30 June, 2016

တခစ်ခစ်တွေ

ကြယ်တွေကိုကြည့်နေတာပဲ ထားပါတော့
လမ်းကိုငေးနေတာပဲထားပါတော့။

ဒီခေတ်မှာ
အရက်ဘယ်သူမှမသောက်ကြဘူးကွယ် ထားပါတော့။

ရှေ့လျောက်
တောင်တက်တွေကြည့်ပဲ ထားပါတော့။

နာနာကြင်ကြင်
ပန်းကလေးတစ်ပွင့်ပွင့်လာတယ်ပဲထားပါတော့။

ဒီခေတ်မှာ
ခြေသည်းပုတ်နေတာပဲထားပါတော့။
လက်စွယ်ငုပ်နေတာပဲထားပါတော့။
ခေါင်းကိုက်နေတာပဲထားပါတော့။

သွေးတိုးလို့
သိကြားရေစင်သောက်နေတာပဲ ထားပါတော့။
အမှိုက်တောင်းသွားသွန်နေတာပဲထားပါတော့။
နေ့ခင်းကြောင်တောင်
မျက်စိလည်နေတာပဲ ထားပါတော့။

သူစိတ်မဆင်းရဲပါစေနှင့်
ကိုယ်ပဲစိတ်ဆင်းရဲ ခံပါမယ်။

နံရံတိုင်း နံရံတိုင်း
ရှေးလူတွေ ဆော့ခဲ့တဲ့လက်ရာရှိတယ်။

ထရံမှာအလံစိုက်တယ်
နံရံမှာ ဓာတ်ပုံချိတ်တယ်။
တရွေ့ရွေ့သွားတယ်
တရွေ့ရွေ့ တရွေ့ရွေ့ပဲ။
ဒီခေတ်ထဲ
မချစ်သောသူများနှင့်တွေရခြင်းသည်လည်းတရွေ့တရွေ့ပဲ။

ခင်ဇော်မြင့်

Labels:

မျှော်...

ထွက်သွားသူ ခြောက်မျိုးရှိတယ် ။
ပထမတစ်မျိုးက ခဏတာထွက်သွားသူဖြစ်တယ်
ခဏနေပြန်လာလိမ့်မယ် နောက် … ခဏကြာတဲ့အခါ ပြန်ထွက်သွားဦးမယ် ။
ဒုတိယတစ်မျိုးက မသွားချင်ဘဲထွက်သွားရတဲ့သူပဲ
သေချာနှုတ်ဆက်သွားတတ်တယ် နဖူးကိုနမ်းသွားတတ်တယ်
လုပ်ပေးလိုက်တဲ့မုန့်ကို အ၀တ်နဲ့တယုတယထုတ်ပိုးယူသွားတတ်တယ်
ဒါပေမယ့် ပြန်လာဖို့ကြာတတ်တယ် ဒါမှမဟုတ်
တစ်စုံတစ်ယောက်က စာလွှာတစ်စောင်ကို အိမ်ပေါက်ဝထိ
တံခါးခေါက်လို့ လာပေးပြီး သူပြန်လာနိုင်ဖို့မဖြစ်နိုင်တော့တဲ့အကြောင်း
အဝေးက တံပိုးခရာသံနဲ့အတူ သတင်းလာပို့လိမ့်မယ် ။
တတိယတစ်မျိုးက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးလို့ပြောတတ်သူပဲ
သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ။
စတုတ္ထတစ်မျိုးကတော့ ရုတ်တရက်ပဲ၊ အကြောင်းမဲ့ပဲ
အိပ်ယာနိုးတဲ့အချိန်ဘေးမှာ ကိုယ်ငွေ့ပူပူလေးပဲချန်ထားခဲ့ပြီး ပျောက်ကွယ်သွားလိမ့်မယ်
ဒါမှမဟုတ်စာတစ်စောင်လည်း ချန်ရင်ချန်ထားခဲ့ပြန်ဦးမယ်
အဲ့ဒီစာကလည်း သူ့ကိုလိုက်မရှာပါနဲ့ဆိုတဲ့ စာမျိုးပေါ့
မမျှော်လင့်တဲ့အချိန်မှာ သူပြန်လာတတ်တယ်
အဲ့ဒီအခါ မီးအိမ်ကိုပင့်ပြီး မျက်နှာကိုသေချာကြည့်ရတတ်တယ်
ပင့်ကူအိမ်တွေ ကျိုးကြေနေသလို တွန့်နေတဲ့အရေပြားတွေက
သူဘယ်သူလဲဆိုတာ ပဟေဠိလုပ် ဖုံးကွယ်ထားဦးမယ်
ထွက်သွားခဲ့စဉ်က ဖိနပ်ကိုပဲစီးနင်းဆဲဆိုရင်
ဆီးနှင်းတွေကြောင့် သူ့ခြေသည်းတွေပုပ်နေတတ်တယ်
မီးအတူတူလှုံရင်း တွန့်ဆုတ်တဲ့စကားလုံးတွေနဲ့ သူ …
သူ့အမှားကို ၀န်ခံပါလိမ့်မယ် ။
ပဉ္စမတစ်မျိုးကတော့ ထွက်သွားပြီးမကြာခင်မှာပဲ ပြန်လာချင်ခဲ့သူဖြစ်တယ်
ဒါပေမယ့် သူအပြန်လမ်းမမှတ်မိတော့ဘူး
နွယ်ပင်တွေရဲ့ခေါ်ဆောင်ရာ မျက်စိလည်ခဲ့တယ်
လျှိုတစ်ထောင်ချောက်ကမ်းပါးရဲ့ဖြားယောင်းရာ တောမှောက်ခဲ့တယ်
ဝင်္ကပါရဲ့လှောင်သံမှာ သူ့မျက်ရည်တွေကုန်ခဲ့တယ်
သူ့အပြန်လမ်းကို သူပြန်အော်ခေါ်ရင်း အာခေါင်ကွဲသေတယ်
ရံဖန်ရံခါ ဘယ်ကကြားရမှန်းမသိတဲ့အော်သံတွေကို သူ့ထံကလွင့်ပျံလာတာလို့
တိုက်ဆိုင် ၀မ်းနည်းနိုင်တယ် ။
ဆဌမတစ်မျိုးကတော့ ထွက်သွားမယ်လို့ မကြာခဏပြောနေတဲ့သူပဲ
သူတကယ်ထွက်သွားတဲ့နေ့မှာတော့ စကားတစ်ခွန်းမှပြောမသွားတတ်ဘူး
သူအဖိုးတန်ပစ္စည်းတွေထားသွားလိမ့်မယ်
ဝိညာဉ်တစ်ထည် အ၀တ်တစ်ခုနဲ့ လမ်းတစ်လျှောက်
သုန်မှုန်ေ၀၀ါးမှုအပိုင်းအစတွေနဲ့ ထွက်သွားလိမ့်မယ်
ဓာတ်ပုံသေးသေးလေးတစ်ပုံ ၀ှက်ပြီးယူသွားသေးတယ်ဆိုရင်တော့
သူ တစ်ချိန် ပြန်လာမှာပါ ။
တောင်ပေါ်တက်နေသူတွေရှိတယ်
သူတို့ခါးတွေ ချိနဲ့နာကျင်နေတဲ့အထိတောင်ထိပ်ပေါ်တက်နေသူတွေရှိတယ်
ပြီးတော့ အဝေးဆုံးကို ကြည့်တယ်
သူတို့မျက်လုံးတွေ မှုန်ရီစုတ်ပြတ်နေရင်တောင်အဝေးဆုံးဆီကို
လှမ်းကြည့်ရီဝေနေကြတယ် ၊
……………………………………….
မျှော်နေသူကတော့ တစ်မျိုးတည်း ရှိပါတယ် ။

