ဘိနပ်ပကာသနီ


(၁)

ဘိနပ်ဟာ
လူတွေအတွက်
မရှိမဖြစ်လိုအပ်တဲ့
အသုံးအဆောင်ဖြစ်တယ်

ဘိနပ်ဆိုတဲ့
ဝေါဟာရဟာ မွန်လူမျိုးတို့ရဲ.
ဘာသာစကားဖြစ်တယ်။

မွန်တို့ရဲ.ဘာသာကို
ကျွန်တော်တို့က ချေးငှားပြီး
သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်ကတည်းက
အထက်အညာဒေသမှာ
ဘိနပ်ကိုခြေနင်းလို့ ခေါ်ခဲ့ကြတာပါ။

ရှင်ဘုရင်စီးတော့
ခြေနင်းစကြ်ာလို့ ခေါ်တယ်ထင်ပါရဲ.။

မန္တလေးသား မောင်သင်းပန်တို့ကတော့
ခုထက်တိုင် ဘိနပ်ကို ခြေနင်းလို့ ခေါ်နေတုန်းပဲလား မသိ။ ။

ဘိနပ်နဲ့ပါတ်သက်ပြီး
ဆိုရိုးစကားတွေ ကြားဖူးကြပါလိမ့်မယ်
သီလနဲ့ ဒါနမပါရင် သေခါမှသိ
ရေဗူးနဲ့ ဘိနပ်မပါရင် နွေခါမှသိ
ဘိနပ်စာ ကျွေးလိုက်ရမလား ဘိနပ်စာမိသွားမယ်
ဘိနပ်ကြားက နတ်စကားထွက်တာလား
စသည်စသဖြင့်ပေါ့လေ။

(၂)

ကိုလိုနီခေတ်က ပဲခူးငလျင်လှုပ်တော့
ရွှေမုဓေါစေတီတော်ကြီး ထီးတော်
စောင်းသွားခဲ့တယ်။ ။

အင်္ဂလိပ် ဒုဘုရင်ခံ “ ဆာကရက်ဒေါက်နဲ့ ဇနီး”
ပဲခူးကို ရောက်လာတယ်
ထီးတော် အပျက်အစီးကို ကြည့်ရှုစစ်ဆေးဖို့ ရောက်လာတယ်
ဘုရားရင်ပြင်တော်ပေါ်ကို ဘုရင်ခံနဲ့ သူ့ဇနီး
ဘိနပ်မချွတ်ဘဲ ဘိနပ်စီးပြီးတက်တယ်
ဒီကိစ္စကို မြန်မာတစ်ပြည်လုံးက ဒေါသဆူပွက်
ကန့်ကွက်ခဲ့ကြတယ်
“ ကရက်ဒေါက် …ဂက်အောက်…ဂက်အောက်(get out)”

“ကရက်ဒေါက်…ထွက်သွား…ထွက်သွား”
ပြည်သူတို့ရဲ. နယ်ချဲ. ဆန့်ကျင်ရေးစိတ်ဓါတ်
မီးဟုန်းဟုန်းတောက်ခဲ့တယ်။

ဖိလစ်ပိုင် သမ္မတ မားကိုစ့်ရဲ.ဇနီး (အီမယ်ဒါမားကိုစ်)
သူမကို သံမဏိလိပ်ပြာလို့လဲ တင်စားခေါ်ကြတယ်
၁၉၈၆ မှာ ပြည်သူ့ဆန္ဒတိုက်ပွဲကြောင့်
အာဏာလက်မဲ့သွားပြီး အမေရိကန်ကို
ထွက်ပြေးသွားခဲ့ရတယ်။

သမ္မတနန်းတော်ကို ပြည်သူတွေက သိမ်းပိုက်တော့
သမ္မတ ကတော်စီးတဲ့ “ ဘိနပ်အရံပေါင်းသုံးထောင်ကျော်“
နန်းတော်ထဲမှာ တွေ့ခဲ့ရသတဲ့
ကမ္ဘာပေါ်မှာ ရှိတဲ့ နိင်ငံအသီးသီးက
လှပေ့ပပေ့ ဆန်းပေ့လျှမ်းပေ့ တန်ဘိုးကြီးတဲ့
ဘိနပ်ရူး ရူးနေတဲ့မိန်းမ မိုးကောင်းတုန်း ရွာခဲ့တာပ။

(၃)

၁၉၆၀ ခုလောက်က ထင်တယ်
ဆိုဗီယက်ပြည်ထောင်စုရဲ. အကြီးအကဲ
ကွန်မြူနစ်ပါတီ အတွင်းရေးမှူး
ခရုရှော့ဗ် ကုလသမဂ္ဂ
တက်ရောက်ခဲ့တယ်
ညီလာခံမှာ သူမိန့်ခွန်းပြောတယ်
ဒေါနဲ့မောနဲ့ ဒေါကြီးမောကြီး
အမေရိကန်နဲ့ အနောက်အုပ်စုကို
ပစ်ကောနစ်ကော ပြောလိုက်တဲ့
စကားလုံးတွေ ပြောင်လက်နေပုံများ
(စကားလုံးတွေကို) “ ဘရိုင်ခရင်းလိမ်းထားပုံ ရတယ်”
အရင်းရှင် နယ်ချဲ.စနစ်ကို
ဖုတ်သုပ်ကင်လှော်၊ ကြော်ချက်
စားသောက်ပစ်မယ်လို့ မပြောရုံတမယ်
ပါးစပ်က ပြောရင်းပြောရင်း
အားမရသေးလို့ ထင်ပါရဲ့ ….လက်ပါလာတယ်
သူစီးထားတဲ့ ဘိနပ်(ရှုးဘိနပ်) ကို ချွတ်ပြီးတော့
စကားပြေ စင်မြင့်ခုံကို ဘိနပ်နဲ့
တဒေါက်ဒေါက်ခေါက်ပြီး
မိန့်ခွန်းချွေလိုက်တာ ကမ္ဘာမြေ
တနံတလျား ကျော်ကြားသွားပါတော့တယ်
ခရုရှောဗ်က ကုလသမဂ္ဂကို ဘိနပ်စာကျွေးခြင်းလို.
လှလှပပ သတင်းခေါင်းစဉ်တပ်ရမှာပါပဲ
အမေရိကန် သမ္မတ ဂျော့ဘုရှ် ရာထူးက အနားမယူခင်
အီရတ်နိင်ငံကို ရောက်လာတယ်
သတင်းစာရှင်းလင်းပွဲလုပ်တယ်
ကမ္ဘာ အရပ်ရပ်က သတင်းမီဒီယာ သမားတွေ
စုံစုံလင်လင် တက်ရောက်ခဲ့တယ်
အီရတ် သတင်းထောက် တစ်ယောက်က
သတင်းစာရှင်းလင်းပွဲမှာ
ဘာစိတ်ကူးပေါက်သွားတယ် မသိ
သူစီးထားတဲ့ ဘိနပ်ကို ချွတ်ပြီးတော့
သမ္မတ ဂျော့ဘုရှ်ကို အနီးကပ်
ပယ်ပယ်နယ်နယ် ပေါက်ထည့်လိုက်တယ်
ဂျော့ဘုရှ် ကလဲ အရှောင်အတိမ်းမှာ
(ဂျက်စီဂျိမ်း)နဲ့ နင်လားငါလားဆိုတော့
ဘိနပ်စာနဲ့ ပွတ်ကာသီကာ သီသီကလေးလွတ်သွားတယ်
ကမ္ဘာ့မီဒီယာတွေက ဒီသတင်းကို
(Breaking news ) အဖြစ် တခမ်းတနား
ဝေေ၀ဆာဆာ ဖေါ်ပြလိုက်ကြတယ်
ဘိနပ်နဲ့ပါတ်သက်ပြီး ကမ္ဘာ့ ဖန်သားပြင်ပေါ်မှာ
(Breaking news) တွေ တွေ့မြင်ရအုံးမှာလား
စောင့်ကြည့်နေချင်သေးတယ်။ ။

မောင်သင်းခိုင်
၁၀/၁၀/၀၉

No comments:

Post a Comment