30 September, 2015
တုန်ယင်လှိုက်မော
ရွာထဲကို မိုးဦးကျ ဒုက္ခတွေတဖွဲဖွဲဝင်ရောက်လာချိန်
နွားတင်းကုပ်လေးထဲမှာ မီးခိုးတွေက တအူအူတက်
အဖေနွားခြင်မီးခိုးထည့်နေတာလား
မနက်ဖြန်ဆို သားမြို့ကိုသွားရတော့မယ်အဖေ။
မြို့မှာ ဘာရှိသလဲ
သားမသိဘူး
မြို့ဟာ ပျော်စရာကောင်းသလား
မြို့မှာ ကျောင်းသွားနေရင် သားပညာတတ်မှာလား
မေမေ့ကို မလွမ်းတတ်တော့ရင် ဘယ်လိုလုပ်မလဲ ဖေဖေ။
ရွာကလည်း တစ်စစီကွဲလို့ အိုနေပါပြီတဲ့
အဖေက သူ့တောတိုးအင်္ကျီနောက်ကျောကို လှန်ပြတယ်
ဆားပွင့်တွေအဖေရယ်
အဖေဟာ ပင်လယ်လား
ရွာကလေးတစ်ရွာက ကိုင်းသမားတစ်ယောက်လား။
နွားတင်းကုပ်ဖက်က အသံတွေကြားတယ်အဖေ
နွားတွေခြင်ကိုက်နေသလား
သားအိပ်လို့မရတော့ဘူး
ဘယ်နှနာရီထိုးပြီလဲ မနက်လေးနာရီလား
မြို့ကို သွားမယ့် မော်တော်တွေလာပြီလား
အဖေ...
နောက်ဖေးခန်းမီးခွက်မှိန်မှိန်လေးထဲက ထွက်ထွက်လာနေတယ်
ဘာလဲ...
မေမေ့ရှိုက်သံတွေလား။ ။
မိုးဝေး
ကလျာ၊ဒီဇင်ဘာ၊၉၉
Labels:
နည်းနည်းသိ အမှန်တရား
နည်းနည်းပဲ သိတယ်လို့ ဆိုကရေးတီးလည်း ပြောဖူးတယ်။
၂၁-ရာစု တွေးခေါ်ပညာရှင်တွေလည်း ပြောဖူးတယ်။
သိစရာတွေအားလုံးကို သိုလှောင်ထားတဲ့ ကွန်ပျူတာကတောင်
သိစရာတွေ အများကြီး သိုလှောင်ဖို့ ကျန်သေးသတဲ့။
နည်းနည်းပဲ သိတယ်ဆိုတာ အမှန်တရားဖြစ်တယ်။
နည်းနည်းပဲ သိတယ်ဆိုတဲ့ ယုံကြည်မှုဟာ
ငါ့အတွက်တော့ ပျော်ရွှင်ဖွယ် အကောင်းဆုံးပဲ။
ငါ့ရုပ်ရည်၊ငါ့စိတ်၊ငါ့ခံစားမှု၊ငါ့အိပ်မက်
ငါဖြစ်တည်နေတာ...
ငါ့အကြောင်း ငါသိတယ်ဆိုတာ ဘယ်အထိသိနိုင်မှာလဲ
ငါ့ပြင်ပက အရှိတရားတွေကိုလည်း ငါနည်းနည်းပဲ သိတယ်။
အရာဝတ္ထုတစ်ခု၊ပန်းတစ်ပွင့်၊အသက်ဇီဝ၊စကြ၀ဠာ
အားလုံးဟာ ရိုးမသွားဘူး၊ငြီးငွေ့စရာ မဖြစ်ခဲ့ဘူး။
အားလုံးကို နည်းနည်းပဲသိလို့ ငါ့ဘ၀ ဆက်တိုက်ရှင်သန်လာခဲ့တယ်။
ထွန်းဝေမြင့်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊
Labels:
ငါ့ ကဗျာ
မျက်ရည်တွေ ရပ်တဲ့အခါ
ငါ ရပ်မှာပါ ။
သုခမိန်လှိုင်
Labels:
ရွှေတိဂုံ
သိဂုင်္တ္တရ ကုန်းတော်ပေါ်မှာ
တစ်ပြည်လုံးသာမက
ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ကြည်ညိုလေးစား
အရေးထားမှုကို ခံခဲ့ရတဲ့ ရွှေတိဂုံ
တဖုဿ ဘလိက္က
မဇ္ဇျိမက သည်လာတဲ့
ဗုဒ္ဓရဲ့ ဆံတော်လေးဆူနဲ့ စခဲ့တဲ့ ရွှေတိဂုံ
ဒဂုံဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေတိဂုံ
ရှေးဟောင်းဒဏ္ဍာရီတွေ အဆိုအရ
လူတစ်ရစ် နတ်တစ်ရစ် တည်ခဲ့ရတဲ့ ရွှေတိဂုံ
တိုင်းပြည်ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံ
ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံ
နိုင်ငံသား အားလုံးရဲ့ ရွှေတိဂုံ
စိတ်အေးမြမှု့ကိုပေးတဲ့
ငြိမ်းချမ်းစေတဲ့
ဘယ်အချိန် ရောက်ရောက်
အာရုံကို ပြောင်းလဲသွားစေတဲ့
ကျွန်ုပ်တို့ ကြည်ညိုလေးစားရပါသော ရွှေတိဂုံ
နှစ်တွေ အများကြီး
ခေတ်တွေ အများကြီး
အဖြစ်အပျက်တွေ အများကြီး
တွေ့ကြုံမြင်သိခဲ့ရတဲ့ ရွှေတိဂုံ
အောက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းထားစဉ်က
မင်းတုန်းမင်းကြီး အစီစဉ်နဲ့
ထီးတော်သစ်တင်လဲခဲ့ရတဲ့ ရွှေတိဂုံ
အင်္ဂလိပ်စစ်တပ် ခံတပ်ချခဲ့တဲ့ ရွှေတိဂုံ
အင်္ဂလိပ်ခေတ်မှာ ဘုရားပေါ်
ကျားတက်ခဲ့တဲ့ ရွှေတိဂုံ
တက္ကသိုလ်ကျောင်းသားကြီးတွေ
ပထမဆုံးအကြိမ် အင်္ဂလိပ်အစိုးရကို အံ့တုဆန့်ကျင်
ဆန္ဒပြခဲ့ကြစဉ်က
သပိတ်စခန်းချခဲ့ကြတဲ့ ရွှေတိဂုံ
၁၃၀၀ ပြည့် အရေးတော်ပုံ
ရေနံမြေအလုပ်သမားတို့ရဲ့ ခိုလှုံရာ
သပိတ်စခန်းချခဲ့ကြတဲ့ ရွှေတိဂုံ
မြန်မာပြည်လွတ်လပ်ရေးအတွက်
ဖဆပလရဲ့ အရေးပါတဲ့ ညီလာခံ
အလယ်ပစ္စယံမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့တဲ့ ရွှေတိဂုံ
သင့် ခန္ဓာကိုယ်ပေါ် ဖိနပ်စီးတက်လို့
အင်္ဂလိပ်အစိုးရနဲ့ ပြဿနာတက်ရ
ဝံသာနု ရက္ခိတတရားနဲ့
မျိုးချစ်မြန်မာတို့ အင်္ဂလိပ်အစိုးရကို ကန့်ကွက်ခဲ့တဲ့ ရွှေတိဂုံ
ဂဠုန်ဦးစော နိုင်ငံခြားမသွားမီ
လေယာဉ်ပျံနဲ့ ကြည်ညိုဦးတိုက်ခဲ့တဲ့ ရွှေတိဂုံ
ရွှေတိဂုံဘုရား မရောက်ခင်
ရန်ကုန်ရောက်တာ အဓိပ္ပါယ်မရှိဘူးလို့
နယ်ကလူတွေ သဘောထားခဲ့တဲ့ ရွှေတိဂုံ
အိမ်မှာ ကားရှိစဉ်က
တို့ မိသားစု
သင့်ဆီကို ဘယ်နှစ်ကြိမ်သွားသွား
ပျော်ရွှင်ခဲ့ရတဲ့ ငယ်ဘဝလေးကို လွမ်းမိစေတဲ့ ရွှေတိဂုံ
ရည်းစားဦးနဲ့ ရာဟုဒေါင့်မှာ ချိန်းတွေ့ခဲ့ရတဲ့ လူငယ်ဘဝ
တစ်ခါတစ်လေ ပြန်သတိရမိတယ် ရွှေတိဂုံ
ကွယ်လွန်သူစာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့
ရွှေတိဂုံဘုရားကို ဗဟိုပြု
ရန်ကုန်မြို့က လူမှုကိစ္စဝေဒနာအဖြာဖြာကို ရေးဖွဲ့ခဲ့တဲ့
"ရွှေတိဂုံကိုမြင်လျှင်" ဆိုတဲ့ဝတ္ထုရှိခဲ့ဘူးတဲ့ ရွှေတိဂုံ
ကဆုန်ညောင်ရေသွန်းပွဲ
ဝါဆိုလပြည့်
သီတင်းကျွတ်လပြည့်
တန်ဆောင်မုန်းလပြည့်
မြန်မာနှစ်ဆန်းတစ်ရက်နေ့
နေ့ကြီးရက်ကြီးတွေနဲ့
အကြီးအကျယ် စည်ကားခဲ့တဲ့ ရွှေတိဂုံ
အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့
စုဘုရားလတ်
မဟာကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
သင့်ခြေရင်းမှာ လဲလျောင်းခေါင်းချစေခဲ့တဲ့ ရွှေတိဂုံ
ကမ္ဘာတုန်ခဲ့ရတဲ့
အရေးတော်ပုံကြီး နှစ်ခုစလုံးလဲ
သင့်ရင်ခွင်မှာ ခိုလှုံခဲ့ရတာပဲ မှုတ်လား ရွှေတိဂုံ
၁၉၈၈ တုန်းက
အရှေ့ဘက်စောင်းတန်းက ကြွေးကြော်သံတွေ
ခုချိန်ထိ နားထဲမှာ ပြန်လည်ကြားယောင်ဆဲပါ ရွှေတိဂုံ
၂၀၀၇ စက်တင်ဘာ
သံဃာတော်တို့ရဲ့ ငြိမ်းချမ်းတဲ့ မေတ္တာပို့
ကျွန်ုပ်တို့ မျက်ရည်စို့ခဲ့ရတဲ့ ရွှေတိဂုံ
အင်္ဂါနေ့တိုင်း သင့်ဆီလာ ဆုတောင်းလို့
နော်အုန်းလှနဲ့ အပေါင်းအပါတွေ
ထောင်ကျခဲ့ရတာလဲ သင်အသိပါ ရွှေတိဂုံ
ဓမ္မ နဲ့ အဓမ္မ တိုက်ပွဲမှာ
ကျဆုံးသွားကြသူတွေအတွက်
စွဲချက်တင်ကြတဲ့အခါ
သင်ဟာ အရေးပါတဲ့ မျက်မြင်သက်သေပါ ရွှေတိဂုံ
ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်တဲ့
နားထဲက သွေးအော်သံတွေကို
ပြန်လည်ကြားယောင်တဲ့ အခါ
ဗလောင်ဆူနေတဲ့ ကိုယ့်ဝိညာဉ်ကို ငြိမ်သက်စေဖို့
လက်အုပ်ချီလို့ ရှိခိုးပါသည် မြတ်ဘုရား ရွှေတိဂုံ
ရွှေတိဂုံ အရှင်ဘုရား
မိတ်ဆွေ တစ်ယောက်လို ဆက်ဆံမိလို့
မကြားဝံ့ မနာသာ
နားမခံနိုင်လောက်အောင် ဖြစ်ခဲ့ရင်
ငမိုက်သား တပည့်တော်ကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား
ရွှေတိဂုံ အရှင်ဘုရား
ပြောမှား ဆိုမှား ရှိခဲ့ရင်
မလိမ်မိုး မလိမ်မာ ကဗျာရေးတဲ့ကောင်
ဦးချ၍ တောင်းပန်ပါသည် အရှင်ဘုရား
ရွှေတိဂုံ အရှင်ဘုရား
အရှင်ဘုရားကို အသုံးချပြီး
သံဃာနဲ့ ပြည်သူ့အပေါ် စော်ကားနေတဲ့ကောင်တွေကို
မောင်ကံလို ကျောက်ရုပ်ဖြစ်အောင် ဆုံးမတော်မူပါ အရှင်ဘုရား ။
လှသန်း
22/3/2010
Labels:
28 September, 2015
မျက်ရည်တေး
ကျွန်တော့်သားကပြောတယ်။
"ဖေဖေ ...
ခွေးကလေး သေသွားပြီ ..." တဲ့။
ခါတိုင်းညနေခင်းနဲ့ မတူ
ကျွန်တော့်သားရဲ့ မျက်ဝန်းမှာ
တိမ်တွေနိမ့်ဆင်းသွားပြီ။
ကျွန်တော် ...
အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကို
အတောင်ပံ တပ်ပေးမိတယ်။
ပန်းတွေ လှပနေခဲ့သလား
ပြောပါ ...။
လေညင်းတွေ ဝင်းပနေခဲ့သလား
ပြောပါ ...။
နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ ...။
ကမ်းပါးနှစ်ဖက်နဲ့ မြွေကို ...
မမြင်ရ ...။
ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ်။
တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ ... နှင်းတွေပေါ့ ...။
အောင်ဝေး
သရဖူ ၁၉၉၈ ဒီဇင်ဘာ
Labels:
ပင်လယ်ရေထည့်တဲ့ပုလင်း
ဘယ်သူမှမရောက်ကြသေးဘူး
ခြောက်နာရီထိုးသွားပြီ
မနက်နဲ့ညနေဆိုတာနာရီရဲ့ကိစ္စ
ဘယ်လိုပဲချိုးချိုးခေါက်ရိုးမကျိုးတာဘ၀တဲ့
ချစ်သူတွေရိုက်ကွင်းထဲအမုန်းတွေဖြတ်လျှောက်မလုပ်နဲ့။
ကိုယ်ကတော့
ကိုယ့်ရင်တစ်ခုလုံးတထောင်းထောင်းထအောင်ဖြတ်မေင်းသွားတဲ့
ပန်းနုရောင်မလေးရဲ့အကြောင်းရိုးရိုးကိုပဲ
တစ်မိုးလုံးအသံရှာပြီး
နွေရာသီအထိမော့သောက်နေတော့မယ်။
ဌေးကြည်(စလင်း)
Labels:
ဆန်ရေတစ်ပွက်
သားပေးတာက
ကွမ်းတစ်ယာနဲပလက်ဖက်တစ်ရိုး။
အမေ့ရင်ထဲမှာ
ဝမ်းသာလိုက်တာက
စိန်တစ်ဆင်စာနဲ့ငွေတစ်အိုး..။ ။
ဌေးကြည်(စလင်း)
၁၉၉၂ မတ်၊မဟေသီမဂ္ဂဇင်း
Labels:
အချမ်းလွန်မြို့လေးတစ်မြို့
အိပ်မက်တွေ အဖျားရင်းပြီး
နှင်းတွေ အမှည့်လွန်နေလိုက်ပုံများ
ရွှေရောင်သံစဉ် တစ်ခုလိုပ။
တစ်စုံတစ်ယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစ်စုံတရာက တစ်စုံတရာကို စောင့်ရသလိုမျိုး
လမ်းရိုးလေး တစ်ပုဒ် မျှော်ငေးမှုမှာ
ဟိုးဝေးဝေးမှ သဇင်ပွင့်သံတွေ
မွှေးနေတုန်း။
ဒေါက်
ဒေါက်
ဒေါက်
ဒေါက်
ဒေါက်
တုတ်ကောက်သံတွေ တထောင်းထောင်းနဲ့
“မြင်းကောင်းရင် ခွာမလိပ်ဘူး” တဲ့
ဟိတ် ဆောင်း
စောင်းကြိုးတွေ မပြတ်နဲ့
အထပ်ထပ်ရွာ
ဆောင်းဟာ ရေတံခွန် စစ်စစ်တစ်ခုလိုပ။ ။
ဌေးကြည်(စလင်း)
သရဖူ၊ ဒီဇင်ဘာ၊ ၂၀၀၇
Labels:
ကဗျာ ၁
ပလပ်ပေါက်ထဲ
ပလပ်ခေါင်းဝင်သွားတော့
လျှပ်စစ်စီးလာတယ်
ကဗျာက
မီးလာပြီ
ဒီ အနီးအနားမှာ
ခလုတ်ရှိသေးလား
တိုက်ပါရစေ
ဝင်းမြင့်
၁၃.၉.၁၅
Labels: ,
ငါသည်
ဝတ္တရား မကျေသော လင်
ဖခင်ဖြစ်ခွင့် မရှိသော ယောက်ျား
ကြေးကြီးတဲ့ ကစားဝိုင်းမှာ ရှုံးခဲ့တယ်။
မောင်သီးသန့်
Labels:
27 September, 2015
မြို့များ
သူ့ မြို့ မှာ
ခူနာပေါက်သလို
ငါ့မြို့ မှာလည်း အိုင်းအမာနဲ့ ပဲ
တစ်ဝမ်းတစ်ခါးကို
လမ်းများပေါ်
ရွှေလိုကျင်သတဲ့
ပိုက်ဆံက
အရက်ပြန်လိုအငွေ့ ပျံလွယ်လွန်းတယ်။
ကားသံတွေနောက်မှာ
တိုက်တွေရဲ့  အရိပ်မှာ
နေ့ တွေဟာ ကြိုးတွဲလောင်းချတန်းလန်း။
အိုအောင်
Labels:
23 September, 2015
ပလိန်းကိတ်ရဲ့ အရသာ
ကိုယ်နှင့်ဝေးသောနေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့..။
ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သောပန်းရနံ့ တို့ စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ    ။
ဒီနေ့ တနင်္ဂံနွေ
ရေနွေးအိုးတစ်လုံးတည်မယ်
ကဗျာတစ်ပုဒ်တွေးမယ်
ထမင်းလည်းတစ်ခါပဲစားမယ်
ဒီထက်ချွေတာလို့ လည်းမရ
ဒီထက်အကျယ်ချဲ့ လို့ လည်းမရ     ။
အလုပ်မရှိအလုပ်ရှာ
ကိုယ့်သိမ်ငယ်မှု
ကိုယ်ကြုံရသောမျက်လုံးများနဲ့ 
ကိုယ့်ဘ၀ဇာတ်    ။
ရေချိုးခါနီး
ကိုယ့်တစ်ကိုယ်လုံးကိုယ်အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှမရှိ     ။             ။
ခင်ဇော်မြင့်
 မြားနတ်မောင်
 ဧပြီ.၂၀၀၃
Labels:
ကမ္ဘာ့မြေပုံပေါ်မှာ အမဲလိုက်ကြသူများ
လူတွေအားလုံးကို ချမ်းသာအောင်လုပ်ပေးဖို့မလွယ်တော့
ငါ့တစ်ကိုယ်စာပဲ ချမ်းသာအောင် လုပ်တော့မယ်ဆိုတဲ့
အတွေးများဝင်သွားကြလား
တံလျှပ်ကို ရေထင်တာ ခုမှမဟုတ်ပဲ။
လူတွေဟာ
ရှေးပဝေသဏီထဲက
အရောင်းအ၀ယ်တွေဖြစ်ခဲ့ကြ
စစ်အတွင်းကလဲ အရောင်းအ၀ယ်တွေဖြစ်ခဲ့ကြ
လွတ်လပ်ရေးရပြီးတော့လဲ အရောင်းအ၀ယ်တွေဖြစ်ခဲ့ကြ
အခုလဲ အရောင်းအ၀ယ်တွေဖြစ်ခဲ့ကြ
နောင်လဲ အရောင်းအ၀ယ်တွေဖြစ်ကြ
ဒါပေမဲ့
ကိုယ့်ကိုယ်ကိုယ်မရောင်းမိအောင်တော့ သတိထားကြ။
ဒီလိုနဲ့ပဲ စစ်ကိုဘေးမှာထားပြီး အရှာထွက်ခဲ့ကြ
အဖြေမရှိဘာမရှိတွက်ခဲ့ကြတဲ့ ပုစ္ဆာ
ကော်ဖီသောက်မပျက်
အမဲလိုက်မပျက်
ရော့ သတင်းစာဖတ်ပါ
ရော့ ဆေးတံသောက်ပါ
စစ်ကိုဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ခင်ဗျားသဘောထားသလား
တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားကြ
သူ့ခမြာမှာတော့ ဘာမှမရှိရှာဘူးတဲ့
ဒါပေမဲ့ ဘာမှမရှိတာက
ရှိတာထက်ပိုပြီး တန်ဘိုးမကြီးဘူးလေ။
မုန်တိုင်းတွေ ခဏခဏ ကြုံတွေ့နေရပေမယ့်လည်း
သူတို့ရဲ့ ရွှေရောင်ကမ်းခြေကလေးကို
သူတို့မစွန့်လွှတ်နိုင်ခဲ့ကြ
မိုင်ယာမီကမ်းခြေက ဒေသခံလူတွေလို
မုန်တိုင်းမလာမီကလေးမှာ
ကိုယ့်အိမ်ကိုယ်ကာကြ
အမိုးတွေပြင်ကြ
ကိုယ့်တပ်တွေကိုယ်ပြင်ဆင်ကြ
ဘုရားသခင်ကတော့
ရာသီဥတုကို ခေတ်မီဆန်းပြားတဲ့လက်နက်တွေ
မတပ်ကောင်းရာဘူး။ ။
စေတ
စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇
Labels:
ခေါင်းစဉ်ကတခုတည်း
ဘာဖြစ်ချင်သလဲ ဘာဖြစ်နေသလဲ
ဖြစ်ချင်တာကို ဒဲ့ပြော
စစ်ပွဲတွေ ခေတ်အဆက်ဆက် အခန်းဆက်
ခုဆို.... စစ်ပွဲဆိုတာ မျိုးတုံးသတ္တ၀ါအဖြစ် မှတ်ပုံတင်
အ၀ိဇ်ဇာ မိတ္တူတွေသာ မျိုးပွားပြီးရင်း မျိုးပွား
ငါနဲ့ ငါ.... ငါပြီးရင်းငါ.... ငါစစ်ပွဲတွေ
မြေပုံအသစ်နဲ့ သန်း ၆၀၀၀ကျော်။
ဒီလိုပါ....