                                   
                                                    သူဝေး

Labels:

အဆက်အစပ်မရှိပဲနဲ့ လူတစ်ယောက်ဟာ ရူးလို့မရဘူး

မြစ်ရေပြင်ပေါ်က လှိုင်းကြက်ခွပ်လေးတွေကို ကြည့်နေရင်း ငါရူးသွားတယ်
ငါရူးသွားပြီဆိုတဲ့အကြောင်း ရေးထားတဲ့စာကို လေယာဉ်ပျံစာအိတ်လေးထဲထည့်ပြီး သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ လက်ဖွဲ့လိုက်တယ်
လက်ဖွဲ့ငွေလက်ခံတဲ့နေရာမှာ ထိုင်နေတဲ့ ကောင်မလေးကတော့ စာရင်းစာအုပ်ထဲ ဘယ်လိုထည့်ရေးရမှန်းမသိလို့ ငါ့ကို အသိရခက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေလေရဲ့
မျက်လုံးတွေကို ငါသိပ်ချစ်တာပဲ
ငါသိပ်ချစ်တဲ့ မျက်လုံးပိုင်ရှင်တစ်ယောက်ကတော့ နင့်ဟာနင်ချစ်တာ ငါနဲ့ဘာဆိုင်လဲလို့ ငါ့ကို ပြောဖူးတာကို သတိရမိတယ်
သတိရနေရုံနဲ့တော့ ကမ္ဘာလောကကြီးက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးပဲလို့ ငါ့ဖာသာပြောရင်း ရယ်လိုက်တယ်
ရယ်သံချိုချိုလေးတွေကိုလည်း ငါချစ်တာပဲ
ငါချစ်တဲ့ ကလေးတော်တော်များများက အဲဒီလို ရယ်တတ်ကြတယ်
ဒါပေမယ့် ငါချစ်တဲ့ အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်ကလည်း အဲဒီလို ရယ်တတ်တာပဲလို့ ငါထင်တယ်
ငါ့ထင်မြင်မှုကြောင့်ပဲ ချိုသွားတာလားဆိုတာတော့ ငါမေးခွင့်မရလိုက်ခဲ့ဘူး
သူက ငါ့ကို ခါးခါးသီးသီးပဲ ငြင်းဆန်ခဲ့တယ်
ငြင်းပယ်ခြင်းရဲ့အလှဆိုတာကို ငါ အခုထိ နားမလည်သေးပါဘူး
နားလည်မှုကအရေးကြီးတယ်လို့ ပြောပြောနေကြတဲ့ အရာတစ်ခုကိုတော့ ငါကောင်းကောင်းခံစားတတ်တယ်
ခံစားမှုဟာ တစ်ဖက်တည်းက ယိုစိမ့်ထွက်ကျနေတဲ့အခါ နာကျင်စရာပဲ
နာကျင်စရာတွေနဲ့ တိတ်ဆိတ်လေးလံသွားသူတစ်ယောက်ဟာ ငါဖြစ်တယ်
ငါဖြစ်ခဲ့တာတွေ အကုန်လုံးဟာ သူ့အတွက်တော့ ဘာမှမဖြစ်ခဲ့ဘူး
ဘာမှမဖြစ်ခဲ့သူနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံဖက်သွားကြတယ်
ချစ်ခင်စုံဖက်သွားတဲ့ လူနှစ်ယောက်ဟာ မင်္ဂလာဆောင်ကြပြီး
မင်္ဂလာဆောင်လက်ဖွဲ့တွေဟာ အရမ်းလှပဆန်းကြယ်ကြတယ်
လှပဆန်းကြယ်တဲ့ မြစ်ရေပြင်ပေါ်မှာတော့ လှိုင်းကြက်ခွပ်လေးတွေရှိနေခဲ့ပြီး
လှိုင်းကြက်ခွပ်လေးတွေကို ထိုင်ကြည့်နေရင်း လူတစ်ယောက်ဟာ ရူးသွားတယ်။

