24 November, 2015

ဖျောက်ဆိပ်ကြယ်


ဇာတ်လမ်းကို အဆုံးသတ်ဖို့ထက်
ဇာတ်လမ်းကို စရတာ ခက်တယ် ။
ဘာလို့များ
အငြိုးကြီးနေရတာလဲ မိုးရဲ့ ။
ဖန်ခွက်တစ်လုံးကတော့
အစိမ်းသေပြီ ။
ဆုတ်ခွာရမယ့် လမ်းလည်း
ရေတဖွေးဖွေး ။
ကြက်မွှေးနဲ့ ကြက်ခိုးလို
တစ်ဦးအလစ် တစ်ဦးချောင်းနေရတဲ့ ခေတ်ထဲ
စိုသော လက်လည်း မခြောက်တော့
အမှတ်တရပေါ့
ဒီကဗျာကို ရေးပါတယ် ။

ခင်ဇော်မြင့်

Labels:

မိုးနည်းရပ်ဝန်း


ရေကြည်ရာ
တိမ်တွေတဒီးဒီးနဲ့ခုတ်မောင်းသွားကြ ။

သည်းသည်းမည်းမည်းမိုးနဲ့
ရင်စေ့လေကိုပြန်ခေါ်ဖို့
စိန်ပန်းပင်ပေါ်က
`ဒီကနေ့´တောက်တဲ့တစ်ကောင်ပြုတ်ကျလာတယ် ။

အဆင်မပြေနေ့ရှိသ၍ကြားနေကျအသံအတိုင်း ။ ။

ခင်ဇော်မြင့်
ရုပ်ရှင်တေးကဗျာ ၁၉၉၇.ဇူလိုင်

Labels:

လေသလပ်နေ့များ


စနေနေ့ကိုနှီးချောဖျာအောက်ပြန်ထိုးသွင်းရကောင်းမလား
ခေါင်ရမ်းပင်လိုအဓိပ္ပာယ်မရှိဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်
လွင့်ကျလာတဲ့ရုပ်ရှင်ကြော်ငြာလိုအထီးကျန်ဆန်တယ်
ကိုယ့်စိတ်ကူးတွေတွင်းမဖော်နိုင်သေးတော့
ကြေကွဲစိတ်မှာမျက်ရည်ခမျာမြေကိုတွင်းဖော်လို့။
လေသလပ်မှုများဆိုရင်
တိမ်တွေတစ်မြို့လုံးထွန်းလိမ့်မယ်
တစ်ကိုယ်လုံးကိုက်ခဲနေရော့
စံပယ်ပန်းတွေလိုပဲ
သူ့နှလုံးသားကဖုန်းခေါ်ရခက်တယ်
ခေါင်းစဉ်တိုင်းအပေးမှားနေတဲ့ ကဗျာဆရာ
ဒီနေ့ သူရောက်မလာတော့ပါဘူး...။ ။

ခင်ဇော်မြင့်

Labels:

အင်္ဂါနေ့ရိုက်ကွင်း


အဝီစိရေချိုး
ထမင်းစား
သွားကြားထိုး
စံပယ်ပန်းတွေပွင့်မပွင့်ကြည့်
ပြီးရင်ပန်းခြံထဲလမ်းလျှောက်ရဦးမယ်မဟုတ်လား။
မပျော်မွေ့ခြင်းများကိုချုံ့လို့
ဂျုံလိုပြုံးထားချင်တယ်
လေသေနတ်တွေတာစားနေတဲ့ခေတ်
ကျွန်တော့်အပြုံးကညစ်ကျယ်ကျယ်နိုင်လိမ့်မယ်
နေမင်းကိုတကူးတကမှန်ထိုးကြည့်ကြတယ်
သူ့ခြေကျင်းဝတ်မှာရွှေဆွဲကြိုးလေးမရှိရှာတော့ဘူး
ဒီလိုပါပဲ
မီးရောင်တွေကြားမှာ
ဇာတ်လိုက်ဟာအထီးကျန်ဆန်ခဲ့ရ ။

ခင်ဇော်မြင့်

Labels:

တန့်ကြည်တောင်


ဇာတ်လမ်းအရ
တောနဲ့တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလို တိတ်တိတ်နေနေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။