လူ့ဘ၀အခင်းအကျင်းက
တခုခုကို ရောင်းချစားသောက်ရင်းနှီးပြီး
ရိုးရိုးလေး .... အသက်ဝင်လာတာဆိုပါစို့
ခေါင်းစဉ်က တခုတည်းပါ။
ဇီဝဗေဒအရ အမှုန်အမွှား
ပရိစေဒရုပ် အတွင်းသားမှာ
ဇာတ်လိုက် ဗီလိန် ဒါရိုက်တာကြိုးဆွဲ
ဝိပါက တရားကို ရင်ထဲထည့်လို့ ရရင်
စိတ်နဲ့ ခန္မာကို ပြင်လို့ အချိန်မီ
ခေါင်းစဉ်က တခုတည်းပါ။
အအ တွေလည်း အိပ်မက်မက်တယ်
မရှင်းပြတတ်ဘူး....
အထက်တန်းလွှာ အိပ်မက်လို မခမ်းနားဘူး
ဒါပေမယ့် နားလည်တယ်။
တခါသုံး တွေ ခေတ်စားပြီးရင်း ခေတ်စား
သင်တုံးဓားလည်း သံချေးတက်
တသက်လုံးလည်း သံချေးတက်
တသက်လုံးလည်းအသုံးတည့်
တခါသုံးလည်း မဖြစ်စေရ
ပဟေဠိ ဆန်နေသလား
ခေါင်းစဉ်က တခုတည်းပါ။ ။
နေစိမ့်
ပိတောက်ပွင့်သစ် ဧပြီလ ၂၀၀၇
Labels:
21 September, 2015
အဖျားသွေး
အိမ်ရှေ့ စာတိုက်ပုံးထဲမှာ ကျီးကန်းအသေတစ်ကောင်ကိုတွေ့တယ်
မနေ့က မင်းအကြောင်းကို တစ်ညလုံးတွေးခဲ့လို့ ထင်တယ်
လက်သီးကို ဖြည်ချလိုက်ရင် တကိုယ်လုံးအငွေ့ပျံသွားရော့မယ်
မင်းနေတဲ့မြို့မှာ မင်းအကြောင်းကို ရုပ်သံကနေ အမြဲတမ်းထုတ်လွှင့်တယ်
တစ်မြို့လုံးကို ခေါင်းလောင်းလိုက်ထိုးတယ် အဲဒီဇာတ်သိမ်းခန်းနဲ့ပဲ လူကြမ်းက အော်စကာရတယ်
တစ်ညလုံးဥသြဆွဲခဲ့တဲ့ လမ်းမကြီးက အခုတော့ ဘုန်းတော်ကြီးမားနေပြီး
မင်းရဲ့ ခဲခြစ်ပန်းချီကို ဓါးနဲ့ တစ်လွှာခြင်း လှီးနေတယ် ။ ရယ်စရာပဲ
အခန်းတံခါးကို အထဲကနေ လော့ခ်ချပြီး မအိပ်ဖို့ မင်းက အမြဲတမ်းမှာတယ်
မနက်ခင်းတိုင်း နေက ကြောင်တောင်တောင်နဲ့ ထွက်တယ်။ ငါက ပိုက်တစ်ချောင်းနဲ့ စုပ်ယူတယ်
အလင်းရောင်မရောက်ခင် မင်းအကြောင်းက ငါ့ခေါင်းထဲကို ဝင်တယ်
ထုံးစံအတိုင်း မင်းက ခိုတစ်ကောင်ရဲ့ သွေးနဲ့ ငါ့ဦးခေါင်းကို ပက်ဖြန်းမြဲ
အရင်အတိုင်းကျန်ခဲ့တဲ့ ပြာပုံထဲမှာ ရယ်စရာအကောင်းဆုံးပျက်လုံးတစ်ခုရှိတယ်
မင်းက အရာအားလုံးကို ဦးနှောက်နဲ့ တွေးပြီး ငါက ဝမ်းနည်းစရာတွေကို ပုလင်းခွံထဲထည့်ပြီး ပင်လယ်ထဲမျောတယ်
ငါ့အကြောင်း မင်းတွေးသမျှဟာ စက်ရုပ်ဆန်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဲဒီအကြောင်းကို လူတွေ စိတ်ဝင်စားကြတယ်
မင်းအကြောင်း ငါ့တွေးသမျှဟာ မြို့ပျက်ဆန်တယ် ။ လူသေတွေ မပါဘူး
အိပ်မက်က ဓါးတန်းလန်းတဲ့ အခန်းထဲဝင်လာပြီး မင်းအကြောင်းတွေးနေတဲ့ ငါ့ကို
လည်ပင်းသွေးစုပ်ထုတ်သွားတယ်
ကိုယ့်ကိုယ်ကို မသေနိုင်သေးပါဘူး တွေးပြီး ကွယ်လွန်သွားတဲ့ ကော်ဖီခွက်တွေကို ရည်စူးပြီး အိပ်ရာဝင်တယ်
ဝမ်းနည်းစရာသီချင်းတွေရဲ့ ရည်ညွှန်းချက်ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာကဗျာတွေရဲ့ အောက်ခြေလက်မှတ်ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာတံခါးရွက်တွေရဲ့ အော်သံတွေဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာအကျီ င်္တွေရဲ့ မလုံခြုံမှု့ဟာ ငါ ဖြစ်တယ်
ဝမ်းနည်းစရာကိန်းဂဏန်းတွေရဲ့ တန်ဖိုးဟာ ငါ ဖြစ်တယ်
မင်းနဲ့ ပတ်သတ်ရင် ငါက မိုးရွာနေတဲ့ စကားပြေတစ်ကြောင်းဖြစ်တယ် ။
ဒီဝသုန်ခက်
Labels:
16 September, 2015
အလဲအလှယ်
ငါ
အခု
လရောင်ကို မော့မကြည့်ရဲဘူး။
ဖူးကြ၊ ပွင့်ကြ၊ ကြွေကြ
သူလည်း သူ့နှလုံးသားနဲ့ သူ
ငါလည်း ငါ့အနုပညာနဲ့ ငါ။
မတော်တဆတွေကပဲ ကမ္ဘာကို ပြောင်းလည်းခဲ့
ငါ့ကိုလည်း ပြောင်းလည်းခဲ့
ပြောင်းလည်းသမျှ ဦးညွှတ်ဖို့ ကျတော့
ငါ အခု
လရောင်ကို မော့်မကြည့်ရဲတာ ဆန်းသလား။
သူ့ကို ချစ်သလို
ငါ့ကိုလည်း ချစ်ကြပါ၊
မထင်ပါနဲ့
တပ်မက်မှုတွေက
အဆုပ်လိုက် အခိုင်လိုက်
ညွတ်လို့။
ညွတ်ကျလာတဲ့ လရောင်မှာ
ငါ့ကို ချစ်သလို သူ့ကိုလည်း ချစ်ကြပါ။
ထူထူပျစ်ပျစ် နံနက်ခင်းရောက်လာ
ငါလည်း
အမှားအကျိုး ဆောင်သူပါ။    ။
ပြေမြင့်
ပင်လယ် စာပေနှင့်အနုပညာ မဂ္ဂဇင်း
အတွဲ၂ အမှတ် ၃ (၁၉၉၃ ခုနှစ်)
Labels:
ဒီဇင်ဘာ ၂၀ ရက် တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ
တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇဝင်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။
ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။
သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။
စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။
ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့ နီရဲတဲ့
သွေးစက်တွေပေါ်မှာ
ငါ့ရဲ့ ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။
လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။
မောင်လေးအောင်
Labels:
သင်္ကြန်ည
ခူးလိုက်ကြဟေ့
လမ်းမကိုထွက်၊ ပိတောက်တစ်ခက်တဲ့။
ပွင့်ချင်ဦးလေ၊
မိုးလုံးအ၀ါ၊ ဒဏ်ရာကြေမွ
လမ်းမကတ္တရာ၊ ရေထဲပါပြီ။
အေး
ကောင်မလေးတွေ
ဧပရယ်နွေလ၊ သင်္ကြန်ညမှာ
ပိတောက်တစ္ဆေ ခြောက်ပါစေ။          ။
သခွပ်နီ
လုံမလေး၊ ဧပြီ၊ ၁၉၈
Labels:
ကြယ်ငေးသူကြီးအကြောင်း
လူသားတွေက အရမ်းဉာဏ်ကောင်းတယ်
ဒါပေမယ့်
လူသားတွေရတဲ့ ရောဂါတွေက
ဉာဏ်ပိုကောင်းတယ်
ကြယ်ကလေးတွေရေ
မင်းတို့ကို ငေးကြည့်စရာ ဖန်ဆင်းမှုသာမပါရင်
ငါဘာလုပ်ရမှန်း မသိဘူး
သုခမိန်လှိုင်
အိုင်ဒီယာ ၊၂ဝ၁ဝ ၊ ဖေဖော်ဝါရီ
Labels:
မနှင်းဖြူ
“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။
“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။
“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။
“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။
“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။
“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။
“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။
“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......
“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။
သျှပ်မှူးကျော်
Labels:
အဆက်မပြတ်ညည်းချင်း
ပြောစမ်း
ငါဆက်စဉ်းစားတယ်
ခြေရာတွေထပ်နေတဲ့အကြောင်း
အသက်ကြီးလာတဲ့အကြောင်း
တစ်ခါတလေပြန်ဆုံတဲ့အကြောင်း
ဆက်ပြော
ဒီဇန်န၀ါရီကအစ
ဧပြီ ဂျွန် သြဂတ်စ် နိုဝင်ဘာ
ဘတ်စ်မှတ်တိုင်မှာမိုးခိုတုန်းကအကြောင်း
သဲတရှပ်ရှပ်အတောင်ပံတစ်စုံအကြောင်း
ခပ်နိမ့်နိမ့်ပျက်ကျခဲ့တဲ့အကြောင်း
သံရည်ကျိုစက်ထဲကအချိန်တွေလိုလေးလံပိကျ
သံမဏိလက်ရန်းတွေအနောက်မှာ
နောက်တစ်ခါဆံပင်ညှပ်ခဲ့
အရက်နည်းနည်းသောက်ခဲ့တဲ့အကြောင်း
မင်းကမှန်ပြီး ငါကမမှားတဲ့အကြောင်း
ဆက်ပြော
ညတစ်ည
ခြေလေးချောင်းနဲ့ဘူတာရုံတစ်ရုံအကြောင်း
အမောဖောက်လာတဲ့ရေနွေးငွေ့အကြောင်း
တိုးတက်တဲ့သဘာဝဓါတ်ငွေ့တွေအကြောင်း
မင်းနားမလည်ဘူးပြောပေမယ့်
ငါကဆက်ပြော
ငါ့ကိုယ်ငါတွေးတောအရေခွံခွာ
ငါ့ကိုယ်ငါအခါခပ်သိမ်း
ငါ့ကိုယ်ငါတော်ပါတော့ဆိုတဲ့အကြောင်း ။ ။
ဝင်းလွင်
ပိတောက်ပွင့်သစ်
April 2006
Labels:
ငါမပါ လိရိက
အထက်ပါခေါင်းစဉ်မှာ ငါမပါ
ငါမပါတာတွေ ငါရေးတော့မယ့်အထဲမှာငါမပါ
လူအုပ်ကြီးနဲ့ ခုတ်မောင်းတဲ့ရေနွေးငွေ့အင်ဂျင်မှာ ငါမပါ
ဖူးပွင့်ဝေဆာလတ္တံ့ ပန်းခြံရဲ့အားလပ်ရက်ပျော်ပွဲစားမှာ ငါမပါ
ဘဏ်စာရင်းဖွင့်ဖို့ တန်းစီနေတဲ့သုညများရဲ့ တန်ဖိုးမှာ ငါမပါ
လကုန်ရက်ထီသည်ဖွင့်တဲ့ မျော်လင့်ချက်သီချင်းကိုနားစွင့်တဲ့ မသိစိတ်မှာ ငါမပါ
ငါသောက်လိုက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာလည်းငါမပါဘူး
ငါငှားထားတဲ့တက္ကစီဟာ ငါမပါပဲထွက်သွားတယ်
ငါကျန်ခဲ့တဲ့ကွက်လပ်ကတော့ငါမပါတဲ့ ကွက်လပ်နဲ့
စာလုံးတစ်လုံးရဲ့ ရိုက်ဇုမ်းလားရာအတိုင်းဖြာထွက်နေတဲ့နိုးမဒ်အနက်မှာ ငါမပါဘူး
ရေခပ်ချိန်ကဗျာများရဲ့ ရိုးရာခြင်းဝိုင်းမှာတော့နေတဲ့အဆော့မှာ ငါမပါဘူး
ပုံပြင်ကို ခြုံပတ်လည်ရိုက်ပြီးယုန်ထွက်အောင် တောခြောက်နေတဲ့
ခွေးအရဲ့ ထမင်းလုံးတစ္ဆေမှာငါမပါဘူး
ကမ္ဘာလုံးဆိုင်ရာကော်ပိုရိတ်နိုင်ငံရေးများရဲ့လှလှပွပွထုပ်ပိုးမှုရောင်းကုန်အတွင်းထဲက
ဒန်အိုးဖုံးလောက်မှ စောက်မနက်တဲ့ဗီဇပြောင်းသရေစာမှာ ငါမပါဘူး
လက်နက်ကုန်သည်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲထောက်တိုင်မှာ ငါမပါ
သစ်ပင်ခုတ်တဲ့ အာရှစိမ်းလန်းစိုပြည်ရေးစီမံကိန်းရင်ထိုးတံဆိပ်မှာ ငါမပါ
မြောက်ကျွန်းကိုသွားဖို့တောင်ကျွန်းကို လမ်းညွှန်တဲ့ မြေပုံပို့ချချက်များရဲ့
နုံးတင်မြေနုကျွန်းစိုက်ခင်းမှာငါနဲ့ ငါ့ထွန်ယက်ချက်မပါ
သံအမတ်ရဲ့ တံလျှပ်စကားလိုများများပြောပြီး ဘာမှမဆိုလိုသော
မီးရှူးမီးပန်းဝါကျများသွယ်တန်းဖောက်လုပ်ရာအမြင်အာရုံလှည့်စားမှုကို
သစ္စာမရှိသောဘာသာပြန်သူ၏ ထောက်ချောက်တံတားခင်းမှုအပေါ်
နတ်ကရာ ကြည့်မောမည့် ဖြတ်လျှောက်သူများထဲငါမပါ
အလောင်းတွေအပေါ် ခေါင်းလောင်းချိတ်ပြီးလေယူရာယိမ်းနေတဲ့ ဂီတသင်္ကေတမှာ ငါမပါ
ချောကလက်စားပြီး
ခေတ်ကြီးကို အပျင်းပြေ သွားကြားညပ်တဲ့လိုက်ခ်မျှော်စတေးတပ်ထဲ ငါမပါ
နှင်းလို သစ်ရွက်ခြောက်လိုတဖျောက်ဖျောက်ကီးဘုတ်ရိုက်သံရဲ့
ညဥ့်လယ်ယံမေးရိုးအကျိုးကြီးဝိဥာဉ်ခေါ်နေတဲ့ပွဲတော်ထဲ ငါမပါ
မဆီမဆိုင် ဖြတ်ခနဲ အမှတ်ရလိုက်တဲ့ငယ်သူငယ်ချင်း
ခါကာဗဟာဒူးရဲ့ နာမည်ကိုနိမိတ်ပုံပြုလုပ်လိုက်ဖို့စိတ်ကူးထဲ ငါမပါ
အခုထိ ခင်ဗျားဖတ်လာပြီးသမျှလိရိကမှာ ငါမပါ
ခရစ္စမတ်(စ်)ဘိုးဘိုးကြီးရဲ့ကျောပိုးအိတ်မှာ ငါမပါ
“ငါ” ဟာ တစ်ယောက်တည်း အထီးကျန်နေတယ်
ဇတိအစ မရဏအဆုံး ဒုက္ခသည်စခန်းရှိခပ်သိမ်းသော လူသားများအတွက်
ယနေ့အဖို့လည်း စားစရာနှင့်အိပ်စရာကို ဆောင်ကျဉ်းပေးတော်မှုပါ အရှင်
အောက်ပါနိဂုံးမှာ ငါမပါ
ငါမင် ။           ။
ဝေးခေါင်
၂၅ ဒီဇင်ဘာ ၂၀၁၃
Labels:
မုတ်သုံ
အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား။
သဲလွန်စဆိုလို့
သဲပွင့်တစ်မှုန်တောင်မထ တဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။
လောကသုံးပါး၊
ဥတုသုံးပါး၊ အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နောင်းဘူး။
လေညင်းကို အပိုင်ရလိုမှုနဲ့
အငြင်းပွားကြတယ်
စွန်လွှတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့။    ။
မောင်သိန်းဇော်
ရုပ်ရှင်တေးကဗျာ၊ မေ၊ ၂၀၁၀ မ
Labels:
မီးအိမ်ပျောက်တဲ့မြစ်
အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက် အမြဲခင်းပေးထားရတယ်။
ထမင်းချက်ရင်
သူ့အတွက်ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက်အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။
ကျနော်ဟာ
အဖေ့သေးအိုးသွန်ရတယ်
မနက်စောစောထရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယ်ယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။
သူများတွေကျောင်းတက်ရင်း လက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင် တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်အပေါက်မျိုး
အဖေ့ဒဿနကမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။
အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားခိုင်းဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်
ဆုံးထပ်မှာ
ဖွက်ဖွက်ထားတတ်တယ်။
အဖေ့နှလုံးသားမှာ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိပေးတာအမေပဲ
အဖေ့နှလုံးသားမှာ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖါးနဲ့ရိုက်ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း မိုင်တထောင်လျှောက်
ရတယ်။
အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်း
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက် ပြန်ဖွင့်ကြည့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကိုလှမ်းငေးတယ်။
ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေ အဲဒီလိုများတွေးသွားသေးသလား
ဟုတ်တယ်အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး။
ဘာကောဖြစ်ရအုန်းမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော့်လှေမျောခဲ့လေသလား
ဘယ်ကမ်းမှာနေညိုညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့အမာသားလို့
အဖေပြောအုန်းမှာပဲ။
တကယ်တော့ တံမြက်စည်းအစ လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းကရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။
အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်ကြတယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော် ဆီးသီးကလေးလိုပြုံးတတ်ခဲ့တယ်။
အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှားအရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။
ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကတော့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေက ဟေ ဆိုရင်
ဒီမှာလေလို့ ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမ၀င်ဘူး။
ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘ၀မှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘ၀မှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘက်စကားမမီတာ အဖေ့ကြောင့်
အရပ်မထွက်တာ အသားမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။
အဖေကသားကိုချစ်ပါတယ်တဲ့
အမေကလျောက်လဲချက်ပေးတယ်
အဖေက သူရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူး
အိတ်ကပ်ထဲမှာပဲထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှမဟုတ်ပဲ
အဖေ့မေတ္တာတရားကို ဘယ်တုန်းကမှခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေ ဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူ့ဖြစ်ချင်တာတွေ ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ ဘာလို့ပေးရတာလဲ
သူ့ညွုန်ကြားချက်တွေ သူ့ရင်းနှီးမြှပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာ အဖေဟာ ပြေးမလွတ်တော့ဘူး။
ဒါပေမယ့် အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။
ကျနော့်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့်အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်းကြိုးချည်ပေးမယ့်အဖေတယေက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့်အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့်အဖေတယောက်
ကျနော်ဘယ်လောက်မှားမှား
ကျနော့်ဘက်ကနေမယ့်အဖေတယောက်။
အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာ အဖေဟာတစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတာ
သူ့ခုံရုံးမှာ
ကျနော်ဟာပြေးမလွတ်တော့ဘူး။
အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်ကရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။
အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။
နှင်းခါးမိုး
Labels:
မင်းတစ်ယောက်တည်း မဟုတ်ဘူး
လောက ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။
တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက် ဒက္ခခံခဲ့ရသမို့
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။
နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။
လူလိုမနေရတာ ကြာတော့
လူစိတ်ကလဲ ပျောက်လုလု
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။
ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး တစ်ခုလုံးပါတယ်
ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေါ့
ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်
ဂျာကာတာက ဖင်ရှင် ကဖေးမှာလား
ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား
ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့
ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
မဝေးတော့တဲ့ နွေဦးအတွက်
စုဘူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။   ။
လှသန်း
Labels:
ကဗျာ့ပရိယာယ်
အထောက်အထားခိုင်လုံမှ
သက်သေခံပစ္စည်းတင်ပြနိုင်မှဆိုလို့
ကျွန်တော်မြေကြီးကို တူးဆွကြည့်တာပါ
ဒီနေရာမှာ ဘာတွေထွက်လာတယ်တို့
ညာတွေထွက်လာတယ်တို့
စာရင်းပြုစုပြတော့မှာပဲလို့
ကျွန်တော်ကိုလျှော့မတွက်လိုက်ပါနဲ့
ဘာမှထွက်မလာပါ
ယုတ်စွအဆုံးတီကောင်လေးတောင်ထွက်မလာပါ
ကျွန်တော်ကိုယ်တိုင်ကလည်း
ဘာမှထွက်မလာစေချင်တာလည်းပါတာပေါ့လေ
ဝေဖန်ရေးဆရာတွေပြောသလို
ဗဟိုချက်မဲ့တာတို့
အဓိပ္ပယ်တွေေ၀၀ါးနေတာတို့ဘာတို့လည်း
မဟုတ်ပါ
ပျောက်ဆုံးသွားတဲ့တစ်စုံတစ်ရာကို
လိုက်ရှာနေတယ်ဆိုရအောင်ကလည်း
ကျွန်တော့်မှာ ဘာမှပိုင်ဆိုင်ခြင်းမရှိတော့
ဘာမှပျောက်ဆုံးခြင်းလည်းမရှိပါ
ပိုက်ဆံကျမပျောက်ဘဲ
ပိုက်ဆံလိုချင်လို့
ပိုက်ဆံလာရှာနေတဲ့ကလေးလို
ကျွန်တော့်ကိုယ်ကျွန်တော်လူအရယ်မခံနိုင်ပါ
ဒါဆိုမင်းက ဘာကိုဆိုလိုချင်တာလဲမေးရင်
ကျွန်တော်က ဘာကိုမှ မဆိုလိုချင်ပါဘူးခင်ဗျာလို့ဘဲ
ရိုသေလေးစားစွာပြန်ဖြေမှာပါ
ကျွန်တော်ကတော့
ဘာကိုမှ မဆိုလိုချင်တာသေချာပါတယ်
ကျွန်တော်ဘာကိုမှမဆိုလိုချင်တာကို
အနှောက်အယှက်ဖြစ်ရင်ခွင့်လွှတ်ပါ
ကျွန်တော့်အတွက်တော့ဒါဟာ
နှစ်ပေါင်းများစွာ ဘာတစ်ခုမှမဆိုလိုခဲ့ခြင်းရဲ့ အရသာပါပဲ
အထောက်အထားတို့
သက်သေခံပစ္စည်းတို့
မြေကြီးကိုတူးဆွကြည့်တို့ဆိုတာကလည်း
ဖတ်သူကိုလမ်းကြောင်းချော်ထွက်သွားအောင်
တမင်ချန်ထားခဲ့တဲ့ သဲလွန်စတွေပေါ့
အဆက်ဖြတ်ပစ်လိုက်တဲ့ နည်းစနစ်ပေါ့
ကျွန်တော်သပ်သပ်ရပ်ရပ်ကျူးလွန်ခဲ့တဲ့မှုခင်းတစ်ခုပေါ့
စဖတ်ပြီးဆိုကတည်းက
ကျွန်တော်ထောင်ချောက်ကိုနင်းလိုက်မိတာပါပဲ
အရေးယူလို့လည်းရပါတယ်
အရေးမယူလို့လည်းရပါတယ်။ ။
ကြည်ဇော်အေး
ဟန်သစ်မဂ္ဂဇင်း၊ ဇူလိုင် ၂၀၀၇
Labels:
အချစ်တေးသွား
မိုးရွာပြီးစ
နေရောင်ခြည်ထဲမှာ
ငါ့ကို ထည့်လျှော်ပါ။
သစ်ပင် တစ်ပင်လုံးနဲ့
အကိုင်းအခက် အရွက် အစုံအလင်နဲ့
ငါ ပြန်လာမယ်။
ရေကူးကန် တစ်ကန်လုံး
ကြည်ပြာရောင် အပြည့်အလျှံနဲ့
ငါ ပြန်လာမယ်။
ဇောက်ထိုးမိုးမျှော် မိုးဟာ
နှင်းဆီပွင့်ရဲ့ ကိုယ်ပေါ်မှာ
ဦးခေါင်း မြဲမြံသကဲ့သို့
ငါ ပြန်လာမယ်။
ငါ့ အလိုမကျမှုတွေနဲ့
ငါ့ အချစ်တွေ
အခြေအတင် ဖြစ်နေပုံပါပဲ။
မီးသင့်ခဲ့တဲ့ သစ်တုံး
မဟော်ဂနီရောင် တောက်ပလာဦးမယ်ဆိုတာ
အကောင်းဆုံး သီချင်းတပုဒ်ပေါ့။ ။
သုခမိန်လှိုင်
Labels:
14 September, 2015
ဘိနပ်ပကာသနီ
(၁)
ဘိနပ်ဟာ
လူတွေအတွက်
မရှိမဖြစ်လိုအပ်တဲ့
အသုံးအဆောင်ဖြစ်တယ်
ဘိနပ်ဆိုတဲ့
ဝေါဟာရဟာ မွန်လူမျိုးတို့ရဲ.
ဘာသာစကားဖြစ်တယ်။
မွန်တို့ရဲ.ဘာသာကို
ကျွန်တော်တို့က ချေးငှားပြီး
သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။
ကုန်းဘောင်ခေတ်ကတည်းက
အထက်အညာဒေသမှာ
ဘိနပ်ကိုခြေနင်းလို့ ခေါ်ခဲ့ကြတာပါ။
ရှင်ဘုရင်စီးတော့
ခြေနင်းစကြ်ာလို့ ခေါ်တယ်ထင်ပါရဲ.။
မန္တလေးသား မောင်သင်းပန်တို့ကတော့
ခုထက်တိုင် ဘိနပ်ကို ခြေနင်းလို့ ခေါ်နေတုန်းပဲလား မသိ။ ။
ဘိနပ်နဲ့ပါတ်သက်ပြီး
ဆိုရိုးစကားတွေ ကြားဖူးကြပါလိမ့်မယ်
သီလနဲ့ ဒါနမပါရင် သေခါမှသိ
ရေဗူးနဲ့ ဘိနပ်မပါရင် နွေခါမှသိ
ဘိနပ်စာ ကျွေးလိုက်ရမလား ဘိနပ်စာမိသွားမယ်
ဘိနပ်ကြားက နတ်စကားထွက်တာလား
စသည်စသဖြင့်ပေါ့လေ။
(၂)
ကိုလိုနီခေတ်က ပဲခူးငလျင်လှုပ်တော့
ရွှေမုဓေါစေတီတော်ကြီး ထီးတော်
စောင်းသွားခဲ့တယ်။ ။
အင်္ဂလိပ် ဒုဘုရင်ခံ “ ဆာကရက်ဒေါက်နဲ့ ဇနီး”
ပဲခူးကို ရောက်လာတယ်
ထီးတော် အပျက်အစီးကို ကြည့်ရှုစစ်ဆေးဖို့ ရောက်လာတယ်
ဘုရားရင်ပြင်တော်ပေါ်ကို ဘုရင်ခံနဲ့ သူ့ဇနီး
ဘိနပ်မချွတ်ဘဲ ဘိနပ်စီးပြီးတက်တယ်
ဒီကိစ္စကို မြန်မာတစ်ပြည်လုံးက ဒေါသဆူပွက်
ကန့်ကွက်ခဲ့ကြတယ်
“ ကရက်ဒေါက် …ဂက်အောက်…ဂက်အောက်(get out)”
“ကရက်ဒေါက်…ထွက်သွား…ထွက်သွား”
ပြည်သူတို့ရဲ. နယ်ချဲ. ဆန့်ကျင်ရေးစိတ်ဓါတ်
မီးဟုန်းဟုန်းတောက်ခဲ့တယ်။
ဖိလစ်ပိုင် သမ္မတ မားကိုစ့်ရဲ.ဇနီး (အီမယ်ဒါမားကိုစ်)
သူမကို သံမဏိလိပ်ပြာလို့လဲ တင်စားခေါ်ကြတယ်
၁၉၈၆ မှာ ပြည်သူ့ဆန္ဒတိုက်ပွဲကြောင့်
အာဏာလက်မဲ့သွားပြီး အမေရိကန်ကို
ထွက်ပြေးသွားခဲ့ရတယ်။
သမ္မတနန်းတော်ကို ပြည်သူတွေက သိမ်းပိုက်တော့
သမ္မတ ကတော်စီးတဲ့ “ ဘိနပ်အရံပေါင်းသုံးထောင်ကျော်“
နန်းတော်ထဲမှာ တွေ့ခဲ့ရသတဲ့
ကမ္ဘာပေါ်မှာ ရှိတဲ့ နိင်ငံအသီးသီးက
လှပေ့ပပေ့ ဆန်းပေ့လျှမ်းပေ့ တန်ဘိုးကြီးတဲ့
ဘိနပ်ရူး ရူးနေတဲ့မိန်းမ မိုးကောင်းတုန်း ရွာခဲ့တာပ။
(၃)
၁၉၆၀ ခုလောက်က ထင်တယ်
ဆိုဗီယက်ပြည်ထောင်စုရဲ. အကြီးအကဲ
ကွန်မြူနစ်ပါတီ အတွင်းရေးမှူး
ခရုရှော့ဗ် ကုလသမဂ္ဂ
တက်ရောက်ခဲ့တယ်
ညီလာခံမှာ သူမိန့်ခွန်းပြောတယ်
ဒေါနဲ့မောနဲ့ ဒေါကြီးမောကြီး
အမေရိကန်နဲ့ အနောက်အုပ်စုကို
ပစ်ကောနစ်ကော ပြောလိုက်တဲ့
စကားလုံးတွေ ပြောင်လက်နေပုံများ
(စကားလုံးတွေကို) “ ဘရိုင်ခရင်းလိမ်းထားပုံ ရတယ်”
အရင်းရှင် နယ်ချဲ.စနစ်ကို
ဖုတ်သုပ်ကင်လှော်၊ ကြော်ချက်
စားသောက်ပစ်မယ်လို့ မပြောရုံတမယ်
ပါးစပ်က ပြောရင်းပြောရင်း
အားမရသေးလို့ ထင်ပါရဲ့ ….လက်ပါလာတယ်
သူစီးထားတဲ့ ဘိနပ်(ရှုးဘိနပ်) ကို ချွတ်ပြီးတော့
စကားပြေ စင်မြင့်ခုံကို ဘိနပ်နဲ့
တဒေါက်ဒေါက်ခေါက်ပြီး
မိန့်ခွန်းချွေလိုက်တာ ကမ္ဘာမြေ
တနံတလျား ကျော်ကြားသွားပါတော့တယ်
ခရုရှောဗ်က ကုလသမဂ္ဂကို ဘိနပ်စာကျွေးခြင်းလို.
လှလှပပ သတင်းခေါင်းစဉ်တပ်ရမှာပါပဲ
အမေရိကန် သမ္မတ ဂျော့ဘုရှ် ရာထူးက အနားမယူခင်
အီရတ်နိင်ငံကို ရောက်လာတယ်
သတင်းစာရှင်းလင်းပွဲလုပ်တယ်
ကမ္ဘာ အရပ်ရပ်က သတင်းမီဒီယာ သမားတွေ
စုံစုံလင်လင် တက်ရောက်ခဲ့တယ်
အီရတ် သတင်းထောက် တစ်ယောက်က
သတင်းစာရှင်းလင်းပွဲမှာ
ဘာစိတ်ကူးပေါက်သွားတယ် မသိ
သူစီးထားတဲ့ ဘိနပ်ကို ချွတ်ပြီးတော့
သမ္မတ ဂျော့ဘုရှ်ကို အနီးကပ်
ပယ်ပယ်နယ်နယ် ပေါက်ထည့်လိုက်တယ်
ဂျော့ဘုရှ် ကလဲ အရှောင်အတိမ်းမှာ
(ဂျက်စီဂျိမ်း)နဲ့ နင်လားငါလားဆိုတော့
ဘိနပ်စာနဲ့ ပွတ်ကာသီကာ သီသီကလေးလွတ်သွားတယ်
ကမ္ဘာ့မီဒီယာတွေက ဒီသတင်းကို
(Breaking news ) အဖြစ် တခမ်းတနား
ဝေေ၀ဆာဆာ ဖေါ်ပြလိုက်ကြတယ်
ဘိနပ်နဲ့ပါတ်သက်ပြီး ကမ္ဘာ့ ဖန်သားပြင်ပေါ်မှာ
(Breaking news) တွေ တွေ့မြင်ရအုံးမှာလား
စောင့်ကြည့်နေချင်သေးတယ်။ ။
မောင်သင်းခိုင်
၁၀/၁၀/၀၉
Labels:
နှစ်ငါးဆယ်
ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစ်စဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။
ငါတို့ဘ၀ ငါတို့ကမ္ဘာ
ယောက်ယက်ခတ်မောပန်းဆဲ။
ငါဟာ
အနာဂတ်ကို အမှိုက်ပုံထဲမှာ
တူးဆွရှာဖွေနေတဲ့ သူတောင်းစား။
ငါဟာ
အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့
ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။
ငါဟာ
ဒုက်္ခသည်စခန်းထဲက
ခြေတစ်ဖက်ပြတ် တိုင်းရင်းသား။
ငါဟာ
ဒဏ်ရာရနေတဲ့ဆေးရုံ။
ငါဟာ
ထမီသခိုး။
ငါဟာ
ယောင်ခြောက်ဆယ်ပညာတတ်။
