27 July, 2016

အရိပ်မထွက်တဲ့မှတ်စု

မမွေးခင်ကတည်းက
ကျွန်တော်တို့ကို ၀ါးမျိုဖို့စောင့်ဆိုင်းနေကြတဲ့ ယဉ်ကျေးမှုတွေပါ
ဟုတ်ပါတယ်
ရထားတွေ အများကြီးဆိုက်ပါတယ်၊ ကိုယ့်ခရီးနဲ့ကိုယ်ပေါ့
ရန်ကုန်ဘူတာကြီးထဲ ကျည်ဆန်ရထားကိုမှ ရှာနေရင်တော့
ကျွန်တော်နဲ့ခင်ဗျား တစ်ခုခုမှားနေပြီ
တနင်္ဂနွေနေ့ဟာ ခံစားချက်မရှိဘူးး
သွေးစွန်းသော တနင်္ဂနွေနေ့ သို့မဟုတ် တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်
ကဲ .. ခံစားချက်မှာ မူပိုင်ခွင့်တွေပါ တွဲပါလာပါပြီ
"တနင်္ဂနွေ"ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်အထိ တူးဖော်လာပြီဆိုရင်တော့
အဘိဓာန်နဲ့ စွယ်စုံကျမ်းပါပဲ
ဘယ်သူတွေကများ ကျွန်တော်တို့ကို ပြဌာန်းခဲ့သလဲ
ဘုရားသခင်လား၊ အာလာဒင်မီးခွက်လား၊ ဟေတုပစ္စယောလား
ကလလရေကြည်နဲ့ ဇီဝကမ္မဖြစ်စဉ်
လိင်၊ အမည်နာမ၊ မိဘ
အယူဝါဒ၊ ဒီအင်အေ၊ ဘာသာစကား
အားလုံးသင်ရိုးအတိုင်း သင်လိုက်ကြရုံသာ
မိမိကိုယ်ကို မရရှိသေးခင်မှာပဲ
ခေတ်ဟာ ကျွန်တော်တို့ကို ပိတ်ဆို့ထားလိုက်ပြီးပါပြီ
အခွံတစ်ခုကို ဖောက်ထွက်လိုက်တဲ့အခါ
ဒီထက်ကြီးတဲ့ အခွံတစ်ခု ခင်ဗျားတွေ့ရှိလိုက်ရသလိုပေါ့
ဟားဘတ်တက္ကသိုလ်မှာ တက်ဖူးချင်ပါရဲ့
စတီဖင်ဟော့ကင်းနဲ့ တွေ့ဖူးချင်ပါရဲ့
အာကာသထဲကနေ ကမ္ဘာကို ကြည့်ချင်ပါရဲ့
အခုတော့
လူတစ်ဝက်၊ အချစ်တစ်ဝက်၊ ဘားတော့ဘရက်နဲ့ တစ်ခွက်လေ
အိပ်မက်တွေမှောင်ရတဲ့အထဲ
လူတွေလည်း မသဲကွဲသေးလို့ ။

မောင်ရှင်စော
ရနံ့သစ်၊အောက်တိုဘာ၊ ၂၀၁၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home