ရင်ပြင်တော်ပေါ်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။

အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့
စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခု၏ တစ်နေ့တာ
ကျောက်သားမှာ မှင်ပြာနဲ့ ရေးခဲ့တယ်။ ။

ခင်ဇော်မြင့်
မြားနတ်မောင် မတ် ၁၉၉၉

Labels:

တံခါးရွက်နှစ်ခု


တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

သေတဲ့လူသေတယ်
ရူးတဲ့လူရူးတယ် ။

အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ် ။

မပြောသင့်သောစကားကိုပြောနေဆဲ
ပြောသင့်သောစကားကိုမေ့နေဆဲ
ငါ့အရိပ်လည်းသမံတလင်းမှာငြိနေဆဲ ။

စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံကမငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးကမငြိမ်ဘူး

ငါ့အနားမှာ
ဘ၀ကိုပြောင်းပြန်လွမ်းတဲ့လေချွန်သံ ။

တံခါးရွက်နှစ်ခုနဲ့ပက်သက်လို့တော့
ကျွန်တော့မှာမူရင်းမရှိဘူး ။ ။

ခင်ဇော်မြင့်

Labels:

မွေးနေ့သို့


အချိန်တိုင်း
မနက်ဖြန်ကို မတွေးတယ်။

မခုတ်ဓားလို
ဓားအိမ်ထဲမှာပဲနေ
ငါ့အသက်ကို ဖွက်ထားတယ်။

မွန်းကြပ်မှုနဲ့ အဆုံးသတ်လေမလား
နေ
နေစဉ်ခဏ
တရားကိုယ်နဲ့
သင်္ဘောတစ်စင်း စုန်လာရင်
ရေကို ကျေးဇူးတင်ရမယ်။

ခင်ဇော်မြင့်
လှိုင်းသစ် – ၂၀၀၉

Labels:

ဘ၀ဇာတ် တနင်္ဂနွေရဲ့  အစိတ်အပိုင်း


မိုးသားတွေ အုံ့ဆိုင်းတယ်
တိတ်ဆိတ်တယ်
သွေ့ခြောက်တယ်
တနင်္ဂနွေနေ့ဖြစ်တယ်
တစ်ယောက်တည်း စကားတွေပြောနေ
တစ်ယောက်တည်း လက်ဘက်ရည်ဆိုင်မှာ ငေးနေ

ခင်ဇော်မြင့်

Labels:

တောင်သမန်


လူတစ်ယောက်
အင်းရေပြင်ကိုကြည့် စိတ်ကူးခဲ့လိမ့်မယ်
အဲဒီစိတ်ကူးဟာ အခု တံတားဖြစ်လို့
အဲဒီတံတားပေါ်မှာ အခု ကျွန်တော်တို့
လမ်းလျှောက်လို့
အင်းရေပြင်ကိုကြည့်လို့
စိတ်ကူးလို့..။

ခင်ဇော်မြင့်

Labels:

အမည်မသိ (၃)


ကမ်းခြေမှာ
ခြေရာတစ်စုံဟာ လတ်လတ်ဆတ်ဆတ်။

ကိုယ်စိတ်နှလုံးသုံးပါးစလုံး
ညှိုးငယ်တဲ့နေ့ရက်များ
တရွေ့ရွေ့များ။

မနေ့ကထက်
ဒီနေ့ဟာ ပိုခက်လာ။

တမာပင်ထက်က ငှက်ကလေးရဲ့လေချွန်သံ
အသံရောရုပ်ရော ငါမြင်မိကြားမိသလို ရှိသား။

ကမ်းခြေမှာ
ခြေရာဟာ ပုပ်သိုးစပြုပြီ။ ။

ခင်ဇော်မြင့်

Labels:

အထက်ကနေ ကမ္ဘာမြေကိုသွားဖြဲ


မကျေနပ်ရင် ဘဂ္ဂဒက်သွားနေ
အချိန်ပြည့်ရင်ခုန်နေရတော့
နှလုံးသားအညောင်းမမိဘူးပေါ့
လာ အာမချောင်နဲ့ မသာရဲ့
ယုတ္တိထက်တိကျတဲ့ ယာဉ်တိုက်မှုနဲ့
`မတော်တဆ´တွေ့သွားမယ်
(ဘယ်လိုလဲကွယ် ဒီလိုဝါကျမျိုးတွေ ဘာအတွက် အကျိုးရှိသတုံး
ဖွဲထုံးနဲ့ တနည်းမဟုတ်တနည်း စေ့စပ်ကြောင်းလမ်းသင့်မသင့်)
မွဲပြာပုဆိုးဟာ သူ့ဝမ်းတီးတူးကော် မဟုတ်ဘူးပြောတယ်
လက်ဆုပ်လက်ကိုင်လိုချင်တာ
ခေါင်းစဉ်ကများ ပေးမလားကတိ
ဟုတ်မဟုတ် သူလက်ကိုင်ဆုပ်ထားတယ်ထင်ရတဲ့
ကျွန်တော့်လက်ဟာ သူ့လည်မျိုမှာ
(ဘာသာပြန်ရင် သင့်လည်မျိုပေါ့)
ဖြစ်နိုင်တယ် ဖြစ်ခဲ့တယ်
အလကားပြောတာ ဖြစ်နေပြီ
အပြင်လူအနေနဲ့ ခင်ဗျား ဟောဒီကျွန်တော့်အတွင်းထဲ
ခင်ဗျားရဲ့ လက်တုတစ်ဖက် သံချိတ်ကောက်နဲ့ထိုးဆွနေတာ
ကြိုက်ရဲ့လားဟင်. . .ဟင်. . . ကြိုက်လားဟင်. . .
မေးခွန်းထဲက ကဗျာအသားဟာ
ပိုနှုးညံ့တယ်ဆိုတာ ဆူးညှောင့်တစ်ခုပေါ့
အဲဒီမှာ ဘာမှအပြည့်အ၀မရှိဘူးဆိုတာ
လမ်းကူးရင်း၊ အလေးသွားရင်း၊သံဝေဂလျှော့ရရင်း
ဝက်သားတုတ်ထိုးခြင်းရဲ့ ပွက်ပွက်ဆူ ကိုယ့်လူအရည်ထဲမှာ
ဘယ်ဘ၀တစ်လှီးစာ ခင်ဗျားတုတ်မှာထိုးထားလဲ
နှစ်လိုက်မယ် ငရုတ်ဆီထဲမှာလည်း
သဲကန္တာရကို တစ်ဟုန်ထိုးဖြတ်နေတဲ့
အစမ်းသပ်ခံတင့်ကားတွေ၊ စမ်းသပ်ဖို့ဓာတုတွေ
စမ်းသပ်စရာမဟုတ်တော့တဲ့ ကြက်တုပ်ကွေးတွေ
ဆက်လက်၍ သက်သက်သာ
ဆက်လက်၍ သက်သက်အပြင်
ဆက်လက်၍ သဒ္ဒါစည်းကမ်းထဲက
ပြည်တည်နာကြီး ဆက်တလိုက်က
မြင်ရသတဲ့ မကြောက်ပါနဲ့. . .
ကိုယ်တိုင်ဟာ ရောင်ကိုင်းလို့နေပြီ နေခြည်
ကိုယ့်ကိုယ်ကိုယ်ချိန်တွယ်ကြည့်တိုင်း မပြည့်သေးတဲ့တစ်စိတ်နဲ့
ဘယ်လိုကိုယ်တို့ တစ်ဝမ်းကျမလဲဟင် ကတည်းမှပဲ
ဒက်ဒက်ဒက်မှာပေါ့ကွာ ဘဂ္ဂဒက်ဆိုမှနေမှတော့
ဟိုနာမည်လှလှလေးလည်း ရှိသေးတယ် သိလား
ဟို. . .ဖာလူဒါ. . .အဲလေ. . .ဟုတ်ပေါင်. . .ဖာလူဂျာ။ ။

ဇေယျာလင်း
၂၀၀၇ မတ် ရုပ်ရှင်တေးကဗျာ

Labels:

