တခစ်ခစ်တွေ

ကြယ်တွေကိုကြည့်နေတာပဲ ထားပါတော့
လမ်းကိုငေးနေတာပဲထားပါတော့။

ဒီခေတ်မှာ
အရက်ဘယ်သူမှမသောက်ကြဘူးကွယ် ထားပါတော့။

ရှေ့လျောက်
တောင်တက်တွေကြည့်ပဲ ထားပါတော့။

နာနာကြင်ကြင်
ပန်းကလေးတစ်ပွင့်ပွင့်လာတယ်ပဲထားပါတော့။

ဒီခေတ်မှာ
ခြေသည်းပုတ်နေတာပဲထားပါတော့။
လက်စွယ်ငုပ်နေတာပဲထားပါတော့။
ခေါင်းကိုက်နေတာပဲထားပါတော့။

သွေးတိုးလို့
သိကြားရေစင်သောက်နေတာပဲ ထားပါတော့။
အမှိုက်တောင်းသွားသွန်နေတာပဲထားပါတော့။
နေ့ခင်းကြောင်တောင်
မျက်စိလည်နေတာပဲ ထားပါတော့။

သူစိတ်မဆင်းရဲပါစေနှင့်
ကိုယ်ပဲစိတ်ဆင်းရဲ ခံပါမယ်။

နံရံတိုင်း နံရံတိုင်း
ရှေးလူတွေ ဆော့ခဲ့တဲ့လက်ရာရှိတယ်။

ထရံမှာအလံစိုက်တယ်
နံရံမှာ ဓာတ်ပုံချိတ်တယ်။
တရွေ့ရွေ့သွားတယ်
တရွေ့ရွေ့ တရွေ့ရွေ့ပဲ။
ဒီခေတ်ထဲ
မချစ်သောသူများနှင့်တွေရခြင်းသည်လည်းတရွေ့တရွေ့ပဲ။

ခင်ဇော်မြင့်

No comments:

Post a Comment