- ဆစ်ခ် -
ဇွန်၊ ၂၀၁၆

Labels:

ဆွေးမြေ့သူ

" အတ်ရော့ခ် "တဲ့
ဂျင်မော်ရစ်ဆန်က အစောကြီးပြောခဲ့တယ်။
" ကမ္ဘာကြီးကို ဆက်မညာချင်တော့ဘူး "တဲ့
ကတ်ကိုဘိန်းက
ကျည်ဆန်ကို ရွေးချယ်ခဲ့တယ်။
" ကျွန်မက အသစ်ပါ " တဲ့
ဖာသည်မလေးက ပြောရှာတယ်။
ဂျက်ဆင်ပေါလော့က ဆဲတယ်
" fuck picasso " တဲ့။
ကျွန်တော်က အဟောင်းပါ
ဒီကဗျာဟာ အုတ်နီခဲနဲ့ပွတ်ထားတဲ့ ဂျင်းဘောင်းဘီ အဟောင်းတစ်ထည်ကို ပြန်ထုတ်ဝတ်ကြည့်တာပါ။

ကြည် ဇော် အေး
26 6 2016

Labels:

13 June, 2016

အချစ်သီချင်း

ကန်ရေပြင်ကို ကြည့်ငေးရင်း
အရိပ်နဲ့ အိပ်မက်မှာ
တစ်သက်နဲ့တစ်ကိုယ် နွေထဲ ခွဲထွက် သွားတော့
ငရဲ နဲ့ ကြွေရွက် ။

မင်းမျက်နှာ အပြည့်
မျက်မှန် ကိုင်းကြီးကြီးသာ ဖြစ်လိုက်ချင်တော့တာ
အခုရော မဖြစ်ဘူး ထင်လို့လား
သူမရှိတော့ အရာရာမှုန်ဝါးဝါး
လမျက်နှာ တစ်ကိုယ်လုံးကို ဝါးနေတော့တာပဲ ။     ။

စိုင်းဝင်းမြင့်
၂၀၁၆

Labels:

ငါ့ကို ထည့်သောက်သွားတဲ့ ခွက်တွေ

သေလောက်အောင် နာကျင်ဖူးတယ်ဆိုတဲ့ ဆေးပြားတွေကို ငါမြိုချလိုက်တယ်
ပြာတွေ အိပ်မက်တွေ ဖန်ဂေါ်လီလှလှတွေ
ပြီးတော့ ကမ္ဘာ
ချစ်သူတစ်ယောက်ရဲ့ လက်မောင်းလှလှထဲမှာ ဘယ်အရာဝတ္ထုတွေ စိမ့်ဝင်မျောပါနေကြပါသလဲ
အရူး၊ ရှင့်ကို ကျွန်မ အရမ်းချစ်တယ်၊ Be with me
နောက်ဆုံးမှာ Always နာကျင်
ဝေးဝေးသွားတဲ့ တိမ်တွေကိုကြည့်ပြီး မျက်နှာကို လက်ဖဝါးနဲ့ အုပ်လိုက်မိ
"ယုံကြည်တယ်ဆိုတာဟာ မျက်စိနှစ်လုံးကို စုံမှိတ်ပစ်လိုက်တာပဲဖြစ်တယ်။
အချစ်မှာ မျက်စိမရှိသလိုပဲ၊ ယုံကြည်မှုဟာ အချစ်ထက် ပိုကန်းတယ်"
မီးရောင်စုံကပွဲထဲမှာ ကြောက်ရွံ့နေတဲ့ ခြင်္သေ့တစ်ကောင်ရှိတယ်
ခြင်္သေ့တစ်ကောင်ရဲ့ အစာအိမ်ထဲမှာတော့ လူ့နှလုံးသားတစ်ခုရှိနေခဲ့ပြီး
အဲဒီနှလုံးသားပိုင်ရှင်ကို ငါချစ်တယ်
လက်တွေ ဆန့်တန်းထားတဲ့ပြကွက် ၅စက္ကန့်စာ
အရိပ်လို ကပ်ပါလာတဲ့ ထင်ရှားတည်ရှိနေသော ခွာပြဲဝမ်းနည်းမှု
တစ်ခုခုဆီ သို့မဟုတ် တစ်ယောက်ယောက်ဆီ
မုန်တိုင်းတစ်ခုပြီးဆုံးသွားတဲ့နောက်မှာ ကျန်ရှိနေခဲ့တဲ့ အုန်းပင်စိမ်းစိမ်းတွေကို တွေ့လား
မင်းဟာ ဘာမဆိုဖြစ်နိုင်ခဲ့ပါတယ်
ခြေဖမိုးဖြူဖြူလေးတွေဖြစ်ဖြစ် ဆယ်ကျော်သက်တစ်ယောက်ရဲ့ နုနယ်ပျိုမြစ်မှုဖြစ်ဖြစ်
အချစ်ဟာ အချစ်ပဲ ဖြစ်နေပါစေ
ငါမဟုတ် မင်းမဟုတ် 'တို့'ဆိုတဲ့ နာမ်စား သုံးရန်မဟုတ်။

ဆစ်ခ်
ဇွန်၊ ၂၀၁၆

ရည်ညွှန်း - Knight of Cups by Terrence Malick

Labels:

ကဗျာကို ကိုယ်လုံးတီးလွှတ်လိုက်တယ် ဘာမှမလုပ်ပဲ ပြန်ပို့ပေးလိုက်ပါ

မျက်လုံးတွေဟာ လိင်ဆက်ဆံပစ်လိုက်ဖို့ သိပ်ကောင်းတယ်
တချို့လူတွေ
ကိုယ်ကာယမှာ စိတ်အတွင်းခံ ၀တ်မထားကြဘူး။