ဆဒ္ဒန်သံခိပ်


မေတ္တာတရားဆိုတာ
အမြင့်ဆုံး လွှင့်တင်ထားတဲ့
သူ့ရဲ့ တံခွန်ပဲ ။

အစွယ်လိုသူ
သုဘဒ္ဒါရေ …

သင်စေသော အညှိုးနှင့် သေခြင်းကို
နာကျင်သော ဝေဒနာဖြင့် ရရှိခဲ့ပြီ ။

ဝဋ်၏မျိုးစေ့တို့အား
ပေးဆပ်ခြင်းဖြင့် ကျေစေအံ့ ။

သံသရာမှာ
မင်းဆဒ္ဒန်ဟာ
ဒဏ်ရာကို ပညာနဲ့ သိမ်းခဲ့တယ် ။


ခိုင်မျိုး
မဟေသီ  ဇွန် ၂၀၁၁

Labels:

22 November, 2015

ဆိုလို ( Solo )


အမောဖောက်နေတဲ့ နေရောင်ခြည်
အကြောဆွဲနေတဲ့လေညင်း
အနာရင်းနေတဲ့ကောင်းကင်
အသက်ငင်နေတဲ့ တိမ်တိုက်
ဆိုးမိုက်တဲ့ ရာသီဥတု
ခြေသလုံးအိမ်တိုင်ကျီးကန်းတွေနဲ့
အလေ့ကျပန်းတွေရဲ့ ဂီလာနဆည်းဆာမှာ
ငါဟာ
သွေးမတိတ်သေးတဲ့ ဂစ်တာ

မိုဃ်းဇော်
ပန်းအင်္လကာ အမှတ် ၁၀

Labels:

20 November, 2015

ကလောအလွန်


မြေနီနီ
မိုးရွာလို့ ဖြူလေမလား။

ရေထဲလေထဲ
ခိုက်ခိုက်တုန်လည်း
ရင်ထဲမီးနဲ့
ထင်းရှူးပင်တွေ ကြံ့ကြံ့ခံနေ
ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
အောင်ပန်းက
လမ်း ဟိုတစ်ကွေ့မှာ။

ခင်ဇော်မြင်

Labels:

နေနာရီ


နံနက် ၅ နာရီမှာ
နေပူနေပြီ

အချစ်ဇောတွေနဲ့
ငါ့နာရီ စောနေတယ်

သုခမိန်လှိုင်
idea dec 2015

Labels:

18 November, 2015

မျဉ်းဖြောင့်တစ်ခုရဲ့ရနံ့


အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။

အလကားနေ
ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့ နွားပျံလို
အိမ်ပြန်ချင်ပေါ့။ ။

ခင်ဇော်မြင့်

Labels:

ချစ်ခြင်း


ယေဘုယျအားဖြင့်
သူမနဲ့ ဝေးလံရတယ်လို့ပဲ
ထားလိုက်ပါတော့

ကြက်ပေါင်စေးလို လျှာတွေ
တွေ့ကရာ အမိအရ ခါယမ်းလှုပ်ချ

မထင်မှတ်ဘဲ
ပြုတ်ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်ကရ မတ်စောက်ပုံပဲ

ထပ်မံချဲ့ထွင်ရန် မလိုအပ်တော့ပါ
ကြံ့ကြံ့ခံ
တို့ ဘယ်လိုရှင်သန်ပေါက်ရောက်ကြတယ်ဆိုတာ

အိုအောင်
ရုပ်ရှင်တေးကဗျာ ။ စက်တင်ဘာ ။ ၁၉၉၁

Labels:

ဟဲဗီးမက်တယ်လ်တီးကွက်တွေနဲ့ နဂါးနီသီချင်း

Fuck you လို့ အသံကုန် အော်ဟစ်လည်း
တချို့တွေ လူချစ်လူခင်ပေါများနေဆဲပဲ။

စိတ်မပါပဲ ကျန်းမာချမ်းသာပါစေလို့ ရွတ်ပြရတဲ့
ငယ်ဘဝတွေကို တွေးတွေးပြီး ရွံရှာရတဲ့အခါ
မိန်းမကိုယ်ထဲ အဝှာ ဘယ်နှချောင်းဝင်ဝင်
သန့်စင်မှုကို ထိပါးလို့ ရချင်မှရမယ်လို့ ဖြေတွေးတွေးရတယ်။

ဒါနဲ့ ဒီမိုကရေစီရဲ့ အရသာကို
လုပ်ခလစာတိုးတဲ့အခါမှ
နည်းနည်းသိရတယ်ဆိုတဲ့ ကောင်မလေး
နေ့ချင်းညချင်း သူဌေးမကြီး တန်းဖြစ်သွားတာကတော့ များလွန်းတာပေါ့။

ဘုရားက
သတ္တဝါတိုင်းအပေါ် မေတ္တာထားဖို့ သွန်သင်ပါတယ်

ခက်တာက ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ
မိုးလင်းတိုင်း အန္ဓတစ်ကောင်ရဲ့တေးချင်းကို
တရားခွေနဲ့ မှားမှားဖွင့်မိတယ်။

ကင်ဆာပဲ
ငွေရေးကြေးရေးဟာ
လည်ချောင်းတလျှောက်လုံး ယားယံတက်လာ၊

ချောင်းဆိုးတယ်
သလိပ်ဟပ်တယ်
အန်တယ်

ဒီလိုနဲ့ အသက်၂၀ကျော်ခဲ့။

ပျော်ရွှင်မှုကလည်း
လက်နဲ့အာသာဖြေရတာများလွန်းလို့ ပျော့တွဲကျနေပါပြီ

ဘာတစ်ခုမှ အဆင်မပြေဘူး
ရှင့်ကို အရမ်းချစ်တာပါဆိုတဲ့ ငါ့ရည်းစားက
ငွေစက္ကူပေါ်က ခြင်္သေ့ကို အငမ်းမရ နမ်းရှိုက်ပြသွားတဲ့နောက်

ဂစ်တာတွေဟာ တခါတလေ တီးဖို့မဟုတ်ဘူး
ရိုက်ခွဲပစ်လိုက်ဖို့ဆိုတာ
ငါ စတင်တွေ့ရှိလိုက်ရတယ် ။        ။

ဆစ်ခ်
အောက်တိုဘာ၊ ၂၀၁၅

Labels:

16 November, 2015

သေကြောင်းကြံမှု


၁။
ရှင်သန်ခဲ့ခြင်းမှာ နာကျင်စရာတွေ ကုန်သွားလို့ နောက်ဆုံးနာကျင်မှုဆီ အရောက်သွားတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၂။
ဒီအသက်မှာ ပြန်ဆက်လို့မရနိုင်တဲ့ ဘဝအပိုင်းအစတွေကို နောက်တသက်မှာ ပြန်လည်ဆက်စပ်ဖို့ အားထုတ်တာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၃။
ဒီဘက်ကမ်းမှာ မပြည့်ခဲ့တဲ့ဆုတောင်းတွေကို ဟိုဘက်ကမ်းအထိ ဆောင်ယူကူးခတ်သွားတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၎။
ကုန်လွန်သွားတဲ့ နာရီလက်တံတွေဆီ နောက်လှည့်ပြန်လို့ မရတော့တဲ့အခါ ရှေ့က အမှောင်ထုကြီးထဲ တိတ်တဆိတ်တိုးဝင်သွားတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၅။
တစုံတယောက်ရဲ့ရှေ့မှာ မျက်ရည်မကျချင်လို့ လုံးဝမမြင်နိုင်တဲ့ သူ့နောက်ကွယ်မှာ သွားပြီးငိုတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၆။
အမှားတွေထဲ မချိုမြိန်ချင်တော့လို့ ခါးသီးလွန်းလှတဲ့ အမှန်တရားထဲ ခုန်ဆင်းပျောက်ကွယ်သွားတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၇။
ဒီရုပ်ခန္ဓာမှာ မျက်ရည်ဓာတ်တွေ ခန်းသွားလို့ အဆုံးမရှိသမုဒ္ဒရာကြီးဆီ အငွေ့ပျံထွက်ခွာသွားတာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၈။
ကြေကွဲစရာအသံတွေကို ထပ်မကြားချင်တော့လို့ ကိုယ့်အသက် ကိုယ် ဆိုင်းလင့်လုပ်လိုက်တာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၉။
လူတွေရဲ့ မျက်လုံးတွေကို ချောက်ချားလို့ ကိုယ့်မျက်လုံး ကိုယ် ငြင်သာတိုးတိတ် ပိတ်လိုက်တာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။

၁၀။
ဘဝမှာ အပြစ်တွေများလွန်းလို့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုကိုယ်အပြစ်ကျူးလွန်လိုက်တာကို

သေကြောင်းကြံမှုလို့ ဆိုရမယ်။         ။

အေဇင်လတ်

Labels:

အချစ်


အချစ်ဆိုတာ
တာရိုးအောက်က တီးတိုးသံ
သံသာလေကမ်းတိုင်
တိုင်တစ်လုံးတစ်မတ်
မတ်တပ်ရပ်လို့ လမ်းမှာငို
ငိုရယ် ငိုရယ် ဆန်တစ်ပြည်
ပြည်မှ သရေခေတ္တရာ
ရာပန်းဆီစစ်စစ်
စစ်နဲ့ ငြိမ်းချမ်းရေး ။

ခင်ဇော်မြင့်

Labels:

အပေါင်းလက္ခဏာ


ကားက
လမ်းရဲ့ အလျားအတိုင်း
တံတားပေါ်က ဖြတ်မောင်းတယ်

ချောင်းကတော့
တံတားအောက်ကနေ
ကန့်လန့်ဖြတ် စီးဆင်းတယ်

အမှန်တရားကလည်း

နယ်စီးမခြား
သူ့ အလျားအတိုင်းသူ
မိုးမြေအနှံ့ ခရီးဆက်တယ်  ။     ။

မောင်သိန်းဇော်
(၂၀၁၄)

Labels:

လှို့ဝှက်ချက်


ကောင်းကင်က အပြာ
တိမ်သားက အဖြူ
တောင်ကုန်းညိုညိုပေါ်က
မြက်ခင်းနဲ့ တောအုပ်က အစိမ်း
မြင်ကွင်းဟ တလွင့်လွင့်
ပြီး ၊ ယိမ်းနွဲ့ လှုပ်ခါစေတဲ့
လေညှင်းမှာ အရောင်မရှိဘူး ။

မောင်သိန်းဇော်
(၂၀၁၄)

Labels:

နှလုံးသား


စိန်ပန်းတွေလို ရဲရဲမပွင့်ရဲတော့ ငါ့မှာ
စိန်ပန်းပင်အောက် သွားထိုင်နေမိတယ်
ဒီလမ်းလေးပေါ်
ဟိုတုန်းက မင်းလျှောက်သွားတော့
ယိမ်းထိုးလှုပ်ခတ်ခဲ့ရတာ
မင်း လွယ်အိတ်အမြီးလေးတွေရယ်
ငါရယ်
ခု . . . စိန်ပန်းပင်လို သတ္တိမရှိတော့
ညနေခင်းကြယ်လေးတစ်ပွင့်ကို
မင်းနာမည်ပေးပြီး ငေးရတယ် ။

မင်းဒီ

Labels:

ကောင်းကင်ရဲ့ အကြွေစေ့များ


ထစ်ခြုန်းမှုများ
မရေနိုင် မတွက်နိုင်

မိုးသားကိုယ်တိုင်
သူ့ မိုးခြိမ်းသံ
သူ ပြန်ထိတ်လန့်နေရဲ့

အချိန်အခါမရွေးတဲ့
အလွမ်း တဖွဖွရဲ့ အသံက
လျှပ်စီး တဖျတ်ဖျတ်လက်လို့

မိုးရွာမယ်ဆိုပါတော့
နှလုံးသားဟာ
နှလုံးအိမ်ထဲမှာလား?
နှလုံးအိမ်အပြင်မှာလား

မေတ္တာရပ်ခွင်တစ်နယ်လုံး
မှိုင်း ညှို့အုံ့ဆိုင်းနေဆဲ ။

မောင်သိန်းဇော်
(၂၀၁၄)

Labels:

ပြန်လာပုံ ပျံလာနည်း


ဓာတ်ပုံအရိုက်ခံရတယ်
အသံအဖမ်းခံရတယ်
မေးခွန်းအမေးခံရတယ်
မသေအိမ်မှသစ်သီး စားရတယ်

အရှင်လတ်လတ်
ဗုံးတွေ ပတ်ပြီး
ချစ်တက်သူကြီး ပြန်လာပြီ ။

သုခမိန်လှိုင်
Idea ။ Sep ။ 2014

Labels:

မင်းနဲ့ငါ ( ၂ )


မင်းရဲ့ ရာဇ၀င်က
ပင့်ကူမျှင်တွေနဲ့
ငါရဲ့ ရာဇ၀င်က
ကြယ်စင်တွေနဲ့ ။

မင်းရဲ့ ငှက်က ကျီးကန်း
ငါ့ရဲ့ ငှက်က စွန်ရဲ ။

မင်းရဲ့ ဓားက
ကိုယ့်တပ် ကိုယ်ပြန်ခုတ်ဖို့
ငါ့ရဲ့ဓားက
ရန်သူရဲ့ သွေးကို သောက်ဖို့ ။

မင်းနဲ့ငါ
လူကို ကြည့်ပုံချင်း မတူဘူး
မြွေကို မြင်ပုံချင်း မတူဘူး
တစ်ခုခုကို စောင့်ပုံချင်း မတူဘူး ။

အခု
မင်းရဲ့ သွေးနားထင်ရောက်မှုက
ငါ့ ခြေထောက်ပေါ်က ရေကြည်ဖုကလေးမျှ ။

မိုဃ်းဇော်

Labels:

လိပ်ပြာ


နေ့တိုင်း ရှာတဲ့ ငွေဟာ လိပ်ပြာငယ်စရာ
    အချိန်တိုင်းရှာတဲ့ ကဗျာ မကယ်ရင်
          ငါ ဘယ်မှာနေမလဲ

           မင်းရှာတဲ့ သီချင်း
           မင်းရှာတဲ့ ထမင်း
           မင်းရှာတဲ့ တရား
           အားရှိပါစေ ။

သုခမိန်လှိုင်
Idea ။ Aug ။  2014

Labels:

မိသားစု


မိုးစက်တွေကို
ကျွန်တော် လက်နဲ့ခံပြီး ကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော် လက်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တမ်းစီးဆင်းသွားပြန်ရဲ့
မြစ်တွေ ချောင်းတွေ တိမ်တိုက်တွေ ။

ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော် ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲ ရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့ မောင်နှမတွေ ။

ဝင်းမြင့်

Labels:

ဇာတ်လမ်းတို


ဘာတစ်ခုမှ ထွေထွေထူးထူး မရှိဘူး
သူ့ မျက်ဝန်းလေးကို သတိရတာနဲ့
ကောင်းကင်ရဲ့ ညှို့တက်လာသော
မိုးသားတွေကို ကြည့်ကာ
အခြားသူ ရေးဖွဲ့ခဲ့တဲ့ စာသားလေးလို
ရွာမှာလေလားလို့
ဦးခေါင်းကို ငိုက်စိုက်ချ
ပိုက်ထားတဲ့ လက်ကလေးကို နေရာပြောင်းမိ
ဒီကိစ္စဟာ တအားနူးညံ့တယ် ။

ခင်ဇော်မြင့်
မြှားနတ်မောင် ။ ဇန်န၀ါရီ ။ ၂၀၀၀

Labels:

ကောက်ရိုးတစ်မျှင်နဲ့ လွဲချော်ခြင်း


အံသေနေတဲ့ မျက်လုံးတွေနဲ့ ငိုလည်း
မျက်ရည်ကတော့ လှုပ်လှုပ်ခတ်ခတ် ပူမှာပဲ

မကြားရတဲ့ ဖုန်းခေါ်ဆိုမှုထဲ
မင်းပုခုံးသားလေးကို ဂဏန်းတစ်ခုလို
ထည့်မှတ်ထားရအုံးမယ်

ရိရွဲနေရအုံးမယ့် နေ့တွေပါ

ပိုက်ဆံတစ်ရွက်ကို အလယ်ကနေ
တိကျသေသပ်စွာ ဘယ်လောက်ခွဲခွဲ
တန်ဖိုးက ဘယ်သူ့လက်ထဲကိုမှ ပါမလာခဲ့သလို
နေ့စွဲတွေ

ဝေးပေါ့ လို့ အကျယ်ကြီး ထွက်ပေါ်လာတဲ့အသံဟာ
ဘာလို့များ ငါ့ရင်ထဲကဖြစ်လောက်အောင် နီးကပ်ခဲ့ရတာလဲ

