ဂျင်းသား လက်ဗွေရာများ
ရှေ့လူများ ထိုးစိုက်ခဲ့တဲ့ ကျောက်ဆောင်ဟာ
ငါတို့လက်ထက်မှာ
ပင်လယ်ရေမျက်နှာပြင်အထက်
အတော်လေး ထိုးထွက် ပွင့်လွှတ်နေပြီ
ကျောက်ဆောင်ထက်ဆီမှာ
ကဗျာနတ်ကွန်းတည်ဆောက်
မီးကို မပြတ်ထွန်းညှိပြီး
လိုရာဆုတောင်းမယ်
အခမ်းအနားကို စဖွင့်လိုက်တယ်
ကဗျာသစ် ရွှေရတုသဘင်
လက်ကို လေထဲဝှေ့ယမ်းကြ
တစ်ဦးနဲ့တစ်ယောက် နှုတ်ဆက်ကြ
အရက်သောက်ရင်း စကားထာဝှက်ကြ
လာပြီ . . . လာကြပြီဟေ့
ပြန်လာကြပြီ
မောင်လေးအောင် ဖော်ဝေး
မောင်လူမှိန် ပိုင်သ မြေချစ်သူ
မောင်ချောနွယ် မောင်ကောက်
ပြန်လာကြပြီ သူတို့
ဝေါ့လ်တ်ဝှစ်တမဲနဲ့ ကားလ်ဆဲင်းဘက်
တက်ဟရူးဇ် ဗာစကိုပိုပါး . . .
သူတို့က ဧည့်သည်တော်အဖြစ်
အိုလမ်ပတ်မွန်စ်တောင်ခြေလမ်းက တစ်ဆင့်
ရောက်လာကြမယ်
မောင်သင်းခိုင်လည်း နောင်နှစ်ခါ တန်ဆောင်မုန်းပွဲကို
သူလည်း စောင့်ဦးမယ်ပြောတယ်
တစ်ယောက် လေ့ကျင့်ခန်းစာအုပ်ထဲ တစ်ယောက်ဝင်ကြ
အမှားတွေ ခြစ်ကြ
ကဗျာတွေကို စွန်မှာရေးခြစ်ပြီး လွှတ်တင်ကြ
ဖိုးသူတော်ဆိုတာ မျက်စိလည်လေဆန်ရလေပဲ
ချစ်သူကို အိပ်ရာထဲမှာ ထားခဲ့ပြီး
အာခီမီဒိလို
Eureak ယူရေးကား ငါတွေ့ပြီ။
ဟစ်အော်ကြ၊ ပျော်ကြ
Demonstration လုပ်ကြ
ဘောဂဗေဒ ဂိုထောင်ထဲက
သူငယ်ချင်း ကြွက်တစ်ကောင်က လှမ်းအော်ပြော်တယ်။
ကဗျာသမားတွေဆိုတာ
လက်ပံဆူးတွေ ရှိမှန်း သိရက်နဲ့
လက်ပံပင်ကြီးကို ဆက်တက်နေကြသူတွေပဲ
ရော် . . .
ဆက်အော်ပါ
သူ့လက်ထဲက ကော်ဖီခွက်ကို ငါ ပုတ်မချလိုက်ဘူး။
မတန်တဲ့ဈေးနဲ့ အဖြတ်ခံရတာက ကဗျာ
မပြည့်တဲ့ အလေးနဲ့ အချိန်ခံနေရပါသော
ကဗျာသမားလေးများအတွက်
စစ်လျော်ကြေးလို တောင်းဆိုရမယ်
ကဗျာသစ်ရဲ့ ရွှေရတုပွဲတော်မှာ
ကဗျာတွေ ပေါင်းစုရွတ်ဆိုကြ
ချယ်လို တယောသံများ မှိန်လင်းတိုးဝင်လာ
ကလပ်စစ်ကယ် ဂစ်တာသံများ ဆုပ်ကိုင်စူးအက်
ကဗျာအထွတ်လေးတွေ အကြိမ်ကြိမ် ပြန်ရှင်
အခါခါ ပေါ့ပါး . . .
ကြက်သီးမွေးညင်းတွေထ အရိုးတွေ စူထွက်
ကြည်နူးစွာ . . .
အားလုံးပဲ . . .
နားထောင်စမ်းကွယ့် အမောင်တို့
ရှေ့နားက
ဇမ္ဗူ့သပြေသီး ကြွေသံတွေ
ငါတို့ကြားနေရပြီ . . .
ကြားနေရပြီ . . . ။
သူရနီ
ကဗျာတူ ကဗျာကွဲ ကဗျာစာအုပ်မှ
Labels: သူရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home