ငါဟာ
လောက်တဖွားဖွားကျနေတဲ့
အကျင့်ပျက်ဝန်ထမ်းတစ်ယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လောက်တစ်ကောင်။
ငါဟာ
ကလေးစစ်သား။
ငါဟာ
အရက်သမား။
ဟေ့
မိုဟာမက် ဘိုအာဇီဇီ
ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။
ဟေ့
ပရိုတက်စတာတို့
ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။
ဘုရား ဘုရား
ကျောထောက်နောက်ခံအပြည့်အ၀နဲ့
ဟူစနီမူဘာရက်ပါလား။
ဘုရား ဘုရား
ကမ္ဘာပေါ်မှာ
စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။
ဘုရားဖူးထွက်ရုံနဲ့
တရားထူး မရခဲ့ကြသူတွေလို
ရွေးကောက်ပွဲတွေနဲ့ လွှတ်တော် အဆောက်အအုံတွေကြား
မျက်စိလည်လမ်းမှားခဲ့ကြပေါ့။
လိုက်နာရန်သာတာဝန်ရှိပြီး
ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို
လက်မှတ်ထိုးခဲ့ကြပေါ့။
ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့
မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့
ကျောင်းသားလေးတစ်ယောက်ရဲ့
ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တစ်ဖက်လို
ငါဟာ မျက်စိသူငယ် နားသူငယ်။
အရက်ဖြူဆိုင်ထဲက
ကြက်ခြေထောက်ရိုးတစ်ချောင်း လမ်းပေါ်ကျလာသလို
မျှော်လင့်ချက်တစ်ခု ငါ့ရှေ့ကျလာတော့
ခွေးဝဲစားတစ်ကောင်လို
ငါဝမ်းသာခဲ့မိပေါ့။
ရယ်ရတယ်
ဘာလို့ ရယ်ရသလဲဆိုတော့
'စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို
အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း ' ဆိုလို့
ရယ်ရတယ်။
ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက
ငါပြန်တောင်းစားနေရ။
အသားတိုးမွေးမြူရေးကြက်လို
ငါ ဖွံ့ဖြိုးတိုးတက်နေရ။
'ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး' ဆိုတဲ့
ဦးပုညရဲ့ သကြားလိမ်တေးထပ်
ငါ အမှတ်ရမိပေါ့။
ငါလမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားသွားတယ်
သတင်းတွေလျှောက်ဖတ်တယ်
ဘန်ကောက်ဟာ
လက်ပစ်ကူးနေတယ်
ဒမတ်စကတ်ဟာ
ပြားချပ်နေတယ်
ပြုံယမ်းဟာ
ရူးသွပ်နေတယ်
ဝါရှင်တန်က
ရန်ကုန်ကို နားစွင့်နေတယ်။
ရန်ကုန်ဟာ
နောက်ပြန်မလှည့်တော့ဘူးလို့
နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။
ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက
ဖောက်စထရော့ တေးသွားသံတွေကြားမှာ
အနမ်းတွေ ပျံသန်းနေကြရဲ့။
ကွန်တိန်နာကြီးတွေနဲ့အပြည့်
ကတိက၀တ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။
အို မဏိမေခလာ
သံသယ ပင်လယ်ပြင်မှာ
ငါခြေကုန်လက်ပမ်းကျနေပါပြီ။
မြွေပွေးတစ်ကောင်လို
မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်
ငါ့ကိုအဆိပ်တက်လို့။
'ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိ' တဲ့
ဟုတ်ကဲ့
ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။
အော်
'ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်'
သတိရှိရမယ်
ဘယ်လိုသတိရှိရမလဲဆိုတော့
သတိရှိရမယ်
လူငယ်တစ်ယောက်ကို
အညွန့်တုံးစေနိုင်သော အရာများ
များစွာ
ထိုများစွာများထဲမှ
မူးယစ်ဆေးဝါး
HIV နဲ့
အတုအယောင်ဒီမိုကရေစီ။
ဤတွင်
နှစ်ငါးဆယ် ကဗျူဗေဒ
နိဌိတ္တံ။
ကြည်ဇော်အေး
တန်ခူးလဆန်း ၁ ရက်။၁၃၇၃ ခုနှစ်တွင်ရေးသားပြီးစီးသည်။
Labels:
13 September, 2015
နှင်းဆီ
မှောင်ရိပ်မပြယ်သေး
ရောင်နီမဆင်သေး။
မွှေးမွှေးရီရီ
နီနီစွေးစွေး
အမရီတာ* နှင်းဆီ
ဒို့ခြံထဲမှာ ပွင့်နေပြီ။
အိုအောင်
၁၄၊၅၊၂၀၁၁
 အမရီတာ-Amarita
Labels:
ပုစွန်တကောင်နဲ့ စကားပြောခြင်း
ပုစွန်ဆီရောင် ကောင်းကင်အောက်မှာ
ပုစွန်တကောင်နှင့် တွေ့ခဲ့တယ်…။
ပုစွန်ရဲ့ လက်ထဲမှာ
လက်တော့ပ်ကိုင်လို့
လက်တဖက်မှာ ဟန်းဖုံးနဲ့
ပလိစ်မျက်မှန် အနက်ကြီးတပ်လို့
ပုစွန်ကပြုံးပြီးနှုတ်ဆက်တယ်
"ကောင်းသော ညနေခင်းပါ" တဲ့
ကိုယ့်လူနှင့်မတွေ့တာကြာပြီ
ဘီယာဆိုင်မှာ စကားပြောရအောင်တဲ့
ပုစွန်က ပုစွန်က ပုစွန်က….။
ဘီယာနှစ်ငုံလောက်စုပ်ပြီး
ချိစ်မြုံရင်း
ပုစွန်က
နည်းပညာတွေအကြောင်း
တက်ခနိုလိုဂျီတွေ
ဖရန့်စစ်ဖူကူယားမားရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတွေ
တော်ဖလာရဲ့ တတိယလှိုင်း
ကမ္ဘာကြီး ပူနွေးလာရတဲ့အကြောင်း
ဒီရေတောများ ပြုန်းတီးမှု
ဒေါ်လာဈေးအတက်အကျ
ရေနံဈေးမြင့်တက်မှု
တယောက်တည်းအပြေးပြိုင်တဲ့
ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ်
ကရားရေလွှတ် တတွတ်တွတ်နဲ့
မမောတမ်းပြောတယ်….။
ပုစွန်က သူ့မိသားစုအကြောင်း စကားဆက်တယ်
သူ့အိမ်ရှင်မတွေရဲ့ စိန်အရောင်းအဝယ်အကြောင်း
သမီးက အော်ဇီမှာ
သားက စလုံးမှာ ကျောင်းတက်တဲ့အကြောင်း
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို
မနားတမ်းပြောခဲ့တယ်….။
ပုစွန်နဲ့ လမ်းခွဲတော့
အမှတ်တမဲ့ ပုစွန်ခေါင်းကိုကြည့်မိတယ်
အလို
ပုစွန်ခေါင်းက ချေးတွေချည်းပဲ…..။
အောင်ဘညို
ရတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၈
Labels:
12 September, 2015
ဇွန်လ ၅ ရက်နေ့သတင်း
ဒီတစ်ခေါက်ဖြင့် ပြန်တွေ့ကြရဦးမယ်ထင်တာ
ပြန်မတွေ့ရတော့ဘူး
ညီလေး ၊ သူငယ်ချင်း
မောင်သစ်မင်း ။
အောင်ချိမ့်
Labels:
အက်ဒီမာဖီကို သတိတရ
'အလကား ငေါင်နေမယ့်အစား
ရယ်နေတာ မကောင်းဘူးလား’
အဲဒီငှက်ပျောခွံကိုမှ
ငါ တက်နင်းမိတယ်။
ဟုတ်ပါတယ်
ငါ ငေါင်နေတာ
ဟုတ်ပါတယ်
ငါငူနေတာ။
ဟုတ်ပါတယ်
ဟောဒီမှာ ၀ါးလုံးကွဲရယ်စရာ
ဟောဒီမှာ ဟာသလက်ရွေးစင်။
ရယ်စရာတွေမှ ကားတစ်စီးတိုက်
ရယ်စရာတွေမှ အဆုပ်လိုက်၊ အခိုင်လိုက်။
ဟုတ်ပါတယ်
ငါရယ်ဖို့ခက်နေရဲ့
ငါရယ်ဖို့မေ့နေရဲ့။
နေပါဦး
ငါတို့နေ့တွေက ရယ်စရာကောင်းလို့လား
ငါတို့နှစ်တွေကရော ရယ်စရာ ဖြစ်လို့လား။
နေပါဦး
ငါ ဘယ်လိုရယ်ရမလဲ
အက်ဒီ။
အိုအောင်
Labels:
ဇွန်လ
သွားကိုက်နေတဲ့ ဇွန်လ
လူလိုသူလိုနေချင်ရှာတဲ့
ဇွန်လပေါ့။
ဇွန်လက
သဲနဲ့ရှပ်ရှပ် မနက်ခင်းတွေရောင်းပြီး
သန်းခေါင်ထက်နက်တဲ့
ညတွေပြန်ဝယ်တယ်။
ဇွန်လက
ခါးမလှရင်လည်း နေပါစေတဲ့။
အင်မတန်
စကားကြွယ်တဲ့ဇွန်လဟာ
အခုတော့ အ,ချင်ယောင်ဆောင်နေရဲ့။
အိုအောင်
ပိတောက်ပွင့်သစ်။ စက်တင်ဘာလ။၂၀၁၀
Labels:
ရ​န်​ကု​န်ြ​မို့ေ​ပါ် အုံ့​ဆို​င်း​တဲ့ ​မိုး​သား
န​င်း​စ​ရာ​ဆို​လို့
ရ​န်​ကု​န်ြ​မို့​မှာ နှ​စ်​ခု​ပဲ​ရှိ​တ​ယ်။
ပျော့​စိ​စိ ​ပ​က်ကျိေ​ကာ​င်ေ​တွ​နဲ့
မာကျော​တဲ့ ​ပ​လ​က်ေ​ဖာ​င်းကျော​က်ြ​ပားေ​တွ။
မ​န​က်ြ​ဖ​န်ေ​တွ​ကို ချောေ​မွ့ေ​စ​ဖို့
အြ​ဖ​စ်​မှ​န်ေ​တွ​ကို ​န​ည်း​န​ည်း​ပါး​ပါးပြု​ပ​င်ြ​က
စို​ထို​င်း၊ကျ​ဉ်ြး​က​ပ်၊ေ​လှာ​င်​ပိ​တ်ေ​န​တဲ့
အ​ရ​က်​ဆို​င်ေ​တွ​ရှိ​ရာ​ဆီ ​သွာြး​က​ရ။
ရ​န်​ကု​န်ြ​မို့ေ​ပါ်
အုံ့​ဆို​င်း​တဲ့ ​မိုး​သား။
ေ​နာ​က်ေ​ဖး​လ​မ်ြး​ကား​ထဲ​က ​အြ​ကွ​င်းအကျ​န်ေ​တွ​နဲ့
ြေ​ခေ​ထာ​က်ေ​တွ​ရဲ့ ​ဘာ​သာေ​ဗ​ဒ​ကို ​လေ့​လာ​ရ​င်း
တ​စ်ေ​န့ေ​န့ ​တ​စ်ချိ​န်ချိ​န်
တ​စ်​စုံ​တ​စ်ေ​ယာ​က်၊ ​တ​စ်​စုံ​တ​စ်​ရာ၊​တ​စ်​စုံ​တ​စ်​ခု
သေချာ​မှု​မ​ရှိ​တဲ့ ​ညေ​န​ခ​င်းေ​တွ​ကို
အိ​တ်​က​ပ်​ထဲ​ထ​ည့်ြ​ပီး
စို​ထို​င်း ကျ​ဉ်ြး​က​ပ်၊ေ​လှာ​င်​ပိ​တ်ေ​န​တဲ့
သူ​တို့​အိ​ပ်​ခ​န်းေ​တွ​ရှိ​ရာ​ဆီြ​ပ​န်ြ​က​ရြ​ပီ။
ရ​န်​ကု​န်ြ​မို့ေ​ပါ်
အုံ့​ဆို​င်း​တဲ့ ​မိုး​သား။
သူ​တို့ ​ကို​ယ်ေ​ပါ်​မှာ
တ​စ်ြ​ကိ​မ်​တ​စ်​ခါ​မှ ​မ​စွ​တ်​စို​ဖူး​ခဲ့​တဲ့
​မိုး​ေ​ရ​စ​က္​ေ​တြ​နဲ႔​အ​တူ
သူ​တို့​ကို​ယ်​တို​င် ​အိ​ပ်​မပျော်​ခ​င်
သူ​တို့ စိ​တ်​ကူးနို​င်​သမျှ​ရဲ့
​အ​ေ​ကာ​င္း​ဆံုး​ေ​တြ​က
အိ​ပ်​မ​က်​အြ​ဖ​စ် ​အ​ရ​ည်ပျော်နှ​င့်ြ​ပီ။
ေ​တာ်ေ​သး​ရဲ့
ြ​ကွ​က်ေ​တွ​ရဲ့ ​အြ​မီး​မှာ
ကေ​လာ​င်​တံ​မ​ပါ​တဲ့​အ​တွ​က်ေ​တာ့
ဘု​ရား​သ​ခ​င်​ကို ​သူ​တို့ကျေး​ဇူး​တ​င်ြ​က​ရြ​ပီေ​ပါ့။ ။
ပို​င်​စိုး​ဝေ
ေ​သာ​င်းြေ​ပာ​င်းေ​ထွ​လာ ​မ​ဂ္ဂ​ဇ​င်း
ဒီ​ဇ​င်​ဘာ၊ ၂၀၀၁
Labels:
သူမ
ကောက်နှံ့ပြည့်လယ်၊စန္ဒကူးတော
မြင့်မားသောရယ်သံ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ။
သုံးရာသီရေတံခွန်၊နတ်သမီးပုံပြင်
ကြီးမြတ်သောဝါကျ၊သမားကောင်း၊ဓားတစ်လက်။ ။
အိုအောင်
၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ
Labels:
အစိမ်း
အိုင်ယာလန်အစိမ်းကို
ငါချစ်တယ် ရှေးမာစ်ဟေနီလည်း…ချစ်ခဲ့တာပဲ။
ရှားဝု သစ်တောထဲက
ရောဘင်ဟု ကိုလည်း
ငါချစ်တယ်။
ငါ့မျက်လုံးတွေဟာ
အစိမ်းကို
ဆာလောင်မွတ်သိပ်ခဲ့ဖူးတယ်။
ငါ့မျက်လုံးတွေထဲမှာ
အိုအေစစ်တစ်ခု
ရှိနေဖို့တော့လိုအပ်တယ်။
အစိမ်းကိုငတ်ခဲ့တဲ့
ငါ့မျက်လုံးများ
နံရံဖြူဖြူတွေနဲ့ရန်ဖြစ်
အဲဒီကစပြီး
နှင်းဆိုရင်တူးတူးခါးခါးမုန်း
ဒါပေမယ့်
ကားလ်ဆင်ဘတ်နှင်းကိုတော့
ငါချစ်နေသေးတယ်။
ပါရီည ရဲ့
ကဖေးဆိုင်တွေထဲမှာ
နှင်းထုထဲက
ချမ်းနေတဲ့ဓာတ်တိုင်တွေအောက်မှာ
ပေါင်မုန့်နဲ့ဘ၀ကို
ပစ္စည်းချင်းဖလှယ်နေရတဲ့
မိန်းမသားတွေရဲ့နှုတ်ခမ်း
ကြည့်စမ်း
အစိမ်း……အစိမ်း……..
ထူပိန်းပိန်း အစိမ်းတွေကို
ငါစာနာလို့ မဆုံးဘူး
အချစ်ရယ်
ရိုးမ စိမ်းစိမ်း
ပျဉ်းမနားအစိမ်းတွေထဲမှာ
ခုဆိုရင်
စူလသုဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေပြီပေါ့…။…။
မောင်သင်းခိုင်
ရတနာသစ်မဂ္ဂဇင်း၊ ၁၉၉၃၊ဒီဇင်ဘာ
Labels:
09 September, 2015
ချစ်တဲ့လာနာ
ကိုယ်က ဘယ်လိုချစ်တာပါဆိုတဲ့အကြောင်း
ကြိယာဝိသေသန အထောင်အသောင်းနဲ့ မင်းကို ပြောပြတယ်
မင်းကလွဲရင်
အားလုံးက နှစ်သက်ယုံကြည်ကြပေါ့
ရယ်စရာပါပဲ
ကိုယ် ငိုနေမိတယ်။         ။
ဆစ်ခ်
(20.12.2014)
Labels: ,
ချစ်တဲ့လာနာ
ခြင်တစ်ကောင်ကို ရိုက်သတ်လိုက်ဖို့ရာ
နှစ်နှစ်ကာကာ စိတ်မပါဖူးဘူး။
ဒါကြောင့်ပဲ
"ကိုယ်ပာာ....မင်းကို......ချစ်ခဲ့တယ်....
ချစ်ခဲ့တယ်......ချစ်ခဲ့တယ်"* ။    ။
ဆစ်ခ်
(18.12.2014)
*အချစ်ကိုရင်း၍ / ခင်​၀မ်း
Labels: ,
ချစ်တဲ့ လာနာ
လူတစ်ယောက်ရဲ့ပြင်းအားကို
နားလည်ခံစားဖို့ရာ မလွယ်ကူပါဘူး
ခပ်ကြောင်ကြောင်ပါပာာ ဆိုတဲ့စကားပာာ
မင်း ငါ့ကို တန်ဖိုးထားလိုက်တာပါပဲ။      ။
ဆစ်ခ်
11.12.2014
Labels: ,
08 September, 2015
ကောင်းကင်
ရည်ရွယ်တာတွေ ဖြစ်ခဲ့တယ်
မရည်ရွယ်တာတွေလည်း ဖြစ်ခဲ့တယ်
အားလုံး သူ့ကြောင့်ပဲ
သူ့ကြောင့်ပဲ
စစ်ပွဲတွေ ဖြစ်ခဲ့ရသလို
သူ့ကြောင့်ပဲ
စစ်ပွဲတွေ ရပ်ခဲ့တယ်
မတက်နိုင်ဘူး
သူ ဖန်တီးတာပ
ဟောဒီ မိုးရေစက်တွေ
ကမ္ဘာမြေအတွက်တဲ့
ပင်လယ်နဲ့တောင်တန်းတွေရဲ့ကြားမှာ
မြို့များ ရွာများပေါ်ထွန်းခဲ့တယ် ။
မင်းထက်မောင်
Labels:
ညလယ်ယံတေး
အိပ်တော့
ဘာမှ မဟုတ်တာတွေ
လျှောက်တွေးမနေနဲ့
အိပ်တော့ ။
ထွန်းကို
Labels:
စကားလုံးတွေက ငါ့ကို သတ်တယ်
ငါဟာ တရိရိ ဆွေးမြေ့
စကားလုံးတွေက ငါ့ကို သတ်တယ်
ငါ့သွေးနဲ့ရွာတဲ့ မိုးတွေ
ငါ့စကားနွားရ တိမ်ပုတ်တွေ
ဝါယာကြိုးနဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေ
ငါ့အအိပ်ကို ပျော်အောင် သိပ်ထားရ
စကားလုံးတွေက ငါ့ကိုသတ်တယ်
အရက်မူးနေတဲ့ ကြယ်ရဲ့ မျက်လုံး
ငါ့ အရိုးထဲက လငပုတ်အူသံ
မှန်တစ်ချပ်လို ကျကွဲသွားတဲ့ ညကောင်းကင်
စကားလုံးတွေက ငါ့ကိုသတ်တယ်
စကားလုံးတွေက ငါ့ကိုသတ်တယ်
စကားလုံးတွေက ငါ့ကိုသတ်တယ်
ဖမ်းထားတဲ့ ဘယ်လေလှိုင်းမဆို ဒါဟာ မိနေတယ်
အရှိုးရာထပ်နေတဲ့ ငါ့ နှလုံးသားမှာ
စကားလုံးနဲ့ စကားလုံးကြား အကွာအဝေးလောက်
ငါ သောက်ခဲ့တဲ့ စီးကရက်မီးခိုးငွေ့တွေလိုေ၀၀ါးလွန်းတယ်
စကားလုံးတွေက ငါ့ကို သတ်တယ်
ငါက ဘ၀တစ်ခုလုံး သတ်ပစ်လိုက်ရတယ် ။
ခက်သီ
