မြစ်ရေပြင်ပေါ်က လှိုင်းကြက်ခွပ်လေးတွေကို ကြည့်နေရင်း ငါရူးသွားတယ်
ငါရူးသွားပြီဆိုတဲ့အကြောင်း ရေးထားတဲ့စာကို လေယာဉ်ပျံစာအိတ်လေးထဲထည့်ပြီး သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ လက်ဖွဲ့လိုက်တယ်
လက်ဖွဲ့ငွေလက်ခံတဲ့နေရာမှာ ထိုင်နေတဲ့ ကောင်မလေးကတော့ စာရင်းစာအုပ်ထဲ ဘယ်လိုထည့်ရေးရမှန်းမသိလို့ ငါ့ကို အသိရခက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေလေရဲ့
မျက်လုံးတွေကို ငါသိပ်ချစ်တာပဲ
ငါသိပ်ချစ်တဲ့ မျက်လုံးပိုင်ရှင်တစ်ယောက်ကတော့ နင့်ဟာနင်ချစ်တာ ငါနဲ့ဘာဆိုင်လဲလို့ ငါ့ကို ပြောဖူးတာကို သတိရမိတယ်
သတိရနေရုံနဲ့တော့ ကမ္ဘာလောကကြီးက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးပဲလို့ ငါ့ဖာသာပြောရင်း ရယ်လိုက်တယ်
ရယ်သံချိုချိုလေးတွေကိုလည်း ငါချစ်တာပဲ
ငါချစ်တဲ့ ကလေးတော်တော်များများက အဲဒီလို ရယ်တတ်ကြတယ်
ဒါပေမယ့် ငါချစ်တဲ့ အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်ကလည်း အဲဒီလို ရယ်တတ်တာပဲလို့ ငါထင်တယ်
ငါ့ထင်မြင်မှုကြောင့်ပဲ ချိုသွားတာလားဆိုတာတော့ ငါမေးခွင့်မရလိုက်ခဲ့ဘူး
သူက ငါ့ကို ခါးခါးသီးသီးပဲ ငြင်းဆန်ခဲ့တယ်
ငြင်းပယ်ခြင်းရဲ့အလှဆိုတာကို ငါ အခုထိ နားမလည်သေးပါဘူး
နားလည်မှုကအရေးကြီးတယ်လို့ ပြောပြောနေကြတဲ့ အရာတစ်ခုကိုတော့ ငါကောင်းကောင်းခံစားတတ်တယ်
ခံစားမှုဟာ တစ်ဖက်တည်းက ယိုစိမ့်ထွက်ကျနေတဲ့အခါ နာကျင်စရာပဲ
နာကျင်စရာတွေနဲ့ တိတ်ဆိတ်လေးလံသွားသူတစ်ယောက်ဟာ ငါဖြစ်တယ်
ငါဖြစ်ခဲ့တာတွေ အကုန်လုံးဟာ သူ့အတွက်တော့ ဘာမှမဖြစ်ခဲ့ဘူး
ဘာမှမဖြစ်ခဲ့သူနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံဖက်သွားကြတယ်
ချစ်ခင်စုံဖက်သွားတဲ့ လူနှစ်ယောက်ဟာ မင်္ဂလာဆောင်ကြပြီး
မင်္ဂလာဆောင်လက်ဖွဲ့တွေဟာ အရမ်းလှပဆန်းကြယ်ကြတယ်
လှပဆန်းကြယ်တဲ့ မြစ်ရေပြင်ပေါ်မှာတော့ လှိုင်းကြက်ခွပ်လေးတွေရှိနေခဲ့ပြီး
လှိုင်းကြက်ခွပ်လေးတွေကို ထိုင်ကြည့်နေရင်း လူတစ်ယောက်ဟာ ရူးသွားတယ်။
- ဆစ်ခ် -
ဇွန်၊ ၂၀၁၆
No comments:
Post a Comment