စစ်ဟာ ကခုန်နေတယ်
မနက်ခင်း သတင်းတွေထဲကနေ တို့ကိုပါးနားရိုက်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်ပြန်တစ်ယောက်ပြောတာက
စစ်ဟာ ကျောသားရင်သား မခွဲခြားဘူးဆိုပါလား
ဟုတ်တာပေါ့၊ဒုက္ခသည်တွေရဲ့ကျောတွေရင်တွေတီးပြီး
စစ်ဟာ ကခုန်နေတယ်၊
သူ့ကိုယ်သူပြန်ကောက်လို့ မရတော့ဘူးတဲ့
အ၀တ်တစ်ထည် ကိုယ်တစ်ခုက အော်လိုက်တာ
ဟုတ်တာပေါ့၊ခြေပြတ်လက်ပြတ်တွေ မြှောက်မြှောက်ပြီး
စစ်ဟာ ကခုန်နေတယ်၊
အပိုင်းပိုင်း အတစ်တစ်တွေကြားထဲမှာ
စစ်ဟာ ကခုန်နေတယ်၊
အိုးပစ်အိမ်ပစ်တွေရဲ့ ပြေးလမ်းကြောင်းနောက်မှာ
စစ်ဟာ ကခုန်နေတယ်၊
တစပြင်ရဲ့မီးတောက်တွေနဲ့အတူ
စစ်ဟာကခုန်နေတယ်၊
ထိုးစစ်ဖြစ်ဖြစ် ခံစစ်ဖြစ်ဖြစ်
စစ်ဟာကခုန်နေတယ်၊
ဗုံတစ်လုံးဖြစ်ဖို့ နွားမည်းတွေရဲ့အရေကို ဘယ်လိုဆုပ်ခဲ့သလဲ
စစ်တစ်ခု အသံထွက်ဖို့များ ဒုက္ခသည်တွေကို ချနင်းရတယ်လို့
စစ်ဟာ ကခုန်နေတယ်၊
စစ်လျော်ကြေးအဖြစ်
ခေတ်အဆက်ဆက် ဒုက္ခသည်တွေရဲ့ခုံရုံးမှာ
စစ်ကို စီရင်ပါ
စစ်ကို ကွပ်မျက်ပါ
ဒုက္ခသည်စခန်းထဲက အမျှဝေသံနဲ့အတူ စစ်ကိုစွဲချက်တင်လိုက်တယ်
ခုထိ့ စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျားအနားမှာ ၀ိညာဉ်တစ်ခုလို
စစ်ဟာ ကခုန်နေတယ်၊
ခင်ဗျား မျက်စိရှေ့မှာ စုန်းတစ်ကောင်လို
စစ်ဟာ ကခုန်နေတယ်၊
အရိုးထဲအထိ စိမ့်လာအောင်
ခင်ဗျားရဲ့သွေးပြန်ကြောထဲကနေ
စစ်ဟာ ကခုန်နေတယ်၊
ခုထိ့ စစ်ဟာ ကခုန်နေတယ်။
ဇော်လူစိမ်း
Labels: ဇော်လူစိမ်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home