ငါ့ကို ထည့်သောက်သွားတဲ့ ခွက်တွေ

သေလောက်အောင် နာကျင်ဖူးတယ်ဆိုတဲ့ ဆေးပြားတွေကို ငါမြိုချလိုက်တယ်
ပြာတွေ အိပ်မက်တွေ ဖန်ဂေါ်လီလှလှတွေ
ပြီးတော့ ကမ္ဘာ
ချစ်သူတစ်ယောက်ရဲ့ လက်မောင်းလှလှထဲမှာ ဘယ်အရာဝတ္ထုတွေ စိမ့်ဝင်မျောပါနေကြပါသလဲ
အရူး၊ ရှင့်ကို ကျွန်မ အရမ်းချစ်တယ်၊ Be with me
နောက်ဆုံးမှာ Always နာကျင်
ဝေးဝေးသွားတဲ့ တိမ်တွေကိုကြည့်ပြီး မျက်နှာကို လက်ဖဝါးနဲ့ အုပ်လိုက်မိ
"ယုံကြည်တယ်ဆိုတာဟာ မျက်စိနှစ်လုံးကို စုံမှိတ်ပစ်လိုက်တာပဲဖြစ်တယ်။
အချစ်မှာ မျက်စိမရှိသလိုပဲ၊ ယုံကြည်မှုဟာ အချစ်ထက် ပိုကန်းတယ်"
မီးရောင်စုံကပွဲထဲမှာ ကြောက်ရွံ့နေတဲ့ ခြင်္သေ့တစ်ကောင်ရှိတယ်
ခြင်္သေ့တစ်ကောင်ရဲ့ အစာအိမ်ထဲမှာတော့ လူ့နှလုံးသားတစ်ခုရှိနေခဲ့ပြီး
အဲဒီနှလုံးသားပိုင်ရှင်ကို ငါချစ်တယ်
လက်တွေ ဆန့်တန်းထားတဲ့ပြကွက် ၅စက္ကန့်စာ
အရိပ်လို ကပ်ပါလာတဲ့ ထင်ရှားတည်ရှိနေသော ခွာပြဲဝမ်းနည်းမှု
တစ်ခုခုဆီ သို့မဟုတ် တစ်ယောက်ယောက်ဆီ
မုန်တိုင်းတစ်ခုပြီးဆုံးသွားတဲ့နောက်မှာ ကျန်ရှိနေခဲ့တဲ့ အုန်းပင်စိမ်းစိမ်းတွေကို တွေ့လား
မင်းဟာ ဘာမဆိုဖြစ်နိုင်ခဲ့ပါတယ်
ခြေဖမိုးဖြူဖြူလေးတွေဖြစ်ဖြစ် ဆယ်ကျော်သက်တစ်ယောက်ရဲ့ နုနယ်ပျိုမြစ်မှုဖြစ်ဖြစ်
အချစ်ဟာ အချစ်ပဲ ဖြစ်နေပါစေ
ငါမဟုတ် မင်းမဟုတ် 'တို့'ဆိုတဲ့ နာမ်စား သုံးရန်မဟုတ်။

ဆစ်ခ်
ဇွန်၊ ၂၀၁၆

ရည်ညွှန်း - Knight of Cups by Terrence Malick

No comments:

Post a Comment