11 September, 2016

လိုင်းနိုင်းမှာ တစ်ယောက်ဆင်းမယ်

သတင်းခေါင်းစဉ်မှအစ -
ဘောင်နဲ့ ပတ္တာပြုတ်နေတဲ့ တံခါးရွက်ကြားက
ဝင်လာနေတဲ့ အလင်းတန်းကို
ဖမ်းဆီးနိုင်ရင် ဈေးဘယ်လောက် -
ယနေ့ ရာသီဥတု သာယာမည်အဆုံး
မပျက်မကွက် တက်ရောက်ကြရမည် ဖြစ်ပါကြောင်း
ငြင်းပယ်ခြင်းမဟုတ်တဲ့ အသိအမှတ်ပြုခြင်းရဲ့
ဖြစ်နိုင်ချေအလားအလာတွေအဝဝ
တံခါးဝမှာ အားပါးတရ ဖက်လှဲတကင်း ကြိုဆိုသည်
သို့သော်လည်း ဒါပေသည့်နှင့်တကွ ပသို့ဆိုစေကိုပါ
ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်
“ဒါမှမဟုတ်သေးရင်
ဘာမှမဟုတ်တော့ဘူး
ကိုယ့်အလုပ်သာ ကိုယ်စေးစေးပိုင်ပိုင်ဆက်လုပ်
အလုပ်ဟာလည်း သူ့အလုပ်သူ ဆက်လုပ်မယ်”
အဲသလို နားစွန်နားဖျား
ကြားလိုက်မိသလိုလို ဘယ်သူပြောသွားလဲ
ဒါပေမယ့် ဆက်အိပ်ကြစို့
မနက်ဖန်မှာ ရောင်နီလာမယ်တဲ့
မိတ်ဆွေတို့ရေ... စိတ်ချ
သမိုင်းဌာနရဲ့ စာကြည့်တိုက်ထဲ
ပျောက်နေတဲ့ စာရင်းတွေထဲက လူတစ်ယောက်
အရှင်လတ်လတ် ထွက်လာတာ
တွေ့လိုက်မိသလား ကိုယ့်လူရဲ့
ဒီကိစ္စကိုတင်ပြဖို့
နာမဝိသေသနအချို့
မရှိသေးကြောင်းပါဘုရား
ဟောဒီမှာ သင့်အတွက်
စိတ်ကြိုက်ရွေးချယ်စရာ မနက်ဖန်တွေ
ပြီး အရံမနက်ဖန်တွေ
အရံနက်ဖန်တွေရဲ့ အရံတွေ
မှန်မှန်ကန်ကန် ရွေးချယ်ဖို့တော့ လိုမယ်နော်
“အမှန်တရားပါရင် ထားခဲ့ပါ”

ဇေယျာလင်း
သီတင်းကျွတ်လပြည့်နေ့
အောက်တိုဘာ ၂၀၀၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home