အေးစက်ဟင်းပွဲလို
နာနာဘာဝလို
ဖန်စီလို။

ကျီးကန်းတွေဟာ
မှန်ထဲ ကိုယ့်ကိုယ်ကိုယ် ဖြူတယ်လို့ မြင်ကြ၊

ပြီးနောက် တစ်ဖန်ရှင်သန်လာသော စပရိန်ပေါ်
ကိုယ်ကျင့် ကျုံ့/ဆန့်နိုင် တရား ခုန်ပေါက်ပြေးလွှား။

"ခေတ်ကို ခုခံဖို့ ရင်သားတုတွေ လျှံထွက်လာပါပြီရှင်"

ရေဆေးပန်းချီကားကြီးကို ရေမဆေးပဲ ဒီအတိုင်းကြည့်ရမယ်မှန်းမသိတဲ့
စောက်ရူးနားကန်း ခြောက်ကပ်ကပ် အနုပညာ။

ကော်ပီသီချင်းဆိုတဲ့ ဘဲတွေ
အောင်မြင်ကျော်ကြားမှု မိလ္လာတွင်းထဲ ကူးခတ်၊

ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ တစ်ယောက်က
လို့အပ်လို့ပေါ်သွားရတာ 'မသာ'ပဲ ရှိတယ်လို့ ထောက်ပြသွား

ပြီး
သူ့မျက်လုံးတွေဟာ အရောင်တလက်လက်နဲ့၊

စောက်ရှက်တစ်စက်မှမရှိတော့တဲ့ ကမ္ဘာမှာ
လူဟာ အခေါင်းထဲရောက်တဲ့အထိ အတွင်းခံဝတ်ဖို့ လိုလာတယ်။

ဆစ်ခ်
မေ၊ ၂၀၁၅

Labels:

အချိန်ကာလတစ်လျှောက် လိုအပ်သည်များ

တစ်စက္ကန့်ပြီးမှ တစ်စက္ကန့်
တစ်နှစ်ပြီးမှ တစ်နှစ်
တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အေးအေးဆေးဆေး သမ်းဝေနိုင်ခွင့်ရှိတယ်။
ဒီနေ့အထိ ပါးစပ်လှုပ်နိုင်သေးတယ်။
ခြေလက်အင်္ဂါလှုပ်နိုင်သေးတယ်။
ကိုယ့်ကိုယ်ကို သတိလက်လွတ်
ဘာလို့ထင်တယ်၊ ညာလို့ထင်တယ်
ထင်နိုင်အားရှိပါသေးတယ်။
နေထိုင်မကောင်းတဲ့ရက်တွေမှာ
စကားမပြောချင် မလှုပ်ချင်
မထိုင်ချင် မထချင်
အိပ်ရာထဲ လဲလျောင်းနေရတဲ့ ရက်တွေမှာ
ဟိုဝါဒ ဒီဝါဒကို ယုံကြည်ဖို့ထက်
နေသာထိုင်သာရှိနိုင်ဖို့ တောင့်တရ မဟုတ်လား။
ဘဝဟူသည်
တိုသည်လည်းမဟုတ် ရှည်သည်လည်းမဟုတ်ပါဘဲနှင့်
လူတွေအစွဲကြီးပုံ
အယူဝါဒတွေထဲ ဝင်ရောက်သွားပုံကို
မှန်ကြည့်သလို ပြန်ကြည့်ဖို့ ဘာကြောင့်မေ့လျော့နေပါလိမ့်။
ငါလည်း တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အခု အသက်ကြီးနေပါပြီ။
အပြည့်အဝ သမ်းဝေနိုင်ခဲ့သလို
အပြည့်အဝ ငိုကြွေးခဲ့ပြီးပြီ။
အပြည့်အဝ ဥာဏ်ပညာဆိုတာ ရှိနိုင်ပါ့မလား။
အပြည့်အဝ ရယ်မောနိုင်ဖို့တော့ အရေးကြီးခဲ့တယ်။ ။

ထွန်းဝေမြင့်

Labels:

မမိုးဝေဖတ်ဖို့ကဗျာ (၂)

တညလုံးပဲ
တငြိမ့်ငြိမ့်သက်ဆင်း
မိုးစက်သံကိုကြားနေရတယ်
နိုးတစ်ဝက်နဲ့
သိ သိ သိနေတာက
ညီမလေးအနားမှာရှိနေသလို
ခံစားရတယ်
အိပ်မက်လည်းမက်တယ်
ညီမလေးရဲ့အနမ်းများနဲ့
ကိုယ်စိုစွတ်ခဲ့ရတဲ့
မနက်ခင်းတစ်ခုမှာ
ကဗျာသီဖွဲ့ မိပြန်ပြီ
အကိုရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို
ရွတ်ဆိုနေမိသေးတယ်

                ငွေမိုး

       ညကအိမ်မက်ထဲမှာ
       ငွေမိုးလေးရွာနေတယ်
       မနက်နိုးလာတော့
       အပြင်မှာလည်း
       ငွေမိုးလေးရွာနေတယ်

               (ခင်ဝမ်း)

အကို့သို့လည်းလွမ်းပေါ့ ။


မွန်စိုး

Labels:

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင် ...