Labels:
ပိရမစ်များ
ငါ့နှလုံးသားထဲ ပျောက်ကွယ်သွားတဲ့ ‘မြို့တစ်မြို့’ကို
ဒီကနေ့ ပြန်ရှာတွေ့ခဲ့တယ်လို့ ကြွေးကြော်ခဲ့ခြင်းဟာ
ဘယ်လောက်များ မြေခွေးတစ်ကောင်
ဆန်လိုက်ပါလိမ့်။
ဒုက္ခဘီးတွေ တအီအီလိမ့်နေတဲ့မြို့
ကောက်ကျစ်တဲ့ မီးလုံးတွေ
အစီအရီတပ်ဆင်ထားတဲ့မြို့
အာဃာတနှင်းတွေ တစ်မြို့လုံးပိကျနေတဲ့မြို့
မြွေတစ်ကောင်လို ခြေထောက်မရှိဘဲ
သွားလာနေတဲ့မြို့
ဘုရားရှိခိုးကျောင်းက နာရီကိုကြည့်ပြီး
ထွက်ပြေးသွားတဲ့မြို့
တိတ်ဆိတ်နက်ရှိုင်းလှတဲ့ ခြောက်သွေ့ပင်လယ်ပြင်ထဲ
အတိတ်က အရက်စည်နဲ့ ခေါင်းစည်းပဝါတွေ
ဆန်ဆန်မျောလွင့်
ပင်လယ်ဓားပြတစ်ယောက်လို
အာသာငန်းငန်း ကြေကွဲခဲ့တဲ့မြို့။
ငါ့မြို့ထဲ ညစာစားပွဲများနဲ့ အလည်ခေါ်ချင်ပါရဲ့
ငါ့မြို့က လူကြီးလူကောင်းယဉ်ကျေးမှု တစ်စုံတစ်ရာ
မပေးအပ်မှာ ကြောက်တယ်
အရေးပါပါ အခမ်းအနားဖွဲ့ ကဗျာရှည်ကြီးတွေလည်း
မထွန်းကားခဲ့ဘူး
အဲဒီမြို့ထဲ နတ်ဆိုးနဲ့ ဝိုင်အရက်ဟာ
ကျိန်စာနဲ့အပြစ်ကို သယ်ဆောင်ခဲ့ပြီးမှ
ငါ့ကိုထုံအနေတဲ့ ကျမ်းစာတစ်စောင်ဖတ်ပြတယ်။
ငါပြောခဲ့ပြီးပါပကောလား
ဝေးလံလှတဲ့ ခေတ်တစ်ခုဆီက
အလဲလဲအပြိုပြို အတွေးများဟာ
သစ်ကုလားအုပ်တစ်ကောင်လို
တရွေ့ရွေ့ ပြန်လာနေပုံက
အဲဒီခေတ်က အတိုင်းပါပဲလို့၊ ငါက ဒီခေတ်ထဲမှာ
တစ္ဆေလေ။
သေဆုံးသွားတဲ့ ငါ့ရုပ်အလောင်းကို
လံချားဘီးအိုကြီးများပေါ် တင်ဆောင်လာတဲ့
ငါ့မြို့က
တိတ်ဆိတ်အထီးကျန်ဘာတစ်ခုမှ ဖြစ်လာဖွယ်မရှိတဲ့
ဟင်းလင်း ပြင်တစ်နေရာမှာ
လက်တစ်ဖက်ကို ချွန်မြနေအောင် မြှောက်ရင်း
ရပ်တန့်သေဆုံးလို့။
နေ့လယ်စာ ဆာလောင်နေသူတွေအတွက်
ဖဲချပ်များလှည့်စားဖို့
ပြတိုက်တံခါးအိုကြီးတွေ သော့ခတ်ပိတ်ထားဆဲ
သူတို့ကို အခမဲ့
ဝင်ကြည့်ခွင့်ပေးလိုက်ပါဘုရားသခင်
ကောင်းကင်ကြီးက အယ်နီညိုးတွေနဲ့
အရိုးကြဲနီရဲနေတဲ့ ဟောဒီနေ့မျိုးမှာ
ငါကိုယ်တိုင်က အရုပ်စာများရဲ့ တစပြင်ထဲမှာ
ကိုယ့်ခေါ်သံကိုယ်မကြားရတဲ့ လဲလျောင်းမှု။ ။
ပိုင်
Labels:
နေမဝင်တဲ့နေ့
လူတွေ ညစာ စားလိုက်ပြီးမှ
ဇဝေဇဝါ ဖြစ်သွားကြ
ပြတင်းတံခါးကို ပိတ်မယ်လုပ်ပြီးမှ
ပြန်ဖွင့်လိုက်ကြ
အိပ်ရာဝင်ဖို့ လုပ်သူများ
ပြန်ထလာကြ
ရွှေရောင်တောက်နေတဲ့ နေ့ဟာ သတ္တုတုံးလို
ငြိမ်သက်လို့
ဓမ္မသီချင်းသံက မဆုံးနိုင်အောင် ရှည်လျားပျံ့လွှင့်လို့
အစီအစဉ်များ လှုပ်ရှားမှုများ ရှေ့ကို မဆက်နိုင်ဘဲရပ်တန့်လို့
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’ဟာ အားလုံးအတွက်
နေမဝင်တဲ့နေ့ဟာ အိပ်မက်ကျမ်းအားလုံးကို ဖျက်သိမ်း
ငါတို့ဟာ
နေမဝင်တဲ့နေ့ကနေ လွတ်မြောက်အောင်
ဆုတောင်းကြ
နေမဝင်တဲ့နေ့
နေမဝင်တဲ့နေ့
ညစာ မစားနိုင်သူတွေအတွက် စောင့်နေတာလား
နေမဝင်တဲ့နေ့ဟာ ညစာ မရှိသူတွေအတွက်
ဝမ်းသာစရာလား ဝမ်းနည်းစရာလား
နေမဝင်တဲ့နေ့ကြောင့်
လူတွေ
လမ်းမပေါ် လေးလေးတွဲ့တွဲ့ ထွက်လာကြတယ်
ဘယ်ကို သွားရမှန်းမသိပုံနဲ့ ယောင်ချာချာ ရပ်သူရပ်
နောက် ဟိုနားဒီနားထိုင်လို့
တချို့က လှည့်လည်လို့
ယန္တရားတစ်ခုရဲ့ အစိတ်အပိုင်းလို
ဘယ်သူမှလည်း မပြင်တတ်တော့
နေဟာ ကောင်းကင်ပေါ်ရပ်လို့
လူတွေဟာ နေပေါ်ကို
ဘတ်စ်ကားတစ်စင်းနဲ့ မှားပြီးတက်နေကြ
ဘားတစ်ခုမှာ သစ်သားစည်ကြီးတွေ အားကိုးနဲ့
အရက်ခြင်သူဟာ
ခြင်တဲ့ခွက်ကလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိ
(သူတို့ နောက်ကျနေကြတာလား)
လူသတ်သမားစွပ်နေကျ လက်အိတ်လိုည
ဘယ်မှာလဲ
အသားကင်တဲ့ မီးဖိုက မီးခိုးခေါင်းတိုင်ကြီး
အငွေ့တလူလူထ
ရှေ့ကအပေါက်မှာ တံစို့ထိုးထားတဲ့
အသားသီတွေ စောင့်ဆိုင်းနေကြ
အသားကင်သမားက ပြီးခဲ့တဲ့ တနင်္ဂနွေက
ပျက်ကွက်သွားတဲ့ ဘုရားကျောင်းဝတ်ပြုပွဲအတွက်
ဒီနေ့ စိတ်စောနေ
နေမဝင်တဲ့နေ့မှာ
ဂျစ်ပဆီတစ်ယောက်
သူ ကုတ်အင်္ကျီကြီးကို လှည့်လည်ရောင်းချလို့
နေမဝင်တဲ့နေ့မှာ
ပြဇာတ်ရုံထဲ လူမရှိဘူး
နေမဝင်တဲ့နေ့မှာ
ကောင်းကင်ဘုံရှာသူတွေ လမ်းမှားသွားတယ်
နေမဝင်တဲ့နေ့မှာ
ကမ္ဘာကြီးဟာ
ပိတ်လို့မရတဲ့ မီးလုံးတစ်လုံးဖြစ်တယ်
နေမဝင်တဲ့နေ့မှာ
အမဲလိုက်သေနတ်များ
တောစီးဖိနပ်များ
လတ်ဆတ်သော ငန်းသားကင်များ
စစ်တုရင်ကွက်တွေ မပြီးသေးဘူး
ဘိလိယက်ခုံတွေ မပိတ်သေးဘူး
စန္ဒရားတွေ မနားသေးဘူး
သင်္ဘောတွေ မထွက်သေးဘူး
နေမဝင်သောနေ့မှာ နေလုံးဟာ မီးလောင်စပြုပြီ
နေကိုမော့ကြည့်ပြီး မြေခွေးတွေက
ဝမ်းသာအားရ ဖြစ်နေကြ
ငါတို့ချဉ်စရာ စပျစ်သီးတစ်လုံးတော့ ရပြန်ပဟေ့
ကျာပွတ်သမားတွေက နေကို လက်ညှိုးထိုးပြပြီး
ပိရမစ်ဆောက်ဖို့ ကျွန်တွေကို မနားတမ်းခိုင်းစေနေကြ
နေထဲမှာ ‘ကမ္ဘာကြီး ဘာဖြစ်ပါလိမ့်’ဆိုပြီး
ချောင်းကြည့်နေတဲ့ တခြားကမ္ဘာက
ဂြိုဟ်သားမျက်နှာတွေ တွေ့ရ
မဝင်တဲ့နေအောက်မှာ
အရူးတွေ နောက်တစ်ကြိမ် ကခုန်ဖို့ ထွက်လာကြ
ဝန်တင်မြည်းတွေ နေမဝင်သရွေ့
လမ်းမတွေပေါ် တညည်းညည်း တညူညူ သွားနေဆဲ
ဘုရားသခင်ဟာ ကဖေးဆိုင်ထဲက ထလာပြီး
အော်ပြောလိုက်တယ်
တဆိတ်-သည်းခံကြပါ လူကြီးမင်းတို့
ဒီဘိလိယက်ကို ကျုပ်စဉ်းစားနေလို့။ ။
ပိုင်
Labels:
ဒေါက်တာဇီဗားဂိုး
ငါမှီနေတဲ့နံရံက
သေနတ်ပြောင်းဝထွက်လာမလား
ရေခဲဖုံးမြေမှာ
မြှုပ်ထားတဲ့အာလူးတွင်းကိုရှာဖို့လွယ်ပါ့မလား
မနေ့က တောင်ကုန်းပေါ်မှဝံပုလွေတစ်ကောင်
ဒီနေ့ညနေ နှစ်ကောင်
ကလေးတွေဟာ ချက်ချင်း
လူကြီးစကားပြောလာကြတယ်
ဘုရားသခင်ကို တွေ့ချင်တွေ့မယ်
တစ်ယောက်ကိုတစ်ယောက် တွေ့ဖို့ကမလွယ်တော့ဘူး
မင်းဟာ ငါ့အသက်ဂျုံနဲ့ဖုတ်ခဲ့ရတဲ့ပေါင်မုန့်မို့
မဖဲ့ရက်ဘူး လာရာ…။
ပိုင်
မဟေသီ၊ သြဂုတ်၊ ၂၀၀၉
Labels:
နေလုံးရဲ့ ပထမနေ့ ပြောကြားချက်
‘ပင်လယ်သမုဒ္ဒရာများ အေးဆေးတိတ်ဆိတ်လို့
ကောင်းကင်ကလည်း ကျိန်စာကြီးတစ်ခုလို ရပ်တန့်လို့
ဘာဆက်လုပ်ရမလဲ မသိနိုင်သေးတဲ့အချိန်
တစ်ဦးကိုတစ်ဦး သဲသဲကွဲကွဲ မမြင်ရသေးတဲ့အချိန်
လူ သစ်သီး ပေါင်မုန့် ၀ိုင်အရက် အမုန်းတရားနဲ့ ယဉ်ကျေးမှု
ဘာဆို ဘာမှ မမွေးဖွားသေးတဲ့အချိန်
အဲဒီလောက် ငြိမ်သက်အပြစ်ကင်းနေတာမျိုး
ကမ္ဘာကြီးဟာ နောက်တစ်ခါ ပြန်မရနိုင်တော့ဘူးတဲ့’
နေလုံးရဲ့ ပထမနေ့ ပြောကြားချက်
(၁၉၆၅)
ကမ္ဘာကြီးရဲ့ မှားယွင်းမှုအဖြစ် မွေးဖွားလာ
လားတစ်ကောင်လို ၀န်ထုပ်ဝန်ပိုးတွေ လွယ်ခဲ့ရ
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လမ်းမသွားနိုင်ပါဘူး
ကျွန်တော်ဟာ ၂၀ရာစုရဲ့ ပုံတူဗီဇပွား လူသားတစ်ယောက်ပါ
ကျွန်တော်နဲ့ ကမ္ဘာကြီး တွေ့ဆုံခဲ့ပုံက
သစ်သီးတစ်လုံးအတွက် မဟုတ်ဘူး
ပေါင်မုန့်တစ်လုံးအတွက် မဟုတ်ဘူး
ဝိုင်အရက်တစ်ခွက်အတွက် မဟုတ်ဘူး
စစ်ပွဲတစ်ပွဲအတွက် မဟုတ်ဘူး
အမုန်းတရားတစ်ခုအတွက် မဟုတ်ဘူး
ယဉ်ကျေးမှုဆိုတဲ့ မြေခွေးအုပ်တွေအတွက် မဟုတ်ဘူး
အဲ့ဒီအတွက် သက်သက်နဲ့တော့ ကမ္ဘာကြီးဆီ မလာခဲ့ဘူး
အဲဒါထက်ပိုတယ်
အဲဒီအမှန်တရားထက် ပိုပြီး ကမ္ဘာကြီးနဲ့ စကားပြောချင်တယ်
ဒါပေမယ့်
ကမ္ဘာကြီးထဲ ခေါင်းလျိုဝင်လိုက်တာနဲ့
ကျွန်တော့်ကျောပေါ်ကို မဆီမဆိုင် ပြဿနာတွေ တင်လွှတ်လိုက်ကြတယ်
ကျွန်တော်ဟာ ချက်ချင်းပဲ လူအဖွဲ့အစည်းမှာ တရားဝင်ခဲ့ပေါ့
ဒါဆို ကျွန်တော် မမွေးဖွားခင်ကတည်းက
ကမ္ဘာကြီးက အဲ့ဒီပြဿနာတွေနဲ့ ရှုပ်ထွေးကြီးထွားနေခဲ့တာပေါ့
ကျွန်တော် ကမ္ဘာကြီးဆီလာခဲ့ပုံက ခုတော့
ကိုယ်နဲ့ မဆိုင်တဲ့ ပြဿနာတွေ ဖြေရှင်းဖို့
ခွဲဝေမျှယူရုံသက်သက်ပဲ ဖြစ်မနေဘူးလား
ကမ္ဘာကြီးကတော့ ပြောရှာပါတယ်
ငါလည်း မင်းကို မသနားနိုင်ဘူးတဲ့
မင်းလည်း မင်းရှင်းရမယ့် ပြဿနာတွေ ရှင်းပြီးသွားရင်
နောက်လူတွေအတွက် ပြဿတွေထားခဲ့ပြီး သွားပေါ့တဲ့
ကျွန်တော့်အနေနဲ့ကတော့
ကမ္ဘာကြီးမှာ ပြဿနာအုပ်စုနှစ်ခုပဲ တွေ့ရတယ်
‘နိုင်ငံရေး’ နဲ့ ‘အနုပညာ’ ပါ
အဲဒီ လူသန်ကြီးနှစ်ယောက်ဟာ
ကမ္ဘာကြီးကို တစ်ယောက်က တည်ဆောက်နေပြီး
တစ်ယောက်က ဖျက်ဆီးပစ်နေကြတာပါ
ကျွန်တော့်ရဲ့အမည်ကို အနုပညာဘက်မှာ စာရင်းပေးထားပါတယ်
ဒါဟာ ကျွန်တော် ကမ္ဘာကြီးဆီမှာ ထားခဲ့ရမယ့် လုပ်ဆောင်ချက်မှတ်တမ်းပါ
အကိုက်ခဲ ခံထားရတဲ့ ၀ံပုလွေတစ်ကောင်လို
၂၀ ရာစုကို ကုန်ဆုံးရမှာပါ
အတတ်ပညာနှင့် ခေတ်ပေါ်ဝေါဟာရများရှေ့ကို အလောတကြီးပြေးလွှားနေချိန်
ကျွန်တော်ဟာ ခဏ ခဏ ပြင်နေရတဲ့ မီးရထားစက်ခေါင်းအိုကြီးလို
ကမ္ဘာကြီးထဲ ရပ် ရပ်နေရပေါ့
ကျွန်တော့်ရဲ့ အရိုးသားဆုံး ကောက်ကျစ်မှုတစ်ခုကို ဖွင့်ပြောခဲ့ချင်ပါတယ်
‘ကျွန်တော် ဘာမှမလေ့လာရသေးခင်
ကမ္ဘာကြီးကို သုံးဖြုန်းပစ်လိုက်မိပြီ ‘ ဆိုတာပါပဲ
ကျန်တဲ့ကိစ္စနဲ့ ကမ္ဘာကြီး ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာကတော့
ဘုရားသခင်ရဲ့ အလုပ်ပဲ
ကျွန်တော်ဟာ
“နေလုံးရဲ့ ပထမနေ့ ပြောကြားချက် ” ကို အမြဲသတိရနေသူပါ။
ပိုင်
Labels:
သင်္ဘောပျက်များ
ပင်လယ်က ဘယ်လောက်တေးဆိုဆို
သဘောင်္ပျက်တွေကတော့ နိုးထလိမ့်မည်မဟုတ်
ပင်လယ်အောက်မှာ သဘောင်္ပျက်တွေ ပူဆွေးစွာ အိပ်ပျော်နေကြ
မနိုးလိုက်ပါနဲ့တော့၊ မသံမပြုလိုက်ပါနဲ့တော့……..
သဘောင်္ပျက်တွေလို ဟောင်းနွမ်းတိမ်မြုပ်နေတဲ့ ငါ့နှလုံးသားကို
တစ်စုံတစ်ရာသော မျှော်လင့်ချက်ဥသြတွေ မဆွဲတင်လိုက်ပါနဲ့တော့
မာလိန်မှူးဟောင်းတွေက ကမ်းခြေမှာ အရက်သောက်ပြီး
သူတို့မောင်းနှင်ခဲ့တဲ့ သဘောင်္တွေကို သတိရနေသလိုမျိုး။ ငါ့ကို သတိမရသင့်တော့
သဘောင်္ပျက် အစုအဝေးကြီး ဘယ်တော့မှ ရေပြင်ထက် တက်မလာတော့သလို
ကြေကွဲမှုတွေက နှစ်များစွာ အောက်ခြေမှာပဲ ဆိတ်သုဉ်းနေထိုင်ကြ
နေရောင်အောက်မှာ ပင်လယ်ဟာ တလက်လက်တောက်ပနေပေမယ့်
ငါ့အတွေးမှတ်ညဏ်ထဲမှာတော့ နက်ရှိုင်းငြိမ်သက်လို့သာ နေပေရဲ့
သဘောင်္ပျက်တွေရဲ့ မျက်လုံးတွေ ဘယ်တော့မှ ပွင့်မဘာတော့သလို
ငါ့မျက်လုံးကို ဘယ်တော့မှ ဖွင့်ပြီးမောင်းနှင်လာတော့မှာမဟုတ်
သဘောင်္ပျက်ထဲမှာ အရိုးစုနဲ့ ရတနာသတ္တာတွေရှိနိုင်သလို
အထီးကျန်မှုနဲ့ င့ါအတိတ်ဟာ မည်းမှောင်အေးစက်မှုထဲမှာ ပေါလောမျောနေတယ်
မာလိန်မှူးဟောင်းတွေရဲ့ ဆေးတံထဲက မီးခိုးငွေ့တွေထွက်နေပုံက
သူတို့ကိုယ်တိုင်က သဘောင်္တွေလိုလို
သဘောင်္တစ်စင်းစင်းထဲ လေ့လာနေသလိုလို
သဘောင်္ပျက်တွေရဲ့ ထာဝရတင်းမာနေတဲ့ ချေးညှိတက်သံကိုင်တွေဆီ
သူတို့လက်တွေရောက်မလာတော့
ထာဝရဝေးကွာသွားတဲ့ ချစ်သူလို
သဘောင်္ပျက်တွေရဲ့ မီးခိုးခေါင်းတိုင်ဆီက စကားသံကြားရတော့မှာ
မဟုတ်…………….။
ပိုင်
Labels:
AD 1965 ကပေါ်တဲ့ တစ္ဆေမီးရထားစက်ခေါင်း
ကျွန်တော်ဟာ မီးခိုးတအူအူထွက်နေတဲ့ မီးရထားပေါ်
ခုန်တက်လိုက်ပြီးမှ
ထိုင်ခုံအမှတ်က “၀” ဖြစ်နေတဲ့လူ။
ကိုယ်သွားရမယ့်မြို့ကို မေ့ကျန်ရစ်တဲ့လူ။
ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီကို မေ့ကျန်ရစ်တဲ့လူ။
ကျွန်တော့်မှာ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်
ကလွဲပြီး တစ်ခြားဘာမှ ပါမလာခဲ့ဘူး။
ဒါပေမဲ့ မီးရထားက ထွက်ခဲ့ပြီ။
အဲဒီမီးရထားကလည်း
ကျွန်တော်စီးမယ့်မီးရထား ဟုတ်မဟုတ် သံသယ
ဖြစ်လာမိ။
မီးရထားက သူ့အမည်ကိုအော်ပြီး ထွက်ခဲ့ပြီ။
မီးရထားမောင်းသမားဟာ သေနတ်တစ်လက်ကို တိုက်ချွတ်နေပြီး
မီးရထားစီးသမားအချို့ဟာ ဖဲကစားနေကြတယ်။
ကျွန်တော်ဟာ ကုတ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားတဲ့
သူတို့ကို၊ နောက်ကျောဘက်ကပဲ မြင်နေရ။
ကျွန်တော့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့
ကျွန်တော်ထွက်လာတဲ့အချိန်မှာပဲ ရပ်တန့်လို့။
မီးရထားကကော …
မီးရထားအပြင်ဘက်မှာ မီးရထားကလွဲ ဘာမှမရှိပါလား
ကောင်းကင်၊ မြေပြင်၊ ရှုခင်းမြို့၊ ဘူတာရုံ
ရာသီဥတု ဘာတစ်ခုမှ မရှိပါလား။
