ရန်ကုန်မြို့ပေါ် အုံ့ဆိုင်းတဲ့ မိုးသား
နင်းစရာဆိုလို့
ရန်ကုန်မြို့မှာ နှစ်ခုပဲရှိတယ်။
ပျော့စိစိ ပက်ကျိကောင်တွေနဲ့
မာကျောတဲ့ ပလက်ဖောင်းကျောက်ပြားတွေ။
မနက်ဖြန်တွေကို ချောမွေ့စေဖို့
အဖြစ်မှန်တွေကို နည်းနည်းပါးပါးပြုပြင်ကြ
သူတို့ရဲ့ စိတ်ဒုက္ခတွေကို အော့အန်ဖို့တော့
စိုထိုင်း၊ကျဉ်းကြပ်၊လှောင်ပိတ်နေတဲ့
အရက်ဆိုင်တွေရှိရာဆီ သွားကြရ။
ရန်ကုန်မြို့ပေါ်
အုံ့ဆိုင်းတဲ့ မိုးသား။
နောက်ဖေးလမ်းကြားထဲက အကြွင်းအကျန်တွေနဲ့
ခြေထောက်တွေရဲ့ ဘာသာဗေဒကို လေ့လာရင်း
တစ်နေ့နေ့ တစ်ချိန်ချိန်
တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာ၊တစ်စုံတစ်ခု
သေချာမှုမရှိတဲ့ ညနေခင်းတွေကို
အိတ်ကပ်ထဲထည့်ပြီး
စိုထိုင်း ကျဉ်းကြပ်၊လှောင်ပိတ်နေတဲ့
သူတို့အိပ်ခန်းတွေရှိရာဆီ ပြန်ကြရပြီ။
ရန်ကုန်မြို့ပေါ်
အုံ့ဆိုင်းတဲ့ မိုးသား။
သူတို့ ကိုယ်ပေါ်မှာ
တစ်ကြိမ်တစ်ခါမှ မစွတ်စိုဖူးခဲ့တဲ့
ချစ်ခြင်းမေတ္တာကတော့
သူတို့ကို ဖျန်းပက်နေတဲ့
မိုးရေစက်တွေနဲ့အတူ
ရေဆိုးမြောင်းတွေထဲ တဝေါဝေါ ထိုးဆင်းသွားပေါ့။
သူတို့ကိုယ်တိုင် အိပ်မပျော်ခင်
သူတို့ စိတ်ကူးနိုင်သမျှရဲ့
အကောင်းဆုံးတွေက
အိပ်မက်အဖြစ် အရည်ပျော်နှင့်ပြီ။
တော်သေးရဲ့
ကြွက်တွေရဲ့ အမြီးမှာ
ကလောင်တံမပါတဲ့အတွက်တော့
ဘုရားသခင်ကို သူတို့ကျေးဇူးတင်ကြရပြီပေါ့။ ။
ပိုင်စိုးဝေ
သောင်းပြောင်းထွေလာ မဂ္ဂဇင်း
ဒီဇင်ဘာ၊ ၂၀၀၁
Labels: ပိုင်စိုးဝေ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home