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်
ငါလည်း ဘယ်တုန်းကမှ အသည်းကွဲပြီး အရက်တွေသောက်တတ်မှာမဟုတ်ဘူး

တစ်ညလုံးမအိပ်ပဲ မနက်အစောကြီး ကြောင်စီစီမျက်လုံးတွေနဲ့ လမ်းထိပ်ပလက်ဖောင်းမှာ လက်ပိုက်ပြီး ထိုင်နေဖူးမှာမဟုတ်ဘူး

ဘယ်တုန်းကမှ
ဘယ်တော့မှ
ဖုန်းနံပတ်တွေ နှိပ်လိုက် ဖျက်လိုက်
တစ်ယောက်တည်းရယ်လိုက် တစ်ယောက်တည်းစကားပြောလိုက်
အဲလိုတွေ လုပ်ဖူးမယ်မထင်ဘူး

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်ပေါ့
ငါလည်း Someone like youသီချင်းကို ဘယ်တော့မှ ဆိုတတ်မှာမဟုတ်ဘူး

ဘယ်တော့မှလည်း မာဖလာအညိုရောင်လေးတွေတွေ့တိုင်း
ကောင်မလေးတစ်ယောက်ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ မျက်ဝန်းစိမ်းညို့ညို့လေးတွေကို သတိရတတ်မှာမဟုတ်ဘူး

ဘယ်တုန်းကမှ အေးစိမ့်ရီဝေနေတဲ့ ကျောင်းမနက်ခင်းတွေမှာ င့်ကျောပြင်လေးနဲ့ စကားတွေပြောရင်း
စီးကရက်တစ်လိပ်ကို ဖွာရင်း
မီးခိုးငွေ့တွေပေါ် ပုံတူပန်းချီဆွဲဖူးမှာမဟုတ်ဘူး

နှင်းတွေသာ ဘယ်တုန်းကမှမကျခဲ့ဘူးဆိုရင်ပေါ့
နင်လည်း ဘယ်တုန်းကမှ ငါ့ကို ခဏတာ ကောက်ယူ ဆော့ကစားခဲ့မှာမဟုတ်ဘူး

ငါလည်း ဘယ်တော့မှ လမ်းဘေးမှာ အရုပ်တစ်ရုပ်လို စွန့်ပစ်ခံရဖူးမှာမဟုတ်ဘူး

ဘယ်တုန်းကမှ နှင်းတွေမကျခဲ့ဖူးဘူးဆိုရင်ပေါ့...။

စစ်ငြိမ်း
၃၀ မေ ၂၀၁၆

Labels:

မိမိခြေသံကို ရေတွက်ခြင်း

အခန်းထဲဝင်လာပုံက
သစ်ရွက်ကြွေသလိုပဲ။
ရောဂါရနေပြီလား . . . တဲ့။
ဝမ်းသာစကား၊ နှစ်တစ်နှစ်
အိပ်မက်တစ်ခု၊ ရုပ်ရှင်ရုံတစ်ရုံ
ချစ်လွန်းလို့ အော်ဟစ်ဆဲဆိုပုံကို
ငါကိုယ်တိုင်ကြုံဖူးတယ်လို့ဆိုပါ။
ဘယ်ကပြန်လာလဲ
ဘယ်သွားမလို့လဲ
ထမင်းစားပြီးပြီလား
ခရီးသွားဟန်လွှဲပဲ့တင်။
တစ်နေဝင် တစ်ခေတ်ကုန်
မြန်လွန်းတဲ့ စကြဝဠာ။
မသိဘူး
ဘာမှမသိချင်ဘူးအမေရယ်
ငယ်ငယ်တုန်းကလို
ခဲဖျက်ဟာ အသုံးဝင်ပါစေတော့။

လှသန်း

Labels:

ကောင်းကင်

ရေကပက်ထုတ်လိုက်တဲ့ နေရောင်

မြောင်းမြဟာ
ငါ့မျက်နှာပေါ်ဘောင်ဗင်ခတ်လို့

ညနေငန်းအုပ် ...တဖိတ်ဖိတ်လက်ဗေဒါပွင့်များ
အတောင်ပံနဲ့ လူတစ်ချို့ကျောကုန်းပေါ်က မြစ်
ငါတရွတ်တိုက် မျော ပါ သွား ရာ ...

၁ ၉ ၉ ၅
ဇန်နဝါရီကို တံခါးဖွင့်ကြည့်လိုက်တယ် ၊
ရိတ်သိမ်းကြ -
အရှင်လတ်လတ် နွံထဲကကောင်းကင် ။        ။

မောင်သိန်းဇော်
( ၁၉၉၅ )

Labels:

ပင်လယ်

သူမဟာ ပင်လယ်
လှုပ်ရှားတယ် ရှင်သန်တယ် စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ် ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒ ဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သင်္ဘောပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓါးပြအရိုးစုတွေပေးတယ်
ရွှေဒဂါင်္းလည်း နည်းနည်းပေးတယ်
သူမဟာ ပင်လယ်
ငါ့ကို လူးလာ စုန်ဆန် ကူးခတ်စေတယ်
ရဲ့ဝံ့စေတယ်
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်
သူမဟာ ပင်လယ်
တနေ့မှာ ငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ
သူမဟာ ပင်လယ်
ငါ့ကို အမြဲသိမ်းဆည်းထားလေတယ်။

နေမျိုး

Labels:

ဆိပ်ကမ်းမြို့

သင်္ဘောကျောက်ဆူးနဲ့
ကျောက်ဆူးကြိုးတွေ တွေ့ရလို့
ဆိပ်ကမ်းမြို့ဖြစ်ခဲ့ကြောင်း ခိုင်မာခဲ့တယ်
လမ်းဘေးမှာ ဘယ်သူပစ်ထားမှန်းမသိတဲ့
ဖိနပ်ဟောင်းတစ်ရန် တွေ့မိလို့
စီးကြည့်လိုက်တာ ငါနဲ့အတော်ပဲမို့
မချွတ်တော့ဘဲ ဆက်စီးလာခဲ့တယ်
လျှောက်ရင်းလျှောက်ရင်းကနေ တဖြည်းဖြည်း
ပြေး ငါ တအားပြေးခဲ့တယ် ။ ။

ဟံလင်း
၂၉ ၊ ၁၂ ၊ ၂၀၁၄

Labels:

ပန်းချီ (၁၁)

