မက္ကဆီကိုဝေးဝေး မက္ကဆီကိုနီးနီး
ဘယ်နိုင်ငံတစ်နိုင်ငံမှ သမိုင်းရဲ့အကျဉ်းသားမဖြစ်သင့်ပါဘူး တဲ့
ပြီးတော့ ဘယ်တစ်နိုင်ငံမှ ပထဝီရဲ့ အကျဉ်းသားလည်းမဖြစ်သင့်ပါဘူး တဲ့
အမေရိကနဲ့ကလည်းနီးပ ဘုရားသခင်နဲ့ကလည်းဝေးပ
အဲ့ဒီ မက္ကဆီကို။
အနားကျယ်ကျယ် ဦးထုပ်တစ်လုံးရဲ့အောက်မှာ
သူ့မျက်လုံးထဲကအဓိပ္ပါယ်ကို ဖုံးကွယ်ထားတတ်တဲ့ မက္ကဆီကို။
ငါတို့နဲ့ရေမြေခြားသလောက် ရင်ချင်းနီးတဲ့
အော်တိုဗီယိုပါ့ဇ်လို ကဗျာဆရာတစ်ယောက်ရှိတဲ့ မက္ကဆီကို
အဲ့ဒီ မက္ကဆီကို ကိုငါသွားမယ်။
အဲ့ဒီ မက္ကဆီကိုမှာ သေနတ်နဲ့မူးယစ်ဆေးဝါးပေါသလောက်
သေခြင်းတရားဟာ လက်လည်းမကွေးရဲ ၊ ခြေလည်းမဆန့်ရဲ။
သေနတ် မူးယစ်ဆေးဝါး နဲ့သေခြင်းတရားဈေးပေါတဲ့နေရာမှာ
အချစ်နဲ့လိင်ကိစ္စကလည်း ဝယ်လိုက်ရင် ချောဆီပါသုတ်ပြီးသား။
သေနတ်၊မူးယစ်ဆေးဝါး၊သေခြင်းတရား၊အချစ်နဲ့လိင်ကိစ္စ ဈေးပေါတဲ့နေရာမှာ
အမှန်တရားဟာ
ဝယ်တဲ့တောင်းကတစ်မျိုး၊ရောင်းတဲ့တောင်းကတစ်မျိုး။
အမေရိကရဲ့မြေအောက်ပိုက်လိုင်းထဲစီးဝင်နေတဲ့ရေဆိုးမြောင်းလို့
အစွပ်အစွဲခံနေရတဲ့ မက္ကဆီကို
ဒါပေမယ့် အမေရိကရဲ့မိလ္လာပိုက် သူ့ဖဝါးအောက်ကဖြတ်ဖောက်ထားတာကိုခွင့်ပြုထားရတဲ့ မက္ကဆီကို။
အဲ့ဒီ မက္ကဆီကို ငါသွားမယ်
အဲ့သလိုနေရာမျိုးမှာ ကန္တာရထဲကုလားအုတ်တစ်ကောင်ရှင်သန်သလို
ကဗျာ့ ဘယ်လိုရှင်သန်လဲ
ပါ့ဇ် ကိုနားထောင်ဖို့ ငါသွားမယ်။
မက္ကဆီကိုမှာ အားအကောင်းဆုံး Institution ဟာလူဆိုးဂိုဏ်းပဲ
တစ်နိုင်ငံလုံး ယမ်းထုပ်တွေချိတ်ပြီး Remote ကိုသူတို့က ကိုင်ထားတာ
ငါ့နိုင်ငံမှာရှိရှိသမျှအကြောတွေပေါ် တည့်တည့်ခွထိုင်ထားတဲ့ အိုင်းအနာတွေလို
အားအကောင်းဆုံး Institution ဟာစစ်တပ်ပဲ
သိင်္ဃိုရ်ပြည်ရဲ့ရှေ့ရေးဟာ သူ့အမြီးရဲ့Mindset အပေါ်မူတည်တယ်။
ပထဝီများများ သမိုင်းများများနိုင်ငံတွေကြား
ပွန်းလိုကစားခံနေရတဲ့ ငါ့နိုင်ငံ
အဲဒီလိုနိုင်ငံတစ်နိုင်ငံမှာ
ဗမာကဗျာဆရာတွေ ကဗျာဘယ်လိုရေးကြလဲ
ပါ့ဇ် ကိုရှင်းပြဖို့ငါသွားမယ်။
ဘုန်းကြီးထက် ဖပိုပေါတဲ့ ငါ့ အိမ်နီးချင်းဗုဒ္ဓဘာသာနိုင်ငံ
အဲ့ဒီနိုင်ငံကို ဖာအိတ်စ်ပို့လုပ်တဲ့ ငါ့နိုင်ငံ
ဖာထက် မိန်းမပျက်ယောက်ျားပျက်ပိုပေါတဲ့ငါ့နိုင်ငံ
အပျင်းနည်းနည်းကြီး ဣဿမစ္ဆေရိယစိတ်များများငါ့နိုင်ငံ
အဲ့သလိုနိုင်ငံမျိုးမှာ ကဗျာဘယ်လိုဆက်ရှင်သန်မလဲ
ပါ့ဇ်နဲ့ဆွေးနွေးဖို့ငါသွားမယ်။
အဖိအနှိပ်ခံနိုင်ငံ ဆိုမှတော့
ချွတ် ကနဲ အသံကြားရင် ထရံကဓား ပြေးဆွဲမိတာမျိုး
ကိုယ့်ခေါင်းရင်းက မာက္ခဝါဒ ထ မစမ်းဖူးတဲ့သူရှိမလား
ပါ့ဇ်နဲ့ငါ့
အေ့း့ ငါပြန်လာမယ်
မက္ကဆီကိုနေရောင်အောက်မှာ သံလွင်သီးရောင်ပေါက်လာတဲ့အသားအရေနဲ့
ငါပြန်လာမယ်
လက်တင်အမေရိကဆန်တဲ့ကဗျာတချို့နဲ့
ငါပြန်လာမယ်
ဗမာကဗျာဆရာတွေအတွက် ပါ့ဇ်ပါးလိုက်တဲ့အထုပ်တစ်ထုပ်နဲ့
ဒါဘာလဲ - လျှော်ဖွတ်ထားတဲ့ ငွေမည်းတွေလား
အဲ့ဒီငွေမည်းတွေနဲ့လဲလှယ်ခဲ့တဲ့ ဆေးခြောက်တစ်ထုပ်လား
ဒါဘာလဲ - မက္ကဆီကန် ဂစ်တာတစ်လက်လား
အဲ့ဒီဂစ်တာအိမ်ထဲဝှက်ထည့်လာတဲ့သေနတ်တစ်လက်လား
ဒါဘာလဲမမေးပါနဲ့
ငါတို့လိုနိုင်ငံမျိုးမှာ ဒီအထုပ်ဟာဘာမဆိုဖြစ်သွားနိုင်ပါတယ်။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home