ဘုရားသခင်… ဒီမီးရထားကြီးမှာ
အချိန်၊ နေရာဆိုတဲ့ သတ်မှတ်ချက်ကြီးတောင်
မရှိတော့ဘူးလား
ဒါတွေတစ်ခုမှမရှိဘဲ ဒီမီးရထားကြီးက သွားနေတယ်
လို့ကော ပြောနိုင်ပါ့မလား။
မီးရထားကိုယ်တိုင်က ဒီခြောက်ကပ်ကပ်ကမ္ဘာကြီးထဲက
လွတ်မြောက်ဖို့ အော်ဟစ်ရုန်းထွက်နေပုံ။
ဒါပေမဲ့ မီးရထားမောင်းသမားက သေနတ်ကို
အေးတိအေးစက် တိုက်ချွတ်နေဆဲ။
မီးရထားကို ထပ်လေ့လာလိုက်တော့
ဘုရားရေ… အတွဲတွေလည်း တစ်ခုမှပါမလာခဲ့။
လတ်စသတ်တော့ ကျွန်တော်ဟာ မီးရထားယောင်ဆောင်ထားတဲ့
မီးရထားစက်ခေါင်းကြီးတစ်ခုရဲ့ လှည့်ဖြားမှုကို ခံလိုက်ရသူ။
ကျွန်တော်ဟာ အရေးတကြီးလေသံနဲ့
“ကျွန်တော်တို့ စက်ခေါင်းကြီးတစ်ခုထဲ ထွက်လာမိပြီဗျ”
လို့ အော်ပြောပေမဲ့
မီးရထားမောင်းသမားက
သေနတ်ကိုပ တိုက်ချွတ်နေဆဲ
မီးရထားစီးသမားများကလည်း ဖဲကစားနေဆဲ။
သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒါတွေလုပ်နေကြတယ်ဆိုတာ
ကျွန်တော် တွေးလို့မရဘူး။
ကျွန်တော့်အတွက် မီးရထားအပြင်ဘက်က
သတ်မှတ်ချက်မဲ့ ခြောက်ကပ်ကပ်ကမ္ဘာကြီးထဲ
ခုန်ချလိုက်ဖို့ကလည်း မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျွန်တော်ဟာ ဒီစက်ခေါင်းကြီးကိုပဲ
သေသေချာချာ ပြန်လေ့လာမိခဲ့။
ကျွန်တော် ဘုရားသခင်ကို နောက်တစ်ကြိမ်တလိုက်မိတာ
ဖဲဝိုင်းကြောင့်ပဲ။
ဖဲဝိုင်းဟာ နှစ်ယောက်တစ်ပွဲ ကစားရပြီး
နိုင်တဲ့လူက ရှုံးတဲ့လူကိုစားပစ်လိုက်တဲ့ စနစ်ကြီးပါလား။
ဖဲဝိုင်းမှာ တစ်ယောက်ထဲကျန်တဲ့လူဟာ
ဖဲထုပ်ကြီးကိုင်ပြီး ကျွန်တော့်ကိုလှည့်ကြည့်လိုက်တော့
ဝံပုလွေမျက်နှာကြီး။
ကျွန်တော်ဟာ သူကမ်းပေးတဲ့ နောက်ဖဲတစ်ချပ်ကို ယူဖို့ငြင်းဆန်နေဆဲမှာ
မီးရထားမောင်းသမားကလည်း သူ့သေနတ်ကြီးနဲ့
ကျွန်တော့်ကို ချိန်လိုက်တယ်၊ “၀ံပုလွေ”။
ဒီလိုပါ
ဘ၀ဆိုတာ ကောက်ကျစ်တဲ့မီးရထားစက်ခေါင်းကြီးထဲ
ဉာဏ်များတဲ့ ဖဲသမားနဲ့
လက်ဖြောင့်တဲ့ သေနတ်သမားကြား
ရောက်ရှိနေရတဲ့ အခြေအနေတစ်ရပ်ပဲ မဟုတ်လားမိတ်ဆွေ ။ ။
ပိုင်
စတိုင်သစ်၊ ဒီဇင်ဘာ၊ ၂၀၀၄
Labels:
ကုတ်အကျီ င်္
ကမ္ဘာကြီးမှာဘယ်လောက်အေးအေး
ကုတ်အင်္ကျီလေးတစ်ထည်ရှိရင်တော်ပါပြီတဲ့
ချည်သားစစ်စစ်ကုတ်အင်္ကျီလေးတစ်ထည်နဲ့တူတဲ့မေတ္တာတရားပေါ့
ဒီအတွက် ၀က်ဝံလေးတစ်ကောင်ကိုလဲမသတ်ပါနဲ့
ယုန်ကလေးသိုးကလေးတစ်ကောင်ကိုလဲမသတ်မိပါစေနဲ့
မေတ္တာတရားဆိုတဲ့ ချည်သားစစ်စစ်ကုတ်အင်္ကျီလေးဝတ်ပြီး
စစ်ပွဲနဲ့တူတဲ့ အမုန်းတရားနဲ့တူတဲ့
ကမ္ဘာကြီးရဲ့ အအေးဒဏ်ကိုရင်ဆိုင်ကြမယ်
ဒီဆောင်းမှာပေါ့  ။
ပိုင်
Labels:
ပုခက်
လက်တွေက ပုခက်ကိုလွဲတဲ့အခါ
ဘယ်သီချင်းကိုဆိုရမလဲ
ခေတ်တွေကဖေဖေတို့ကိုလွှဲတဲ့အခါ
ဆိုတဲ့ သီချင်းတွေပဲဆိုရမှာပေါ့
သားရေ
သီချင်းတွေကိုနှလုံးသားနဲ့နားထောင်တတ်ဖို့
အငိုမြစ်တွေကိုအများကြီးဖြတ်ကျော်ရဦးမယ်
ပုခက်ဟောင်းလေးကတော့
ဖြူစင်စွာနဲ့ဘ၀ရဲ့ ထောင့်ကလေးတစ်ထောင့်ထဲ
ကျန်ခဲ့ရမှာပေါ့
ကမ္ဘာဟာ
ဒိလိုနဲ့ တစ်ဦးကိုတစ်ဦး လက်ဆင့်ကမ်းလွှဲခဲ့တယ်
လက်များ
သီချင်းများ
ပုခက်များ
မေတ္တာတရားနဲ့ထုံးဖွဲ့ထားခဲ့
ပိုက်အိမ်လေးထဲ ခုတော့
လိုချင်တာတစ်ခုရှိတိုင်း တွန်းထိုးကန်ကျောက်လို့
အားရအောင်ငိုလိုက်ပါဦး
သားရေ.....။
ပိုင်
Labels:
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲ
မဒမ်ဇင်နီယာဟာ
ဘုရားသခင်က သူ့ကိုဖန်ဆင်းထားတယ်ဆိုတာယုံတယ်
ဘုရားသခင်ပြောတဲ့အတိုင်းနေထိုင်တယ်
ဘုရားသခင်သတ်မှတ်ထားတဲ့အတိုင်းစားသောက်တယ်
ဘုရားသခင် အလိုအတိုင်းပြုမူဆောင်ရွက်တယ်
ဘုရားသခင် မလိုလားတာဆိုရင်
မဒမ်ဇင်နီယာက သူနဲ့မပတ်သက်သလိုနေလိုက်တာပဲ
မဒမ်ဇင်နီယာ မကြာခဏဖျားနာလေလေ
ဘုရားသခင်ကို ပိုပြီးဆုပ်ကိုင်လေလေ
ဘုရားသခင်သာ မဒမ်ဇင်နီယာဘ၀မှာရှိရင် အရာအားလုံးကိုငြင်းပယ်ရဲတယ်
ဘုရားသခင်ရဲ့ အရိပ်မှာ ဘုရားသခင် အလိုအတိုင်းသာနေရရင် ငြိမ်းချမ်းမယ်လို့ယုံတယ်
မဒမ်ဇင်နီယာ ဘုရားသခင်ကိုအားကိုးပြီးနေလာခဲ့တာ
သုံးဆယ်တစ်နှစ်တောင်ရှိပြီပေါ့
ဘုရားသခင်က မဒမ်ဇင်နီယာကို သမီးလေးတစ်ယောက်ပေးတယ်
စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးတယ်
အသားနည်းနည်းပါတဲ့စွပ်ပြုတ်ပေးတယ်
မဒမ်ဇင်နီယာရဲ့ အသွေးအသားထဲမှာ ရမ္မက်မရှိတော့ဘူး
မဒမ်ဇင်နီယာရဲ့ တစ်ကိုယ်လုံး ဘုရားသခင်နဲ့တည်ဆောက်ထားတယ်
မဒမ်ဇင်နီယာရဲ့ ၀ှက်ဖဲချပ်တိုင်းဟာ ဘုရားသခင်ပဲ
လူတွေက ဘုရားသခင်ကို မထေမဲ့မြင်ပြုနေကြတယ်လို့လည်းယူဆတယ်
မဒမ်ဇင်နီယာရဲ့ဘုရားသခင်ကတော့
သူ့ မိတ်ဆွေတွေကြားမှာ အတော်ကလေးရေပန်းစားပ
ဝိုင်အရက်လို ယဉ်ကျေးသူတွေကနေ
လိင်မှုကိစ္စလို ပွင့်လင်းသူတွေအထိပေါ့
မဒမ်ဇင်နီယာကို လေ့လာသူတွေက
မဒမ်ဇင်နီယာရဲ့ တစ်နေ့တာကပွဲမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ကနေတာကလွဲပြီး ဘာမှမရှိပါဘူးတဲ့
မဒမ်ဇင်နီယာရဲ့ ခြေလက်လှုပ်ရှားဟန်ထဲမှာ
တစ်စုံတစ်ယောက်ရှိနေပုံရပေမယ့် တစ်စုံတစ်ယောက်ကိုမမြင်ရဘူး
အဲဒီတစ်စုံတစ်ယောက်ကလည်း ဘုရားသခင်ပါပဲတဲ့
မဒမ်ဇင်နီယာဟာ တစ်ခါတစ်လေ ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းနေတတ်တယ်
တစ်ခါတစ်လေ ရုပ်တုလေးတစ်ခု ချထားသလို ငေးငိုင်တိတ်ဆိတ်နေတတ်တယ်
မဒမ်ဇင်နီယာရဲ့အတွေးထဲမှာ စိတ်ကူးအိပ်မက်တွေထဲမှာ
ဘ၀မျှော်လင့်ချက်တွေထဲမှာ
ဘုရားသခင်နဲ့ကင်းကွာသွားတဲ့အချိန်ဆိုတာမရှိခဲ့ဘူး
မဒမ်ဇင်နီယာရဲ့တည်ရှိမှုမှာ
လူအဖြစ်တည်ရှိမှုဟာ လုံးလုံးပျောက်ကွယ်သွားပြီး
ဘုရားသခင်ရဲ့ တည်ရှိမှုသာကျန်တော့တယ်
မဒမ်ဇင်နီယာဟာ ဘုရားသခင်နဲ့နိုးပြီး ဘုရားသခင်နဲ့အိပ်ရာဝင်တယ်
ဘယ်လိုလူကြီးလူကောင်းတစ်ယောက်အတွက်မှ
မဒမ်ဇင်နီယာဟာ ဦးထုပ်ကလေးဆောင်းပြီး ဂါဝန်ကလေးမပြီး
နှုတ်ခမ်းဆေးထူထူတင်ပြီး ရှိရှိသမျှနူးညံ့မှုတွေနဲ့တွေ့ထိပြီး
ရင်ခုန်ဖို့ကောင်းတဲ့မိန်းမတစ်ယောက်မဖြစ်နိုင်တော့ဘူး
မဒမ်ဇင်နီယာရဲ့လရောင်နဲ့တူတဲ့နို့ရည်ဟာ
သူ့သမီးလေးကြီးပြင်းလာကတည်းက ခမ်းခဲ့ပြီ
မဒမ်ဇင်နီယာရဲ့ မျက်လုံးမှာ မီးနဲ့တူတဲ့ဆွဲဆောင်အားတွေပျောက်ကွယ်သွားပြီး
ထိတ်လန့်ခြောက်ခြားဖွယ် ငြီးငွေ့စိတ်ပျက်မှုသာ ကျန်ရှိတော့တယ်
မဒမ်ဇင်နီယာဟာ သံချေးအထပ်ထပ်တက်နေတဲ့ စက်အပျက်တစ်လုံးကို
ဘာကိုမှ ထက်ထက်သန်သန် မရှိတော့ဘူး
အကယ်၍များ ခင်ဗျားအနေနဲ့
မဒမ်ဇင်နီယာကို ဘုရားသခင်လက်က ကယ်တင်ချင်တယ်ဆိုရင်
ခင်ဗျားမှာ ပိုက်ဆံရှိရုံနဲ့မဖြစ်ဘူး
ဘုရားသခင်အကြောင်းသိမှဖြစ်မယ်
ဘုရားသခင်ကို သိခြင်းဟာ မဒမ်ဇင်နီယာကိုသိတာနဲ့အတူတူပဲ
သူ့ကိုခင်ဗျားမြင်နေတာက ကလပ်မှာတွေ့နေကျ မိန်းမတစ်ယောက်ထက်ဘာမှမပိုဘူး
သူက ခင်ဗျားကို ကဖေးဆိုင်ရဲ့ ထောင့်တစ်ထောင့်မှာ
ဟမ်ဘာဂါမုန့်အကြောင်းပြောမှာမဟုတ်ဘူး
ဘုရားသခင်ရဲ့လေသံအတိုင်း
ခင်ဗျားပြင်းပျနေတဲ့ဦးတည်ချက်ကို တိရစ္ဆာန်တစ်ကောင်လိုရှုံချပစ်လိမ့်မယ်
ဘုရားသခင်ကိုကျော်လွန်ပြီး သူ့ဆီက ဘာဆန္ဒ ဘာနူးညံ့မှုမှ
ခင်ဗျားရယူနိုင်မှာ မဟုတ်ဘူး
မဒမ်ဇင်နီယာဟာ လူ့ဘ၀ဆိုတဲ့ ဒုက္ခသည်စခန်းကြီးမှာ
လိင်မှုဆိုင်ရာကလွဲပြီး အကုန်ဖြည့်ဆည်းပေးနေတဲ့ တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်တယ်
မဒမ်ဇင်နီယာရဲ့တစ်နေ့တာကပွဲထဲမှာ
မကြာမကြာ ပါဝင်ပတ်သက်နေရသူတစ်ယောက်
အနေနဲ့တော့ တွေးမိနိုင်တာတစ်ခုရှိတယ်
ငန်းတစ်ကောင်လိုသွေးသားဆူဖြိုးနေသေးတဲ့မိန်းမတစ်ယောက်အနေနဲ့
ဘုရားသခင်အပေါ် ဒီလောက်ယုံကြည်သက်ဝင်သွားလောက်အောင်
ဘယ်လိုဒုက္ခတရားတွေက လမ်းပြခေါ်ဆောင်သွားသလဲဆိုတာကိုလေ
ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဟာ မဒမ်ဇင်နီယာဆီက နောက်ဆုတ်သွားချေပေါ့
တစ်ယောက်ကိုတစ်ယောက်လက်တွဲတဲ့လူ့အဖွဲ့အစည်းဟာ
မဒမ်ဇင်နီယာကို စွန့်ခွာသွားချေပေါ့
နာရီတွေကို နောက်ပြန်လည်နေတဲ့ဆေးရုံတစ်ရုံမှာ
မဒမ်ဇင်နီယာတစ်ယောက်ထဲ ဘုရားသခင်နဲ့အတူ
သူ့ရဲ့ကပွဲကို ဆက်လက်ကျင်းပနေပေါ့ ။
ပိုင်
Idea 100th Issue,2009
Labels:
07 September, 2015
ကမ္ဘာ
မီးလင်းဖိုက
မီးလျှံကို ငတ်ပါ့မလား။
ကျန်ခဲ့စဉ်က
တရားတွေ
ကျန်ခဲ့ပြီ ။
ကျန်ခဲ့စဉ်က
မြို့ရွာတွေ
ကျန်ခဲ့ပြီ ။
ကျန်ခဲ့စဉ်က
မိုးခြိမ်သံတွေ
ကျန်ခဲ့ပြီ ။
ကျန်ခဲ့စဉ်က
ပါးစပ်တွေ
ကျန်ခဲ့ပြီ ။
လိမ့်ကျနေတဲ့ ကျောက်တုံးပေါ်
ခြေရာတွေ ထင်ပါ့မလား။
အောင်ခိုင်မြတ်
၁၉၉၉ ၊ စက်တင်ဘာ ၊ ရနံ့သစ်
Labels:
လက်မှတ်ရေးထိုးခြင်း
ချီတုံချတုံ စဉ်းစားရခက်ပြီး
ငြိမ်သက်ချိတ်ဆက်လို့ ကပ်လျက်မှာ ဓားချက်ကြီးတန်းလန်းနဲ့ ။
ပခုံးတွန့်ပြီး
လှလှပပသုံးသင့်တဲ့ စကားလုံးတွေနေရာမှာ ခိုတွေကို အငှားသုံးတယ်။
အထင်နဲ့အမြင်က
အရိပ်ကျရာနဲ့ အပ်ကျရာကို အဓိပ္ပာယ်ပေါင်းထည့်ပြီး
သွေးထဲမှာ မျိုသိပ်တယ် ။
ကိုယ်ကာယကို ပျားဖွပ်သလို
သူတို့ သူတို့ သူတို့
ခေါင်းရှောင်လို့ မရအောင် မူးဝေတယ် ။
လည်စင်းခံ
တိတ်ဆိတ်မှု သံပူပြားပေါ်
အလျားလိုက် ၊ ဒေါင်လိုက် မှောက်လျက်ကြီး
အတိတ်မေ့ခြင်းကို နှုတ်ခမ်းနီဆိုးတယ် ။
ပစ်ချလိုက်တော့
ကွဲတယ် ။
ဟိန်းမြတ်ဇော်
Beauty ။ စက်တင်ဘာ ။ ၂၀၀၅
Labels:
06 September, 2015
ကျွန်မတင်ပါးသို့ ဂါရဝ
အဲဒီတင်ပါးတွေဟာ အကြီးကြီးတွေ
ဟိုဒီလှည့်ပတ်လှုပ်ယမ်းဖို့
နေရာလပ် လိုတယ်
သေးသေးနုတ်နုတ် ပိစိပေါက်စ နေရာတွေမှာ
အဲဒီတင်ပါးတွေ မဆန့်ဘူး အဲဒီတင်ပါးတွေဟာ
လွတ်လပ်တဲ့ တင်ပါးတွေ
သူတို့ကို ဆုပ်ကိုင်ထားတာကို မကြိုက်ဘူး
အဲဒီတင်ပါးတွေဟာ တစ်ခါမှ ကျွန်ပြုမခံဖူးဘူး
သူတို့သွားချင်ရာကိုသွားတယ်
သူတို့လုပ်ချင်ရာကိုလုပ်တယ်
ဧရာမတင်ပါးတွေ
ပဉ္စလက်တင်ပါးတွေ
အဲဒီတင်ပါးတွေနဲ့
ယောက်ျားတစ်ယောက်ကိုပြုစားပြီး
ဂျင်တစ်လုံးလို မွှတ်နေအောင် လှည့်ပစ်လိုက်ဖို့
ကျွန်မသိပြီးသား။
လူစီးလ် ကလစ်ဖ်တန်
အမေရိကန် ကဗျာဆရာမ Lucille Clifton (၁၉၃၆-၂၀၁၀) ၏ homage to my hips ကို ပန်ဒိုရာ ဘာသာပြန်သည်။
Labels: ,
အာဂမိန်းမ
ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့ အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့ အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခန်းတစ်ခန်းထဲ လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက် လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့ ရောင်ပြန်
ကျွန်မခါးတွေရဲ့ အလှုပ်အယမ်း
ပြီးတော့ ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
ယောင်္ကျားတွေ ကိုယ်တိုင်  သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခုတော့ ရှင်သိပြီ
ဘာကြောင့် ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့ အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို လိုအပ်မှု
ဘာကြောင့်လဲဆိုတော့ ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
မာယာအန်ဂျလို
(အမေရိကန် ကဗျာဆရာမ Maya Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)
Labels:
သွန်းလောင်းမိတဲ့ စကားလုံးတွေ
အသွေးအသားထဲကလာတဲ့ စကားလုံးတွေကို ဆွဲစေ့လိုက်ရင်
တမြည့်မြည့် ကျွမ်းလောင်နေတဲ့ ကဗျာတစ်ပုဒ်ကို တွေ့ရလိမ့်မယ်
အထီးကျန်မှုကို ဂုဏ်ပြုလိုက်ရင်
ပြင်းထန်တဲ့ ကဗျာတစ်ပုဒ်ကို တွေ့ရလိမ့်မယ်
ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားရင်
ကြီးကျယ်ခမ်းနားတဲ့ အမတ ကဗျာတစ်ပုဒ်ကို တွေ့ရလိမ့်မယ်။
လှသန်း
ဒီဇင်ဘာ။ ဖက်ရှင် ။ ၂၀၀၅
Labels:
အဖေ့ကို ကျွန်မသတ်လိုက်တယ်
အဲဒီညက အဖေ့ကို
ကျွန်မသတ်လိုက်တယ်။
ဒါမှမဟုတ် ဟိုတစ်နေ့ကများလား...
ကျွန်မမမှတ်မိဘူး။
သေတ္တာတစ်လုံးကိုဆွဲပြီး ကျွန်မထွက်ပြေးတယ်။
သေတ္တာထဲမှာ အိပ်မက်ရယ်၊ မှတ်ဥာဏ်ပျက်သုန်းမှုရယ် အပြည့်ပဲ။
ပြီးတော့ ကျွန်မငယ်ငယ်က
အဖေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကိုလည်း
ထည့်ယူခဲ့တယ်။
အဖေက ကျွန်မကိုလက်မောင်းနဲ့ပွေ့ထားတဲ့ပုံလေး။
သမုဒ္ဒရာရဲ့နက်ရှိုင်းတဲ့တစ်နေရာမှာ
လှပတဲ့ကမာခွံတစ်ခုထဲ အဖေ့ကိုထည့်ပြီး
ကျွန်မသေသေချာချာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့တယ်။
ဒါပေမယ့်လည်း အဖော်ကင်းမဲ့စွာ၊ တုန်ရီထိတ်လန့်စွာနဲ့
ကုတင်အောက်မှာ တိတ်တိတ်လေးပုန်းနေတဲ့ကျွန်မကို
အဖေရှာတွေ့သွားပါတယ်။
မရမ် အာလ်-မာစရီ
မြန်မာပြန်-မောင်ဒေး
(ဆီးရီးယားကဗျာဆရာမ Maram al-Massri ရဲ့ I killed my father... ကဗျာကိုပြန်ဆိုပါတယ်)
Labels:
ဟိုက္ကူမရှိဘူး
လာလုပ်မနေနဲ့ ၊ ခြံကလေး ဝင်းကလေးဆိုတာ မရှိဘူး
ခေါင်ခေါင်ထီးထီး ကွန်ဒိုကြီးပဲ ရှိတယ်။
ဟိုက္ကူကဗျာမရှိဘူး ၊ LED ဆိုင်းဘုတ်ကြီးပဲ ရှိတယ်။
စမ်းချောင်းထဲက လ မရှိဘူး၊ ယိုးဒယားနိုင်ငံလုပ် အရက်ပဲရှိတယ်
ဒီ အရက်ပုလင်းကို မိန်းမတစ်ယောက်ဖြစ်အောင် ပြောင်းပေးစမ်းပါ။
ပြီးရင် အဲဒီမိန်းမရဲ့ တင်ပါးက အသားကိုယူပြီး ထိုင်လို့ကောင်းမယ့်
သစ်သားခုံတစ်ခုံ လုပ်ပေးစမ်းပါ။ သူ ရှူထုတ်လိုက်တဲ့ လေကိုယူပြီး
လွမ်းစရာကောင်းတဲ့ တောင်ခိုးတွေကို လုပ်ပေးစမ်းပါ ။
အဲဒါတွေ ဘာမှမလုပ်ပေးနိုင်ရင်လည်း အနည်းဆုံးတော့ ငါ့ရဲ့ ဘောလ်ပင်ကို
စနိုက်ပါ ရိုင်ဖယ်တစ်လက်ဖြစ်အောင်တော့ လုပ်ပေး။
ငါတို့လမ်းမှာ ဆိုင်ကယ်သံ တဗျင်းဗျင်းနဲ့
တစ်ညလုံး ဆူညံနေတဲ့ကောင်တွေကို တစ်ယောက်ပြီး တစ်ယောက်
ပစ်ချချင်လို့။
မောင်ဒေး
Labels:
ကျွန်တော် ကျွန်မတို့သည်
ရှင့်သေနတ် ကျွန်မကို ခဏငှားပါလား
ထို့နောက် သူမသည် ကျွန်တော့်အား
မောင်းသံတချောက်ချောက်မြည်သည်အထိ
စိတ်ရှိလက်ရှိ ပစ်ခတ်ပါသည်
ကျွန်တော်သည် သူမအား အသည်းအသန် ချစ်မိပါသည် ။
ထွန်းကို
Labels:
05 September, 2015
ကပ်ဖ်ကာသို့ l၁၂l
တစ်ခါသား
တံတားကလေး ဆေးရုံလို့ ခေါ်တဲ့ ဆေးရုံသို့
လူနာပို့ ဗော်လံတီယာ
ငါ ရောက်ခဲ့တာပေါ့လေ ။
လူနာ၊ လူနာရှင် ၊ ဆရာဝန်
စစ်ဆေး ဆွေးနွေးတိုင်ပင်နေတုန်း
ငါ လေ့လာသလိုလို ဘာလိုလို
ဟိုဟိုဒီဒီ လျှောက်နေခဲ့တာပေါ့လေ ။
အဲဒီမှာ ၊ ကူညီလိုဟန် လူတစ်ယောက် ချဉ်းကပ်
ငါ့ကို တစ်ခန်းပြီး တစ်ခန်း လိုက်ပြတာပေါ့လေ ။
ဒါက ဥစ္စာရူး…
ဒါက ဝိဇ္ဇာရူး…
ဒါက အာဏာရူး…
ဒါက အချစ်ရူး ၊ စသဖြင့်
"ဒီ အခန်းက ကောင်က
သူ့ကိုယ်သူ နပိုလီယံထင်ပြီး ရူးနေတာ
ဘယ်ရမလဲ
နပိုလီယံ အစစ်က
ကျုပ်ဗျ……"တဲ့
သြော်  ။
အောင်ချိမ့်
Labels: ,
လမ်း၃၀ ထိပ်က ခရမ်းသို့
ခရမ်းရေ…
အပြောင်းအလဲဆိုတာ ကြိုးခွေပဲ
သည်တစ်နွေ
ပြီးတော့၊ နောက်အသစ်တစ်ခွေပေါ့။
ငါပြောင်းထိုင်တဲ့ လက်ဖက်ရည်ဆိုင်
မိုင် ၅၀ ဝေးတယ်။
မနက်ခင်းစာသောက်ဖွယ်စာရင်းက
မင်းသတင်းမရဘူး။
ခုတော့ တစ်ယောက်တည်းလျှောက်နေရ
တစ်ယောက်ခြေထောက်ပေါ် တစ်ယောက်မှီရပ်ရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်းတယ်။
ဒီတစ်ခါ
မင်းလာရင်
သဘာဝသမိုင်းပြတိုက်သွားမယ်
နှစ်သန်းပေါင်းများစွာက ဝေလငါးတွေ ကြည့်မယ်
အစားခံရတဲ့ဘ၀ဆိုတာ
တို့လိုအဓိပယ်ထပ်တူပဲ။
မင်းဓားမြောင်စိုက်ထားတဲ့ ဆိုက်ပရပ်စ်လမ်း
လူဖမ်းသင်္ဘောနဲ့ ကပလီပင်လယ်
ကြောက်မက်ဖွယ်ရာ အိပ်မက်အပြန်လမ်းထဲ
မင်းကို
အိမ်တံခါးက အမေအို မမှတ်မိနိုင်တာလည်း
ဖြတ်သန်းခဲ့ပြီးပြီပဲ
ဝံပုလွေ လာဆင်ကိုချစ်တဲ့
မိန်းမနဲ့ သမီးနှစ်ယောက်ကိုချစ်တဲ့
အလေအလွင့်ဓားချက်များနဲ့ ကမ္ဘာကြီးကိုချစ်တဲ့
မင်းသွေးတွေ
တစ္ဆေသင်္ဘော မျောနေတုန်းလား။
ခရမ်းရေ
ဒေါသကြီးတဲ့ ငါးလည်းသေတယ်
ပုံတိုပတ်စပြောတတ်တဲ့ ငါးလည်းသေတယ်
လောကရဲ့ အလွယ်ဆုံးအလုပ်ဟာ
သေတာမဟုတ်လား
ဘာကြောင့်များ
အခြားသံသရာမှာ လူမြင်ခံဦးမှာလဲ။
ရတနာသုံးပါးဆည်းကပ်ပါ။
တရားရှုမှတ်ပါ
ကြားဖူးနားဝ တစ်ဝဂူတို့ရဲ့ အဖြစ်အပျက်တို့
လွတ်မြောက်ဖို့ ကြိုးစားပါ
လမ်း ၃၀ ထိပ်မှာ
ထူထောင်နေတဲ့ မင်းရဲ့အရိပ်ကို
မြေကြီးလို ဖြန့်ခင်းလိုက်စမ်း
ခရမ်း….။
ခိုင်မြဲကျော်စွာ
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း-၂၀၀၃
Labels:
04 September, 2015
မြို့သိမ်းကဗျာ
မြို့ချစ်သကောင့်သားတို့
မြို့ချစ်ညီရင်းအစ်ကိုတို့
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
မင်းတို့မြို့ဟာ ယဉ်ကျေးမှူရဲ့အသည်းနှလုံး
မင်းတို့မြို့ဟာ စီးပွားရေးအရ ကျုံးပေါ့
လယ်ယာမြေကောင်းထဲ ရေငန်တွေဝင်လာသလို
မင်းတို့မြို့ထဲ လူငန်တွေဝင်လာနေပြီ
အောင်မြင်တဲ့ဂျုံခင်းထဲ ကျိုင်းအုပ်တွေကျနေသလို
မင်းတို့မြို့ထဲလူကျိုင်းတွေကျလာနေပြီ
ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကိုသိမ်းနေပြီ
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကိုဆုတ်ခွာနေရပြီ
မြို့ချစ်သကောင့်သားတို့
မင်းတို့ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာ အိပ်မပျော်စေနဲ့
ဦးနှောက်ကို မီးထွန်းကြ
ဦးနှောက်ကို မုန်တိုင်းဆင်ကြ
မင်းတို့မြို့ဟာ လှန်ထားတဲ့စာအုပ်
မင်းတို့မြို့ဟာ ဖွင့်ထားတဲ့ဘောလ်ပင်
ကိုယ့်သမိုင်းကို ကိုယ်ရေးကြ
ကိုယ့်ခေတ်မှာ ကိုယ်မညံ့စေနဲ့
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကိုကုန်ကူးသူထဲ မင်း မပါစေနဲ့
အနာဂတ်သမိုင်းဖတ်စာမှာ
မြို့ကိုရောင်းစားသူစာရင်းထဲ မင်း မပါစေနဲ့
မင်းတို့မြို့မှာ လင်းလက်တဲ့ သာသနာရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်မြစ်ရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်ကျုံးရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်တောင်တန်းရှိတယ်
မင်းတို့မြို့မှာ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတယ်
မင်းတို့မြို့မှာ တောင်သမန်ရှိတယ်
မင်းတို့မြို့မှာ ဦးပိန်တံတားရှိတယ်
မင်းတို့မြို့မှာ ကမ္ဘာသိရာဇ၀င်တွေရှိတယ်
မင်းတို့မြို့မှာ မင်းတို့ရှိနေကြတယ်
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရားကို လက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ် မြန်မြန်ပြန်သိမ်းကြ။
ကိုရွေး
Labels:
အမှောင်ခေတ်က ချစ်သူများ
သန်းခေါင်ယံ ကွယ်ကာပျောက်ရင်လ
မိုးသောက်ရမှာပါကွယ် ။   ။
နေမီးပူ ကမ္ဘာပျက်သလိုပ
လွမ်းမျက်ရည်အသင်္ချေနဲ့
သောကတွေ တောင်လိုပုံလို့
ကိုယ်တို့ ကြုံရာ လမ်းတကွေ့မှာလ
ပန်းမွေ့ယာ ရှာမတွေ့ခဲ့သော်လည်း
ဝမ်းနည်းဖို့ မဟုတ်ဘူးကွယ် ။   ။
ရှိစေ ..... ရှိစေ
ပင်လယ်ရေ မုန်တိုင်းထန်တော့
လှိုင်းပုတ်သံ မငြိမ်သက်ပေမယ့်
လေငြိမ်ရင် ရေငြိမ်ရစမြဲပါဘဲ
ရင်ထဲမှာ အယူအဆ များရယ်က
ဘ၀ဆိုတာ အရှုံးခံခြင်းမဟုတ်ပါဘူး
ရုန်းကန်ခြင်းသာ သစ္စာတရားရယ်လို့
ကိုယ်တို့ နှစ်ဦး သိနားလည်
မပြယ်နိုင်တဲ့ သဘောတရား ။    ။
မုန်တိုင်းတွေ မငြိမ်သက်သော်လည်း
အားပြတ်ကာ မနေစမ်းပါနဲ့
သစ္စာဆိုတာ ယုံကြည်ချက်ပါဘဲ
ခေတ်ကမ္ဘာ မငြိမ်းချမ်းရင်လ
မေတ္တာဆိုတာ မစိမ်းလန်းနိုင်သမို့
တို့ နှစ်ကိုယ် အတူတွဲကာဖြင့်
ခေတ်အလွှာ စနစ်ထုံးကို
(ချစ်သူရယ်) ရုန်းကန်စို့လား ။
မောင်သင်းခိုင်
Labels:
လက်ဖက်ရည်ဆိုင်
နေ့စွဲတခု
နံရံပေါ်ကလျောကနဲပြုတ်ကျသွား
ပြီးရင်
စီးကရက်တလိပ်သောက်မယ်
လက်ဘက်ရည်တခွက်သောက်မယ်
ရှိပြီးသားတေးသံတွေကိုတော့
ပျောက်မသွားစေနဲ့
အဝေးကိုလွင့်သွားမှာစိုးသမို့
အထိတ်တလန့်မြို့ကြီးနဲ့
ရွာပြီးသားမိုးတိမ်အခွံတစ်ခုကိုတော့
မီးခိုးတွေနဲ့ပူးချည်ပစ်လိုက်တယ်
နိုင်းနိုင်
Labels:
သတိရခြင်း
ငါမတောင်းဆိုပဲရလိုက်တဲ့
ငါ့ရဲ့အချိန်များထဲ
(ငါ့ကိုပြန်သောက်သွားတဲ့
ဝိုင်တပုလင်းထဲ )
ငါမစားလိုက်ရတဲ့ ရေခဲမုန့်တစ်ခု
ဖြစ်ပြီး
မင်းဟာ…
ငါမကြည့်လိုက်ရတဲ့ မှန်တစ်ချပ်ဖြစ်ခဲ့တယ်
နိုင်းနိုင်
ရုပ်ရှင်တေးကဗျာ ၁၉၉၃
Labels:
အငွေ့ပျံနေ့ရက်များ
အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ် ။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံခုန်လို့ ။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့ ။
ချစ်လှစွာသော လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ် ။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်။
ဆူးရှိ
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံပန်းပွင့်ထဲမှာ ရှိနေလေရဲ့ ။
မောင်ချောနွယ်
Labels:
လူရွှင်တော်
ကိုချစ်စရာရဲ့
လူရွှင်တော်ကြီးများစာအုပ်
ဖတ်တော့
ပျက်လုံးတွေက
ရယ်ရတယ်
ဘဝတွေဟာ
ငိုရတယ်
ဘာထူးလို့လဲ
ငါတို့လည်း
ရယ်စရာစကားတွေပြောရင်း
ငိုခဲ့ရတဲ့ဘဝတွေ ။
နိုင်းနိုင်
Labels:
ထင်းခွေသူ
လူချင်းထိခိုက်သံ ကြားရမှမဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကိုကြားရတာလည်း
ဘ၀ပဲ...။
အဲဒီနေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်။ ။
တာရာမင်းဝေ
ချယ်ရီ၊နိုဝင်ဘာ၊Y2K
Labels:
အရိုင်းတေး
မျှော်လင့်ချက် လက်ကျန်တချို့နဲ့
ချစ်ခြင်းမေတ္တာတွေ သယ်ဆောင်လို့
ကောင်းကင်တစ်ဝက်
စပယ်တစ်ခင်း
အတိအကျ ငါ့မြင်းခွာသံတွေအောက်
ရနံ့သစ်နဲ့ ဥယျာဉ်
ထားခဲ့။
ဒါ...အမြင့်ဆုံးဘားရဲ့ ဂီတ
ကြိုးတစ်ချောင်းပြတ်ခဲ့တယ်
ကမ္ဘာမြေရေ...
စိတ်ချ
ချစ်သူတွေအတွက်
သီချင်းမသေ။ ။
မင်းဆွေနှစ်(မုံရွာ)
ကလျာ၊စက်တင်ဘာ၊၁၉၉၉
Labels:
အိမ်နဲ့ဝေးသော တနင်္လာနေ့အကြောင်း
အိပ်မပျော်ဘူး
စမ်းချောင်းကလေးအဖျားမှာ ဓားခုတ်သံတွေကြားရ
အပွင့်မပါသော သစ်ပင်ရဲ့
နေရောင်ခြည်များကြား
တစ်ခြမ်းပဲ့ ရနံ့များလည်း
ကျွန်တော့်အပေါ် အပိုင်းပိုင်းပြတ်ကျရာ
ခန္ဓာကိုယ်ကို ဖြေချဖို့
တို့ထိလာသောလေနှင့် လူစိမ်းများလက်ထဲ
ပွဲလမ်းသဘင်များလည်း
အဆန်းတကြယ် တိတ်ဆိတ်
နယ်မြေသစ်
အမေနဲ့ မြို့ကလေးကို ကြိုးလျှော့ပြီးထားခဲ့ရာ
လောကဓံအသစ်
ဒုက္ခအသစ်နဲ့
အမှောင်ကို ဖောက်ထွင်းရတာ မောတယ်။
ကစ်(စ)မီကွစ် ပန်းကလေးရဲ့
ဆူညံသော လရောင်ခေါ်သံလမ်းကလေးပေါ်
အတူတကွ
ကျွန်တော်က
ဆိုက်ပရပ်စ်လမ်းပေါ်
စိုက်ဝင်နေတဲ့
ဓားမြှောင်တစ်ချောင်းဆီလျှောက်လို့
လတ်တလော
ကျွန်တော့်ပြဇာတ်များ
ပူပြင်းစွာ ပေါင်မုန့်တစ်လုံးထဲ အစိမ်းသေခဲ့ရ။
အိမ်နဲ့ဝေးခဲ့ရာ။ ။
ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ၊ဖေဖော်ဝါရီ၊၂၀၀၁၊စာ-၅
Labels:
အနက်ရောင်ဝါကျများ
ဆောင်းလရဲ့ နောက်ဆုံးရက်တွေ
မင်းအိပ်စက်ခဲ့
မီးလျှံထဲမှာ
မီးလျှံထဲမှာ
မင်းအိပ်စက်ခဲ့
ဆောင်းလရဲ့ နောက်ဆုံးရက်တွေ။ ။
နေမျိုး
(၃-၂-၂၀၀၀နေ့က ကွယ်လွန်သွားသော ချစ်ဇနီးသို့ သတိတရ)
ကလျာ၊မတ်၊၂၀၀၁၊
Labels:
တွင်းထဲမှ
သင် အလကားရသော အရာများအား တန်ဖိုးထားပြီးပါပြီလား
မိုးတိမ် ၊ အာကာသ
ပန်းပွင့် ၊ မြက်ခင်း ၊ မြေပြင်
လေညင်း၊ အလင်းရောင် …
ခေါင်းမဖော်ဝံ့သော တွင်းထဲမှ
ထွက်ခဲ့ကြ  ။
သုခမိန်လှိုင်
Labels:
ရွှေနှင့်အိပ်စက်
နွေဦးအမွန်
ရွှေရည်သွန်ချ ၊ ရွက်ချွန်ကော့လိပ်
ရွှေနှင့်အိပ်စက် ၊ ရွှေစက်ရွှေပြောက်
ဝေဖူးချိုသင်း ၊ ရွှေအဆင်းနှင့်
ပန်းမင်းပိတောက် ၊ ပြတင်းပေါက်မှာ
ရောက်ရှာပြီကော ၊ ရွှေဥသြက
ခွန်းဆင့်သခဲ့
တလောကလုံး ရွှေရည်သွန်း…။
မောင်ချောနွယ်
၂၁ ၊ ဖေဖော်ဝါရီ ၊ ၁၉၉၂
Labels:
03 September, 2015
သတ်သေသူများ
ငါ့ခန္ဓာကိုယ်ထဲမှာ မျိုးဆက် နှစ်ဆယ် ရှိခဲ့တယ်။
အနည်းဆုံး။
ဘာကြောင့်လဲတော့မသိ။ မနက်တုန်းက
ပြတင်းပေါက်ပွင့်နေလို့များလား မပြောတတ်
ငါတို့ထဲက တစ်ယောက် အပေါ်ဆုံးထပ်က ခုန်ချသွားတယ်။
သူပြီးတော့ တစ်ယောက်ပြီး တစ်ယောက်
ငါတို့တွေတစ်ယောက်မကျန် ဒိုင်ဗင်ထိုးစင်ပေါ်က
ခုန်ချသလို ခုန်ချနေလိုက်ကြတာ သံကြိုးတွဲလိုက်ကြီးလို
အစုလိုက်အပြုံလိုက် သတ်သေတတ်တဲ့ ကြွက်တွေလို။
နာရီဝက်လောက်ကြာတော့
မိမွေးတိုင်း ဖမွေးတိုင်း ငါကိုယ်တုံးလုံး။
အများယောင်လို့လိုက်ယောင်ရတာကို ရှက်ရှက်နဲ့ ငါလည်းခုန်ချလိုက်တယ်။
တိုက်အမြင့်လေးထပ်နားလောက်မှာ ငါအသက်ထွက်သွားပုံရတယ်။
နှစ်ထပ်တောင်မရောက်သေးဘူး
ငါ့အကြောင်းလူတွေစကားထဲထည့်မပြောတော့။
ဒါ မင်းကို
ဖြတ်သွားဖြတ်လာ တစ်ယောက်ကပြောပြနေတာ။
သူလည်း ငါတို့ထဲကတစ်ယောက်ပဲ။
နှင်းဆီနံ့ရလို့ထွက်ကြည့်တာတဲ့။
ကိုကိုသက်
Romania နိုင်ငံသား ကဗျာဆရာ Marin Sorescu (1936-1996) ၏ Suicide ကို ကိုကိုသက် မြန်မာမှုပြုသည်။
Labels: ,
ဘီလီ့အတွက် တေးစု
စတာလင်ဂရက်တိုက်ပွဲမှာ
တပ်နီတော်ဟာ
မြင်းသားပုပ်ကို စားခဲ့တယ်။
“ဘီလီ”ရဲ့
အသက်ရှင်သန်ရေးတိုက်ပွဲမှာ
“ဘီလီ”ဟာ ဘာလင်မြို့သိမ်းစိတ်ဓာတ် မွေးရမယ်။
သဘာဝဓမ္မကို ရှုမျော်တိုင်း
ဒဏ်ရာတွေသာ ဖူးပွင့်ဝေဆာခဲ့
ဘီလီရဲ့
ဆာလောင်မှုတွေက
ဘယ်လောက်များ ထူပြောလိုက်ပါသလဲ။
လူတန်းစေ့တောင်ကုန်းတွေ တစ်ကုန်းပြီးတစ်ကုန်း
ဆုံးရှုံးနေရတဲ့ ကြေကွဲမြစ်ကြီးနံဘေး
အမြင့်မားဆုံး ခံနိုင်ရည်စွမ်းအားတွေအကြောင်း
လေ့ကျင့်သင်ကြားရမယ့်နေ့တွေ ကျန်သေးတယ်။
မငိုနဲ့ ဘီလီ
ငါတို့ဟာ
နှလုံးသားရှိတဲ့ ဇီဝလက်နက်ပေါ့
ငါတို့ရိုးသားမှုတွေ အပိုင်းပိုင်းအတစ်တစ်
ခုတ်ထစ်ခံခဲ့ရ
တိုက်ပွဲဝင်ဘောင်းဘီကို မင်းဝတ်ပါ
အမှန်တရားရဲ့ မာရ်နတ်ကို မင်းတိုက်ပါ
နာဇီတို့ရဲ့ ဒီဝီဇံတပ်မကို ဖြိုခဲ့တာ
ဘာလက်နက်မှ မဟုတ်ပါဘူး
ဓိတ်ဓာတ်ပါပဲကွာ
မငိုနဲ့တော့ ဘီလီ။           ။
မိုဃ်းဇော်
Labels:
လောက်လန်းများ
ဤသို့ ဖြင့်
ပြောမနာဆိုမနာ
ဤသို့ ဖြင့်
ဆဲမနာ ဆိုမနာ
ဤသို့ ဖြင့်
မလူးသာမလွန့် သာ
ဤသို့ ဖြင့် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ
ပထမ
အ၀တ်အစားများအားလုံး ချွတ်၍ စစ်ဆေးခံရ
သွားများကို ချွတ်၍ စစ်ဆေးခံရ
ခန္ဓာကိုယ် မွှေးညင်းများပါမကျန် စစ်ဆေးခံရ
နောက်
ဒွါရကိုးပေါက်စလုံး စစ်ဆေးခံရ
ဤသို့ ဖြင့်
တစ်ကိုယ်နဲ့ တစ်ကိုယ် မမြင်ရ
သူတို့ သည် ရင်းနှီးစွာ ပွင့်လင်းစွာ ချစ်လာကြ၏။
ခင်ဇော်မြင့်
Labels:
ဧကရာဇ်ပင်
ကိုယ့်ခြေရင်းမှာ
မြစ်မင်းငါးရာရှိတယ်။
လမင်းက စိမ်းတယ်
နေမင်းက ပြာတယ်။
တိမ်လိုလွင့်တဲ့နေ့ နဲ့ 
တောင်လို ငြိမ်သက်ရတဲ့နေ့ ဟာ
မြစ်တစ်မြစ်ရဲ့  အမြင့်ချင်းမတူတဲ့ချောက်ကမ်းပါး
ဒိုင်ယာရီက
သမိုင်းကိုဆွေးမြည့်စေသလား
ကိုယ့်ရနံ့ က
ကိုယ့်အတွေးကို မှိုနံ့ စွဲစေသလား။
ပန်းတွေကြွေလိုက်ပွင့်လိုက် ကြွေလိုက်
အရောင်တွေသေလိုက်ရှင်လိုက် သေလိုက်
ကိုယ်ကရွေ့ တယ်
ခေတ်ကရွေ့ တယ်
ပျော်စရာကောင်းတဲ့ ကမ္ဘာမြေပါ
ကိုယ်က မျက်မှန်နဲ့ မလိုက်ဘူး။
ခင်ဇော်မြင့်
Fashion Image - စက်တင်ဘာ၊ ၂၀၀၃
Labels:
မသိလို့မေးနေရတာတွေ
အဲသလို
စုန်းစုန်းမြုပ်သွားလို့ မြုပ်လား။
အဲသလို
ကိုယ်လွတ်ရုန်းသွားလို့ လွတ်လား။
အဲသလို
ခြေရာဖျောက်သွားလို့ ပျောက်လား။
စကားမစပ်
ရေကမ္ဘာမှာ နေသာပါရဲ့လား။
အဲဒီမှာ
ငါးကြီးဧရာကော မတွေ့မိဘူးလား။ ။
ခင်ဇော်မြင့်
Labels:
ကော်ဖီ
သကြားကလည်းပျော်
နို့ဆီကလည်းပျော်
ကော်ဖီက မပျော်ဘူး
ရင်ခုန်တယ်
ဇောချွေးပျံတယ်
မြွေနဂါးလိုလို
တိုးနယားလိုလို
နှလုံးသားထဲ လှည့်ပတ်လောင်မြိုက်နေသော
တောမီးလိုလို
ဒီဇာတ်လမ်းကို ရာသက်ပန် လွမ်းရတော့မယ်
သူ့နေရာ အစားထိုးဖို့မှ မလွယ်ပဲ ။
ခင်ဇော်မြင့်
Labels:
အစိမ်းရောင်ရုပ်ရှင်
[ ၁ ]
အများနဲ့ မတူအောင် ပေါက်ခဲ့တဲ့ သစ်ပင်ပါ
အလင်းတစ်ပေါက်နဲ့ ပြိုဆင်းသွားတယ်
[ ၂ ]
ပြောင်းဝကနေ မျက်စိလေးတစ်ဖက်မှိတ်ပြီး  အဝေးကို ငေးကြည့်နေတုန်း
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဟာ ငါ့ကို ပြန်မျက်စိမှိတ်ပြတယ်
[ ၃ ]
လယ်ကွင်းထဲမှာ စိုက်ဝင်နေတဲ့ ဓါးတစ်ချောင်းဟာ ငါ့ ရင်အုံထဲမှာ ဖတ်စာရွတ်နေတယ်
သေနေတဲ့ လရောင်ကို ရှင်နေတဲ့ လူတစ်ယောက်က လွမ်းဆွတ်ဖို့ မင်း ရှိနေမှ ဖြစ်မယ်
ရှင်နေတဲ့လူတစ်ယောက်ကို သေနေတဲ့ နှလုံးသားက လွမ်းဆွတ်ဖို့လည်း မင်း ရှိနေမှ ဖြစ်မယ်
အပြန်အလှန်အားဖြင့် တစ်ယောက်သေသွားဖို့ တစ်ယောက် နှုတ်ခမ်းတစ်ယောက် နမ်းကြဖို့ လိုအပ်လိမ့်မယ်
" သြော်. . . . မင်းရောပါသကိုး"လို့ နပိုလီယံက ပြောတဲ့ အခါ ငါတို့ ရယ်ကြဖို့  ဆန္ဒပြုတယ်
အချစ်ရယ် . . . . . . Z မျိုးဆက် တစ်ယောက်ရဲ့ ခရိုမိုဇုန်းမှာ လောကကို ခါးသီးမိတာ အဆန်းမဟုတ်ဘူး
အရေပြားတစ်လွှာချင်းဆီမှာ ကပ်ညှိနေတဲ့ ခရမ်းနုရောင် ပြာမှုန်ပြာစတွေ
ဟိုး . . . . . အဝေး ကောင်းကင်ကို လွှင့်စင်သွားတဲ့ အချိန်ဒီရေနေရာမှာ
မော့ကြည့်လိုက်ရင် ကောင်းကင်ပြာကို မြင်ရမယ်၊ ဒါဟာ ကောင်းကင်ဘုံ မဟုတ်ဘူး
ငုံ့ကြည့်လိုက်ရင် မြေကြီးကို မြင်ရမယ်၊ ဒါဟာ ငရဲ မဟုတ်ဘူး
ဇုဒ်လည်း မရှိ၊ ဟေးဒီစ်လည်း မရှိ
ဟေး . . . . . အဝေးကနေ ရေခဲဖတ်တွေလွှင့်စင်လာတဲ့ ငါ့ အချစ်
မင်းဘေးမှာ ငါ ရှိနေမယ်
[ ၄ ]
မြစ်တစ်ခုမှာ သိုသိပ်ထားခြင်းခံရတဲ့ ဂန္ထ၀င်မြောက်အိမ်ပြန်ချိန်တွေ ထမ်းပိုးထားလို့
အချစ်မိုးကောင်းကင်ကြီးလည်း နီမြန်းကုန်ပြီ
အသူရာတို့ကတဲ့ ပွဲတော်မှာ ပန်းမီးတောက်တွေ တဖွားဖွား လွင့်စင်မှု့များ အသေင်္ချာရာစု
" ပြန်လည် သတိရမှု့မှာ အနုပညာမပါရင် အရာရာ သေသွားပါလိမ့်မယ် " *
အဲသလို ထပ်မံယုံကြည်တယ်
[ ၅ ]
ကတ္တရာလမ်းမပေါ်က ကျလာတဲ့ အခိုးအငွေ့တွေထဲမှာ ၀ိညာဉ်တွေ ပျံသန်းနေတုန်း
လူသေတစ်ယောက်ရဲ့ ဦးခေါင်းခွံထဲမှာ လျှပ်စီးတွေ အပြည့်စီးနေဆဲပဲ
မနက်ခင်းအစာအိမ်ရဲ့သစ္စာဖောက်မှု့ကို ညနေမှာ ပြန်လည်တင်ဆက်ကပြရတယ်
အသက်ရတာဟာ မြေခွေးပဲ အချစ်ဆိုတဲ့ စပျစ်သီးကို ချဉ်ဖို့ ဘယ်သူ့ဆုတောင်းမှမပါပဲ မွေးလာတာ
ဆေးရုံပေါက်ဝကတည်းက လူဘ၀ရဲ့ အိပ်မက်တွေ အခိုင်လိုက်ထားရစ်ခဲ့ရတယ်
စကားလုံးတွေဟာ ဒဏ်ရာအတိမ်အနက်ကို တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိသေးတော့
အနီရောင်သွေးစက်တွေ အခန်းနံရံမှာ စွန်းထင်းသွားတာ ဆန်းကြယ် ။
[ ၆ ]
ရောဂါကပ်ဆိုးတွေ ဆိုက်ကပ်လာတဲ့ သတင်းကို မနက်ခင်းတိုင်း ရုပ်မြင်သံကြားက အဆက်မပြတ်ထုတ်လွှင့်ပေးနေတယ်
 အဆုတ်ရောင်လာမယ်၊ မျက်ထောင့်နီလာမယ်၊ အသားအရေ ပြာနှမ်းလာမယ်၊ ဆံပင်ကျွတ်လာမယ်၊ သွားခေါ လာမယ်
အကြားအာရုံခံစားမှု့အားကောင်းလာမယ်၊ နာကျင်မှု့တွေ လျော့နည်းလာမယ်၊ အလင်းရောင်ကို ကြောက်တက်လာမယ်
တိတ်ဆိတ်လာမယ်၊ အုပ်စုဖွဲ့နေထိုင်တက်လာမယ်၊ သွေးပြန်ကြောတွေ ပြတ်တောက်လာမယ်၊ အသားစိမ်းငါးစိမ်းတွေ စားလာမယ်
အောက်ဆီဂျင်ကို ငတ်မွတ်လာမယ်၊ ဖိုမ ကွဲပြားစိတ်မရှိတော့၊ ဆာလောင်မှု့ကိုပဲ တပ်မက်လာမယ်၊ အသံလှိုင်းတွေက စိတ်ကို တက်ကြွလာမယ်
အချစ် . . . . . . ငါဟာ ဇွန်ဘီတစ်ကောင်ပဲ၊ နေမကောင်းသူတစ်ယောက်ကိုတော့ မင်း ငြင်းသင့်ပါတယ်
[ ၇ ]
"အကြောင်းမူကား ယနေ့မှစ၍ ခုနှစ်ရက်စေ့လျင်
အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။
ငါ ဖန်ဆင်းသော သတ္တ၀ါ အပေါင်းတို့ကို
မြေကြီးမျက်နှာပေါ်မှ ငါ ပယ်ရှင်းမည် " **
နောဧ မလာခင်အထိ
မည်သည့်အရာကိုမျှ ငါ့အတွက် ဒုတိယအကြိမ်နောက်ထပ် အသုံးမလိုတော့
ဒီဝသုန်ခက်
Note :::::
* အောင်ချိမ့်၏ ကဗျာစာသား
** ကမ္ဘာဦးကျမ်း
Labels:
တိမ်ပြာပြာနေ့
ကမ္ဘာကြီးနဲ့ငါ
အရပ်အမောင်း၊ကိုယ်လုံးကိုယ်ထည်နဲ့
အဆင်ပြေနေတဲ့ အင်္ကျီတစ်ထည်
မဖြစ်ခဲ့။
ကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်တော့
ရေပြင်ရဲ့ ယုယမှုမှာ
ငါ မမျှားနိုင်ခဲ့သော ငါးများ
ဆေးရောင်စုံလွတ်မြောက်သွားကြတာ
မြင်လိုက်ရရဲ့။ ။
သုခမိန်လှိုင်
ရုပ်ရှင်တေးကဗျာ၊ဇူလိုင်၊၂၀၀၁
Labels:
တယ်လီဖုန်းခေါ်သံ
နည်းပညာတစ်ဝက်၊မျှော်လင့်ခြင်းတစ်ခြမ်း
ကမ္ဘာသုံးဘာသာစကားတစ်ခြမ်း၊သမိုင်းတစ်ဝက်
ကျွန်တော်ခေတ်နဲ့ကျွန်တော်
ပင်လယ်လည်းပင်လယ်အလျောက်
တောင်တန်းလည်းတောင်တန်းအလျောက်
တစ်မျှော်တစ်ခေါ်ကြီးပေါ်မှာ
ကျွန်တော်လည်း တစ်မျှော်တစ်ခေါ်ကြီးဖြစ်လိုက်ရဲ့။
ရောရောထွေးထွေးပါ။
တစ်နေ့လုံးမှားအောင်နေပြီး
တစ်နေ့လုံးမှန်နေရင် မနေတတ်တဲ့ အတ္တ။
အရောင်ရှိရာလာပြီး
အနံ့နဲ့အရသာကို နည်းနည်းပဲယူလာသူရဲ့ ဆန္ဒ
မတော်တဆတွေ ခဏရပ်
ခေတ္တခဏ။
အိမ်ရှေ့က အမှန်တရားလား။
နှစ်အိမ်ကျော်က လောကဓံလား။
အိမ်ပိုင်ရှင်ပန်းချီဆရာလား။
ဟိုးလမ်းထိပ်က ကဗျာဆရာလား။
ဟဲလို
ပြောပါ
သူငယ်ချင်းငါးမိုင်၊ဘ၀ငါးမိုင်
စိတ်ကူးငါးမိုင်၊အပျင်းပြေငါးမိုင်
ဟုတ်ကဲ့
ကျွန်တော်ဆက်ဆက်ပြောလိုက်ပါမယ်။ ။
ပြေမြင့်
မြားနတ်မောင်၊ဂျူလိုင်၊၂၀၀၃၊
Labels:
ကမ်းဝေး
လှိုင်းရေ…
ရှိုက်သံစွက်တဲ့ အလွမ်းတွေ
ငါ့…စိတ် ကမ်းဆီ သယ်မလာပါနဲ့
ငါက ချစ်လို့
ပြန်လာခဲ့တာပါ
ပင်လယ်…။ ။
စောဝေ
အိုင်ဒီယာ၊အောက်တိုဘာ၊၂၀၀၂
Labels:
ကဗျာဆရာ
မိုးထဲလေထဲ
ကိုယ့်အသက်ကို ပွေ့ပြီး
ကဗျာရေးသူ
ဆွေးမြေ့ဖွယ် နှင်းမြူတွေနဲ့လုံးထွေးလို့ ။
ဘဝ၌ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
ဘဝ၌ မရွတ်ဆိုခဲ့ပေမဲ့ ကြားနိုင် ။
သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ဘူး
ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ လိုပါတယ် ။
မောင်သိန်းဇော်
Labels:
02 September, 2015
ကပ်ဖ်ကာသို့ l ၁၆ l
ကိုယ့်ကိုယ်ကိုယ် မေ့
ကိုယ့် ဘဝကိုယ် မေ့၊ မေ့နေတာ
ငါ မေ့နေတာကို
နမ်းမလိုနဲ့ စော်ကားပြီး သတိပေးတဲ့
မင်းကို
ငါ ဘယ်တော့မှ မမေ့တော့ပါဘူးကွယ် ။
အောင်ချိမ့်
Labels: ,
ကပ်ဖ်ကာသို့ l ၁၅ l
စကားလုံးတွေ ရွှေ့ရာ
ငါတို့ ရွေ့နေရ။
အလို စကားလုံးများ
ဟုတ်လှချည်လား ။
ဒါကြောင့် စကားလုံးတွေ
စကားလုံးတွေ ၊ စကားလုံးတွေ…။
"ငါတို့ ရှာဖွေလော့
တီထွင်လော့
တည်ဆောက်လော့
အရေးတော်ပုံ အောင်ရမည်" ။
အောင်ချိမ့်
Labels: ,
ကပ်ဖ်ကာသို့ l ၁၄ l
အပျင်းပြေပေါ့
ဖဲကစားပါတယ်
စိတ်ဝင်စားမှု နွေးနေရန်
ငွေကြေးနည်းနည်း ထည့်ကစားပါတယ် ။
အရှုံးအနိုင်ငွေကြေး အဓိကမဟုတ်ပါ
အပျင်းပြေရန်သာ ။
မေတ္တာရပ်ခံပါတယ်
ဖဲတော့ လိမ် မရိုက်နဲ့ပေါ့
မကောင်းဘူးပါ့ဗျာ
ဖဲရိုက်ရတဲ့ အရသာ ပျက်ပါတယ်။
လေးနက်စွာ
မေတ္တာရပ်ခံပါတယ်။
ဖဲတော့ လိမ်မရိုက်နဲ့ပေါ့ဗျာ ။
တစ်ခါတစ်လေ
စိတဖြောင့်ဖြောင့် ကစားရအောင်လေ ။
အောင်ချိမ့်
Labels: ,
ကပ်ဖ်ကာသို့ l ၁၃ l
ငါက "အားမနာတက်ဘူး"တဲ့
ပြောကြတယ်
ဒါ့ကြောင့် ငါ စဉ်းစားကြည့်တယ်
ငါ ဘယ်ကျွန်ဈေးမှာ ကျွန်ဝယ်တုန်းက
ငါ ဘယ်ကျွန်ကို အဆစ်တောင်းဖူးလို့လဲ
ငါ့ကို "အားမနာတက်ဘူး" ပြောရအောင် ။
အောင်ချိမ့်
Labels: ,
၁၉၈၈
ခေါင်းဖြတ်ကြတဲ့နှစ်
စိတ်နဲ့တောင် မပစ်မှားနဲ့ ဆိုတဲ့နှစ်
ပိုင်ရှင်မဲ့ အလောင်းများလို
ပိုင်ရှင်မဲ့ မိန့်ခွန်းစာရွက်တွေ ဖတ်ခဲ့ရတဲ့နှစ်
လွတ်လပ်ရေးကျောက်တိုင်ကို လုံခြုံရေး ချထား
ဘုရားစင်ပေါ် ဂျင်ကလိ ဖွက်ထား
ထမင်းဝအောင် စားထား
"ဆန်တစ်ပြည် ဆယ်ပြား
ဘယ်သူ သေမှစား" ဆိုလား
ငါတို့ငယ်ငယ်
မင်းလည်း အသက်မပြည့်ပဲ သေရတယ်
ငါလည်း အသက်မပြည့်ပဲ ငှက်ကြီးတောင်ဓားကို မြင်ဖူးခဲ့တယ်
ကြည်ဇော်အေး
Labels:
ချစ်မိတ်ဆွေ ၁၅
လူငယ်တွေ ထွက်လာတယ်
လူငယ်တွေထွက်လာလိမ့်မယ်
ရာသီကာလနှောက်ပါစေ
မျက်မှောက်ပြုလိမ့်မယ်
အောင်ချိမ့်
Labels: ,
ကျန်းမာတော်မူကြပါစ ခင်ဗျာ
သင့်အတွက် မနက်ဖြန်ကို ညစဉ်စောင့်ကြည့်သူက
ဒီနေ့ ဘာနေ့လဲ လာမေးနေတယ်
ရောမမြို့ကြီးတည်ဆောက်သလို
ကော်ဖီခွက်ကို တဆင့်ချင်းဖျော်လို့
လမ်းထိပ်မှာတင်
တော်လှန်ရေးကို ဝယ်လို့ရတယ် တွေးလို့
ပြည်တွင်းမိုးလေဝသ အခြေအနေဆီရောက်ဖို့
"နိုင်ငံတော်ပြို့ကွဲမဲ့ အခြေအနေကို ဒို့ လက်မခံနိုင်ပါ"
သီချင်းကိုအရင်နားထောင်ရတယ်
ဒီညလည်း
အိမ်ကွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးကြပါလိမ့်မယ်
ကြည်ဇော်အေး
Labels: