13 June, 2016

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင် ...

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်
ငါလည်း ဘယ်တုန်းကမှ အသည်းကွဲပြီး အရက်တွေသောက်တတ်မှာမဟုတ်ဘူး

တစ်ညလုံးမအိပ်ပဲ မနက်အစောကြီး ကြောင်စီစီမျက်လုံးတွေနဲ့ လမ်းထိပ်ပလက်ဖောင်းမှာ လက်ပိုက်ပြီး ထိုင်နေဖူးမှာမဟုတ်ဘူး

ဘယ်တုန်းကမှ
ဘယ်တော့မှ
ဖုန်းနံပတ်တွေ နှိပ်လိုက် ဖျက်လိုက်
တစ်ယောက်တည်းရယ်လိုက် တစ်ယောက်တည်းစကားပြောလိုက်
အဲလိုတွေ လုပ်ဖူးမယ်မထင်ဘူး

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်ပေါ့
ငါလည်း Someone like youသီချင်းကို ဘယ်တော့မှ ဆိုတတ်မှာမဟုတ်ဘူး

ဘယ်တော့မှလည်း မာဖလာအညိုရောင်လေးတွေတွေ့တိုင်း
ကောင်မလေးတစ်ယောက်ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ မျက်ဝန်းစိမ်းညို့ညို့လေးတွေကို သတိရတတ်မှာမဟုတ်ဘူး

ဘယ်တုန်းကမှ အေးစိမ့်ရီဝေနေတဲ့ ကျောင်းမနက်ခင်းတွေမှာ င့်ကျောပြင်လေးနဲ့ စကားတွေပြောရင်း
စီးကရက်တစ်လိပ်ကို ဖွာရင်း
မီးခိုးငွေ့တွေပေါ် ပုံတူပန်းချီဆွဲဖူးမှာမဟုတ်ဘူး

နှင်းတွေသာ ဘယ်တုန်းကမှမကျခဲ့ဘူးဆိုရင်ပေါ့
နင်လည်း ဘယ်တုန်းကမှ ငါ့ကို ခဏတာ ကောက်ယူ ဆော့ကစားခဲ့မှာမဟုတ်ဘူး

ငါလည်း ဘယ်တော့မှ လမ်းဘေးမှာ အရုပ်တစ်ရုပ်လို စွန့်ပစ်ခံရဖူးမှာမဟုတ်ဘူး

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်ပေါ့...။

စစ်ငြိမ်း
၃၀ မေ ၂၀၁၆

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home