စာမေးပွဲခန်းထဲမှာ ပူဖောင်းတွေ
ကို မှုတ်လွှတ်နေရလို့ ပျော်ရွှင်
စာမေးပွဲကို သစ်ရွက်များပေါ်
မှာ ရေးဖြေရလို့ ပျော်ရွှင်
သစ်တောထဲက Orchestra တီးဝိုင်းက လှိုင်းခတ်စိမ်းစို
မိုးတွေရွာလာတော့ ဆုပ်ကိုင်ထားတဲ့သစ်စေ့လေး
ရွက်သွေးနုလေးတွေ တိုးခွေ့မွေးဖွားလာတာ ဖြည်းဖျော့ခံစားသိလာ
ဆံနွယ်မုန်တိုင်းတွေဟာ မျက်ဝန်းရွာလေးကို ဖျက်ဆီးသွားတယ်
မျက်တောင်တဲအိမ်တွေ တဟူးဟူးပျက်စီးရ
လက်ကိုင်ပုဝါတွေ မျိုးသုဉ်းတဲ့ အထိ ဖန်ဗူးကွဲရ
ပါးမို့ဒေ၀ီနဲ့ နှင်းဆီစားမိစ္ဆာတို့ လက်လက်ထအောင် တိုက်ခိုက်ကြတယ်
ခြေထောက်တွေက တစစနဲ့ ရေ ဖြစ်လာလို့ ငါမကူနိုင်ပါ
ဝိုင်ရောင်ခြည်နဲ့ ပက်ခံထားရလို့ မျက်နှာကို အုပ်ထားရ
ငါ့ C.V Form နဲ့ သူ အဲ့ဒါတွေကို သုတ်ပစ်လိုက်တာ ငါတပ်အပ်မြင်
ငါငါ့ကိုယ်ငါအသားကုန်လိမ်ပစ်တယ် ပြီးတော့
လွှတ်ပေးလိုက်တယ် ငါထာဝရမွှတ်မွှတ်လည်သွားတယ်
ဘုရားသခင်ကို မင်း ရိုးသွားတာ သိပါတယ် ဒါပေမယ့်
ဘုရားသခင်က ခေါင်းလျှော်ပေးရင်းနဲ့ ဆံပင်ဆောင့်ဆွဲတဲ့အကြောင်း
အရိုးခြောက်ဖြစ်တာနဲ့ ခြံစည်းရိုးတန်းဖြစ်သွားအောင်
သူ့ကို နံရံကပ် သေခိုင်းကြ
ပူဖောင်းသူခိုးဟာ အပ်တွေကို ငိုချခဲ့
သူ့မျက်ရည်တွေကြောင့် သူ့ပါးတွေ ပေါက်ပြဲရ
အဲ့ဒီတော့လည်း သူငိုထားတဲ့ အပ်တွေနဲ့ပဲ ပြန်ချုပ်ပေးခဲ့ရပါရော ။

သူဝေး

Labels: ,

အင်္ကျီတစ်ထည်ရဲ့ အသက်ရှူသံ

ဟိုတုန်းကတော့
ဟိုတုန်းကလိုပေါ့ လေ ။

အဲဒီတုန်းက
ရင်ကော့ကော့ လူကြွား
စကားခပ်များများ အကောင်ပေါ့
အခုတော့
စပို့ရှပ် ရောင်းနေပါတယ်။

ဝယ်ပါ ကလေးရဲ့
ဦး ရောင်းတဲ့အထည်မှာ
ကမ္ဘာကြီးကိုကောင်းစေချင်တဲ့
ခေါင်းနှစ်လုံးရဲ့အပေါ်က
ဆံပင်တွေကို ဖြီးသင်ဖို့
ဘီးတစ်ချောင်းရဲ့ အဖိုးအခ
ပါ ပါတယ်။

ဝတ်ကြည့်စမ်းပါ
ကာတွန်းရုပ်အရောင်
တောက်တောက်ကြီးတွေ
ဒီအင်္ကျီမှာ ဆေးခြယ်
ထားတယ်လေ။

အေးတဲ့အချိန်အတွက် ခပ်ထူထူ
ပူတဲ့အချိန်အတွက် ခပ်ပါးပါး
ပထမတန်းစား ချပ်ဝတ်တန်ဆာ
ဘိုဆန်ဆန် စပို့ရှပ်ကလေးတွေပါ
ခန္ဓာကိုယ်ရဲ့အရှုပ်အထွေး
ဘေးကလူတွေ မသိစေရ
လုံးဝ စိတ်ချရပါတယ်။

ဝတ်စမ်းပါ ကလေးရဲ့
နိုင်လွန်ချည်နဲ့ချုပ်တဲ့အထည်
လေထုညစ်ညမ်းမှုကို ကာကွယ်လိမ့်မယ်
အဲဒီချုပ်ရိုးတွေမှာ
အယ်ကိုဟော မပါ
မှောက်ထားတဲ့ဖဲတစ်ချပ် မပါ
အဗြဟ္မာ့စရိယ မပါ
မစ္ဆရိယ မှဲ့တစ်ပေါက် မပါ
တစ်သက်လုံးတွက်တာ အာမခံလိုက်ပါရဲ့။

ကြည့်သွားပါဦး ကလေးရယ်
မျက်လုံးတွေရဲ့ငါးမျှားချိတ်
စွပ်စွဲမှုဒီဇိုင်း အင်္ကျီဆင်
ပျော်ပျော်ရွှင်ရွှင် ၀တ်လိုက်စမ်းပါ။

ဝယ်ပါ ကလေးရဲ့ … ဒါပေမယ့်
အင်္ကျီချိတ်မှာချိတ်ထားတဲ့အထည်
တွေကြားက
အင်္ကျီချိတ်မှာချိတ်ထားတဲ့ဈေးသည်
ကိုတော့
မှားဝယ် မသွားမိပါစေနဲ့ ။     ။


