08 September, 2015

ညလယ်ယံတေး


အိပ်တော့

ဘာမှ မဟုတ်တာတွေ
လျှောက်တွေးမနေနဲ့

အိပ်တော့ ။

ထွန်းကို

Labels:

06 September, 2015

ကျွန်တော် ကျွန်မတို့သည်


ရှင့်သေနတ် ကျွန်မကို ခဏငှားပါလား
ထို့နောက် သူမသည် ကျွန်တော့်အား
မောင်းသံတချောက်ချောက်မြည်သည်အထိ
စိတ်ရှိလက်ရှိ ပစ်ခတ်ပါသည်
ကျွန်တော်သည် သူမအား အသည်းအသန် ချစ်မိပါသည် ။

ထွန်းကို

Labels:

10 July, 2015

သူငယ်ချင်း


မိုးရွာရွာ နေပူပူ
ဥပေက္ခာနဲ့ လက်ခံလိုက်ရုံ

မေတ္တာခြုံမှ လုံမယ်လို့
မင်းယုံသလို ငါလည်း ယုံတယ်

အရာင်အဆင်းတွေ တူခဲ့ကြသလို
အဆင်လည်း မကွဲခဲ့ကြ
ကောင်းကျိုးမှာ ငါတို့ တည်ခဲ့တယ်

တစ်ခုခုတော့ ရွေးချယ်ရတာပဲ
လမ်းချင်းမတူလည်း လူချင်းတွေ့ကြဖို့
တနင်္ဂနွေများ

တစ်ယောက်လေးနက်မှုကို
တစ်ယောက်ယုံကြည်ခဲ့ကြတော့
လောကဓံတရားဆိုတာလည်း
ပြိုင်ဘက်ကောင်းမဟုတ်တော့ဘူးပေါ့
သူငယ်ချင်း

ထွန်းကို
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃ ။

Labels:

06 June, 2015

လူဖြစ်ရတာ ကောင်းတယ်


မွန်းကျပ်မှုတွေကို တောက်ထုတ်ပစ်လိုက်တယ်
တပ်မက်မှု့က နယ်ကျယ်လွန်းတော့
အပေါ်မှာ ကိုယ်ဖော့ထားလည်း
အောက်မှာ ပိပြားနေတာ
ငါ့ အသိ ငါ့ အမှတ်အသားနဲ့
တစုံလုံး ဖြုတ်ချလိုက်တော့
လွတ်လပ်သွားတာ
ယုံကြည်ရာမှာ
တကယ် ယုံကြည်သလားပဲ မေးဖို့ လိုမယ်
အခု ငါ
ပျော်ရွှင်နေကြောင်း
အဝေးကပင် မြင်နိုင်တယ်

ထွန်းကို

Labels:

နှစ်များ


ဓာတ်တိုင်ပေါ်က မီးသီးကလေးလည်း ကျွမ်းလို့
နွယ်ပင်တွေတောင် တက်နေပြီ
အဲဒီအောက်က အုတ်ခုံကလေးပေါ်
မထိုင်ဖြစ်တာတောင် နှစ်တွေ ကြာပေါ့

ထွန်းကို

Labels:

ရင်ပြင်တော် ညနေခင်း


ဘဝတွေက တိမ်တွေလို
ဆည်းလည်းသံကလေးတွေက သစ္စာတရားကို ပြလို့
ရေလိုအေးတဲ့ အရိမ်မှာ ။

နွမ်းသွားတဲ့ ပန်းကလေးတွေက အမှိုက်ပုံးထဲမှာ
သံသရာကိုတော့ ဆုံးအောင် မပတ်နိုင်ခဲ့
ကုသိုလ်စိတ်ကို ခေါင်းလောင်းထိုးပြီး ဖိတ်လိုက်တယ် ။

ငှက်ကလေးတွေ ဘယ်လိုများ ပျံကြမှာပါလိမ့်
ခြင်္သေ့ကြီးနှစ်ကောင်လို ကျောခိုင်းပြီး ဆင်းလာခဲ့တယ်
စောင့်နေတဲ့ အမှောင်ထဲကို

ထွန်းကို

Labels: