တစ်စက္ကန့်ပြီးမှ တစ်စက္ကန့်
တစ်နှစ်ပြီးမှ တစ်နှစ်
တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အေးအေးဆေးဆေး သမ်းဝေနိုင်ခွင့်ရှိတယ်။
ဒီနေ့အထိ ပါးစပ်လှုပ်နိုင်သေးတယ်။
ခြေလက်အင်္ဂါလှုပ်နိုင်သေးတယ်။
ကိုယ့်ကိုယ်ကို သတိလက်လွတ်
ဘာလို့ထင်တယ်၊ ညာလို့ထင်တယ်
ထင်နိုင်အားရှိပါသေးတယ်။
နေထိုင်မကောင်းတဲ့ရက်တွေမှာ
စကားမပြောချင် မလှုပ်ချင်
မထိုင်ချင် မထချင်
အိပ်ရာထဲ လဲလျောင်းနေရတဲ့ ရက်တွေမှာ
ဟိုဝါဒ ဒီဝါဒကို ယုံကြည်ဖို့ထက်
နေသာထိုင်သာရှိနိုင်ဖို့ တောင့်တရ မဟုတ်လား။
ဘဝဟူသည်
တိုသည်လည်းမဟုတ် ရှည်သည်လည်းမဟုတ်ပါဘဲနှင့်
လူတွေအစွဲကြီးပုံ
အယူဝါဒတွေထဲ ဝင်ရောက်သွားပုံကို
မှန်ကြည့်သလို ပြန်ကြည့်ဖို့ ဘာကြောင့်မေ့လျော့နေပါလိမ့်။
ငါလည်း တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အခု အသက်ကြီးနေပါပြီ။
အပြည့်အဝ သမ်းဝေနိုင်ခဲ့သလို
အပြည့်အဝ ငိုကြွေးခဲ့ပြီးပြီ။
အပြည့်အဝ ဥာဏ်ပညာဆိုတာ ရှိနိုင်ပါ့မလား။
အပြည့်အဝ ရယ်မောနိုင်ဖို့တော့ အရေးကြီးခဲ့တယ်။ ။
ထွန်းဝေမြင့်
No comments:
Post a Comment