မောင်ပြည့်မင်း
ဟန်သစ် ၊ ဇူလိုင် ၊၁၉၉၁

Labels:

သေနတ်သမား

တည်ငြိမ်မှုကိုမရနိုင်တယ်..
ခြေရာတွေကိုလှည့်ကြည့်မိတော့
ဟိုမှာ..ချောက်ကမ်းပါးများ
ဒီမှာ..နံရံများ
လမ်းဟာကျွန်တော့်ကိုစုပ်ယူတယ်  ၊

လေပွေထဲကစက္ကူစတစ်စများလား...
တက်ကြွမှုတွေကလည်းဖြူဖပ်ဖြူရော်
က,ခုန်ခဲ့ရတာလည်းသုညတေးသွားနဲ့ 
အတိတ်ဟာကျွန်တော့်ရှေ့မှာရပ်နေပြန်...၊

ကိုယ့်နားထင်ကိုယ်ချိန်ရွယ်ရမလား..
တခြားသူတစ်ယောက်ယောက်ရဲ့ ရင်အုံကို
ချိန်ရွယ်ရမလား
ကျွန်တော့်လက်ထဲကသေနတ်ဟာ..."အနုပညာ"....။

ညိုမင်းထက်                                                                     မြားနတ်မောင် နိုဝင်ဘာ ၂၀၀၀

Labels:

ပုံဆွဲစက္ကူလေးနဲ့တူတဲ့ရာသီဥတုအကြောင်း

ပင်ပန်းကြီးစွာ ကုတ်တွယ်လို့
ရထားဟာမြွေဟောက်တစ်ကောင်ပဲ ။

သူ့မှာဒိုင်ယာရီမရှိတဲ့အတွက်
သူဟာဖတ်ကောင်းတဲ့စာအုပ်တစ်အုပ်မဖြစ်ခဲ့ဘူး။

သူ့မိတ်ဆွေတွေဟာဘယ်သူတွေလဲ
သူတို့ပါးစပ်တွေထဲမှာဘာတွေရှိမလဲ
ဥပမာ
အမိန့်တစ်ခုခု
လျှာနှစ်ခွဖြစ်မှု
အလင်းရွေ့လျားမှု
ဒီနဂ္ဂတစ်ဟာဟိုတစ်ခေါက်ကခင်ဗျားသယ်လာတဲ့
သူ့နှုတ်ထွက်စကားတွေဖြစ်ခဲ့တယ်။

တံခါးကိုဆောင့်ဆွဲဖွင့်လိုက်တယ်
အရည်ပျော်စပြုနေတဲ့စက်ဝိုင်းပုံသဏ္ဍာန်တစ်ခုကနေ
တခြားပုံသဏ္ဍာန်တစ်ခုကိုပြောင်းနေတဲ့မြို့ပြအိမ်ရာပုံစံတစ်ခု။

ဟိန်းမြတ်ဇော်
ပန်းအလင်္ကာ မေ ၂၀၀၇

Labels:

မက္ကဆီကိုဝေးဝေး မက္ကဆီကိုနီးနီး

ဘယ်နိုင်ငံတစ်နိုင်ငံမှ သမိုင်းရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
ပြီးတော့ ဘယ်တစ်နိုင်ငံမှ ပထဝီရဲ့ အကျဉ်းသားလည်းမဖြစ်သင့်ပါဘူး တဲ့
အမေရိကနဲ့ကလည်းနီးပ ဘုရားသခင်နဲ့ကလည်းဝေးပ
အဲ့ဒီ မက္ကဆီကို။

အနားကျယ်ကျယ် ဦးထုပ်တစ်လုံးရဲ့အောက်မှာ
သူ့မျက်လုံးထဲကအဓိပ္ပါယ်ကို ဖုံးကွယ်ထားတတ်တဲ့ မက္ကဆီကို။

ငါတို့နဲ့ရေမြေခြားသလောက် ရင်ချင်းနီးတဲ့
အော်တိုဗီယိုပါ့ဇ်လို ကဗျာဆရာတစ်ယောက်ရှိတဲ့ မက္ကဆီကို
အဲ့ဒီ မက္ကဆီကို ကိုငါသွားမယ်။

အဲ့ဒီ မက္ကဆီကိုမှာ သေနတ်နဲ့မူးယစ်ဆေးဝါးပေါသလောက်
သေခြင်းတရားဟာ လက်လည်းမကွေးရဲ ၊ ခြေလည်းမဆန့်ရဲ။

သေနတ် မူးယစ်ဆေးဝါး နဲ့သေခြင်းတရားဈေးပေါတဲ့နေရာမှာ
အချစ်နဲ့လိင်ကိစ္စကလည်း ဝယ်လိုက်ရင် ချောဆီပါသုတ်ပြီးသား။

သေနတ်၊မူးယစ်ဆေးဝါး၊သေခြင်းတရား၊အချစ်နဲ့လိင်ကိစ္စ ဈေးပေါတဲ့နေရာမှာ
အမှန်တရားဟာ
ဝယ်တဲ့တောင်းကတစ်မျိုး၊ရောင်းတဲ့တောင်းကတစ်မျိုး။

အမေရိကရဲ့မြေအောက်ပိုက်လိုင်းထဲစီးဝင်နေတဲ့ရေဆိုးမြောင်းလို့
အစွပ်အစွဲခံနေရတဲ့ မက္ကဆီကို
ဒါပေမယ့် အမေရိကရဲ့မိလ္လာပိုက် သူ့ဖဝါးအောက်ကဖြတ်ဖောက်ထားတာကိုခွင့်ပြုထားရတဲ့ မက္ကဆီကို။

အဲ့ဒီ မက္ကဆီကို ငါသွားမယ်
အဲ့သလိုနေရာမျိုးမှာ ကန္တာရထဲကုလားအုတ်တစ်ကောင်ရှင်သန်သလို
ကဗျာ့ ဘယ်လိုရှင်သန်လဲ
ပါ့ဇ် ကိုနားထောင်ဖို့ ငါသွားမယ်။

မက္ကဆီကိုမှာ အားအကောင်းဆုံး Institution ဟာလူဆိုးဂိုဏ်းပဲ
တစ်နိုင်ငံလုံး ယမ်းထုပ်တွေချိတ်ပြီး Remote ကိုသူတို့က ကိုင်ထားတာ
ငါ့နိုင်ငံမှာရှိရှိသမျှအကြောတွေပေါ် တည့်တည့်ခွထိုင်ထားတဲ့ အိုင်းအနာတွေလို
အားအကောင်းဆုံး Institution ဟာစစ်တပ်ပဲ
သိင်္ဃိုရ်ပြည်ရဲ့ရှေ့ရေးဟာ သူ့အမြီးရဲ့Mindset အပေါ်မူတည်တယ်။

ပထဝီများများ သမိုင်းများများနိုင်ငံတွေကြား
ပွန်းလိုကစားခံနေရတဲ့ ငါ့နိုင်ငံ
အဲဒီလိုနိုင်ငံတစ်နိုင်ငံမှာ
ဗမာကဗျာဆရာတွေ ကဗျာဘယ်လိုရေးကြလဲ
ပါ့ဇ် ကိုရှင်းပြဖို့ငါသွားမယ်။

ဘုန်းကြီးထက် ဖပိုပေါတဲ့ ငါ့ အိမ်နီးချင်းဗုဒ္ဓဘာသာနိုင်ငံ
အဲ့ဒီနိုင်ငံကို ဖာအိတ်စ်ပို့လုပ်တဲ့ ငါ့နိုင်ငံ
ဖာထက် မိန်းမပျက်ယောက်ျားပျက်ပိုပေါတဲ့ငါ့နိုင်ငံ
အပျင်းနည်းနည်းကြီး ဣဿမစ္ဆေရိယစိတ်များများငါ့နိုင်ငံ
အဲ့သလိုနိုင်ငံမျိုးမှာ ကဗျာဘယ်လိုဆက်ရှင်သန်မလဲ
ပါ့ဇ်နဲ့ဆွေးနွေးဖို့ငါသွားမယ်။

အဖိအနှိပ်ခံနိုင်ငံ ဆိုမှတော့
ချွတ် ကနဲ အသံကြားရင် ထရံကဓား ပြေးဆွဲမိတာမျိုး
ကိုယ့်ခေါင်းရင်းက မာက္ခဝါဒ ထ မစမ်းဖူးတဲ့သူရှိမလား
ပါ့ဇ်နဲ့ငါ့
အေ့း့ ငါပြန်လာမယ်
မက္ကဆီကိုနေရောင်အောက်မှာ သံလွင်သီးရောင်ပေါက်လာတဲ့အသားအရေနဲ့
ငါပြန်လာမယ်
လက်တင်အမေရိကဆန်တဲ့ကဗျာတချို့နဲ့
ငါပြန်လာမယ်
ဗမာကဗျာဆရာတွေအတွက် ပါ့ဇ်ပါးလိုက်တဲ့အထုပ်တစ်ထုပ်နဲ့
ဒါဘာလဲ - လျှော်ဖွတ်ထားတဲ့ ငွေမည်းတွေလား
အဲ့ဒီငွေမည်းတွေနဲ့လဲလှယ်ခဲ့တဲ့ ဆေးခြောက်တစ်ထုပ်လား
ဒါဘာလဲ - မက္ကဆီကန် ဂစ်တာတစ်လက်လား
အဲ့ဒီဂစ်တာအိမ်ထဲဝှက်ထည့်လာတဲ့သေနတ်တစ်လက်လား
ဒါဘာလဲမမေးပါနဲ့
ငါတို့လိုနိုင်ငံမျိုးမှာ ဒီအထုပ်ဟာဘာမဆိုဖြစ်သွားနိုင်ပါတယ်။

ကိုသန်းထွန်း

Labels:

အခင်းဖြစ်ပွားစဉ်

တာဝန် ကျေပွန်လွန်းတဲ့
မသိမှုဟာ ရဲရဲတင်းတင်းပေါ့

ခင်ဗျားရဲ့လူ့အဖြစ်က
လုပ်သက် ဘယ်လောက်ရှိပြီလဲ ၊

သက္ကရာဇ်တွေက
မှောင်မိုက်တဲ့ စကားလုံးတွေပေါ်မှာ
အိပ်မောကျလို့

တောင်ရောက် မြောက်ရောက်မှာ
တောက်တောက်ပြောင်ပြောင်ကောင်လေ

ပြည်သူလူထုကြီးဆိုတာ
ပါးနပ်သူတို့ အတွက်
လုပ်ငန်းသုံးများဖြစ်နေရော့လား ၊

ငါ ဘာကို မြင်နေရပါလိမ့် ?

သမုဒ္ဒယကြိုးထဲက အသံနှစ်ခု
မျက်နှာချင်းဆိုင် ပြုံးလိုက်ကြတယ် ။

မောင်သိန်းဇော်
16 February 2016

Labels:

ကဗျာထဲက သူရဲကောင်း

ရွာဦးကျောင်းမှာ
ရေတွင်းတူးတုန်းက
မင်း မပါဘူး...
ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်း မပါဘူး...
လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်းမပါဘူး...
ခုတော့ မင်းက
ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ ဂွေပဲအတူလှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေဖတ်ရတာ
အသက်ရူကျပ်ပြီး မနေတတ်ဘူး
သြော်...
သြော်...
သြော်...
မင်းကဗျာတွေက ဘာလိုလို...။

အောင်ဘညို
ရနံ့သစ် ဇူလိုင် ၂၀၁၃

Labels: