေ အာရုံစိုက်နေစေချင်တယ်။ ကျနော်ပြောခဲ့ဖူးသလိုပေါ့။ လက်သည်းရာနဲ့ ဟက်တက်ကွဲတာမှာ လက်သည်းရာလောက် အတိုင်းအဆပမာဏပဲရှိတဲ့ ဂျင်းဘောင်းဘီအပြဲတွေကိုပဲ တခြားလူတွေကို စိတ်ဝင်စားနေစေချင်တယ်လေ။
အခုလောက်ဆိုရင် အကင်းပါးလွန်းတဲ့ အစ်မက ဟက်တက်ကွဲနေတဲ့ ဒဏ်ရာကကော ဘာများလဲလို့ ကျနော့်ကို မေးနေတော့မှာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော် ဖြေဆိုခဲ့ပါရစေ။ အစ်မ နားနဲ့မနာရင်တောင် နှလုံးသားနဲ့ စာနာပြီး နားထောင်ပေးမှာပါပဲဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော် ဖြေဆိုခဲ့ပါရစေ။ ကျနော့် မျက်လုံးတွေကို စိုက်ကြည့်ပြီး သေချာနားထောင်ပေးပါ အစ်မ။ အဲဒီဒဏ်ရာကတော့ ဂျင်းဘောင်းဘီအပြဲတစ်ထည်နဲ့ လူငယ်တစ်ယောက်က အစ်မလို့ သူခေါ်လေ့ရှိတဲ့ မိန်းမတစ်ယောက်ကို သိပ်ချစ်ခဲ့တယ်ဆိုတာပါပဲ။
ဆစ်ခ်
ဇန်နဝါရီ၊ ၂၀၁၇
Labels: ဆစ်ခ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home