အချမ်းလွန်မြို့လေးတစ်မြို့


အိပ်မက်တွေ အဖျားရင်းပြီး
နှင်းတွေ အမှည့်လွန်နေလိုက်ပုံများ
ရွှေရောင်သံစဉ် တစ်ခုလိုပ။

တစ်စုံတစ်ယောက်က တစ်စုံတရာကို စောင့်ရသလိုမျိုး
တစ်စုံတရာက တစ်စုံတရာကို စောင့်ရသလိုမျိုး
လမ်းရိုးလေး တစ်ပုဒ် မျှော်ငေးမှုမှာ
ဟိုးဝေးဝေးမှ သဇင်ပွင့်သံတွေ
မွှေးနေတုန်း။

ဒေါက်
ဒေါက်
ဒေါက်
ဒေါက်
ဒေါက်

တုတ်ကောက်သံတွေ တထောင်းထောင်းနဲ့
“မြင်းကောင်းရင် ခွာမလိပ်ဘူး” တဲ့
ဟိတ် ဆောင်း
စောင်းကြိုးတွေ မပြတ်နဲ့
အထပ်ထပ်ရွာ
ဆောင်းဟာ ရေတံခွန် စစ်စစ်တစ်ခုလိုပ။ ။

ဌေးကြည်(စလင်း)
သရဖူ၊ ဒီဇင်ဘာ၊ ၂၀၀၇

No comments:

Post a Comment