ဆွဲမိဆွဲရာ ဆွဲလိုက်မိတဲ့အရာဟာ ဓါးမဟုတ်တော့

ကိုယ့်ကိုကိုယ် အပိုင်းပိုင်းအထစ်ထစ်ဖြစ်စေတဲ့
အချစ်လို့ ခေါ်ဆိုရမယ့်အရာ ဖြစ်ခဲ့တယ် ။     ။

ဆစ်ခ်

Labels:

ဗန်ဆင့်ဗန်ဂိုး


မြင်းစောင်းတံခါးပိတ်ချိန် ရှိမနေဘူး
စာတိုက်ပုံးပိတ်ချိန် ရှိမနေဘူး
ကျီးပြိုသံ
နတ်ဘုရားတွေလက်က ခိုးယူသွားတဲ့
အပြာရောင်တိမ်
မီးတောက်လို မွေးဖွားခဲ့သူက
မီးတောက်လို ပြန်သေခဲ့တယ်

ဒီဝသုန်ခက်

Labels:

သူငယ်ချင်းအကျီ င်္ကြည့်ပြီး စပ်တဲ့ကဗျာ


မင်းအကျီ င်္ဟာ
မင်းအဆွေးတွေ မမြင်ဖို့သက်သက်
မဖြစ်စေချင်ဘူး ။

တစ်ခါက
ငါတို့ မျှော်လင့်ခဲ့ကြတယ်
နေရောင်ခြည်နွေးနွေးထွေးထွေးနဲ့
ကမ္ဘာမြေသာယာဖို့ဆိုတာ
သိပ်ခက်တဲ့အလုပ်များလား ။

မင်းလည်း ပုံပျက်ပန်းပျက်
ငါလည်း နာလန်မထူ
နှစ်သုံးဆယ်ဆိုတာ
နှစ်လေးဆယ်ဆိုတာ
မိဘတွေ ၊ ချစ်သူတွေ သေကျန်ခဲ့ကြပြီး
ဘာမှမဖြစ်သလို
လက်ဖက်ရည်တစ်ယောက်တစ်ခွက်သောက်ရုံနဲ့
ပြီးရောလား ။

အေးလေ
လူ့လောကကြီးကလည်း
တစ်နေ့တစ်နေ့
မမေ့နိုင်စရာတွေနဲ့
အငွေ့တက်လို့
တို့အငွေ့တွေ
ပျောက်နေတဲ့ စကြာဝဠာ
ပြန်တွေ့နိုင်ပါ့မလား ။

သုခမိန်လှိုင်

Labels:

ဝေဒနာ


မျက်စိပြာပြီး
ချွေးစီးတုန်လှပ်၊ အသက်ရှူကြပ်ရဲ့
တပ်မက် ထိတ်လန့် အံ့သြမိ ။

ငွေတွေ . . .
ငွေတွေ . . . ။

အထပ်လိုက်
အစည်းလိုက်၊ အောတိုက်ပုံနေ
ငါးကျပ်တန်တွေ
ဆယ်တန်တွေ
နှစ်ဆယ်တန်တွေ . . . ။

ဘုရား . . . ဘုရား
လူ့လောကမှာ ၊ ငါ ရောက်လာတာ
ကြာလှပြီပဲ ၊ အိပ်မက်ထဲမှာပင်
မမြင်ဘူးခဲ့ ၊ များလိုက်တဲ့ ငွေ ။

"နဲနဲလောက် ပေးပါ
ခလေးလိုပင် ၊ တောင်းယင်ရမလား
ဓါးပြလုယက်၊ ထွက်ပြေးယင်ကော"
အလျင်အမြန်၊ စိတ်တွင်ကြံမိ
ငါ့ထံ ငွေတွေ ရောက်လာအောင်။

ငါ နောက်ကျပြီ
ရုတ်ကနဲလေ၊ ငွေတွေပျောက်သွား
နောက်တခန်းကို ကူးသွားရော ။

သြော် . . .
သုံးမတ်တန်းမှာ၊ ဘာရယ်မဟုတ်
ရုပ်ရှင်ကြည့်စဉ်၊ ရုပ်ရှင်ထဲက
မြင်ရတဲ့ငွေ၊ စိတ်ထွေထွေနဲ့
မကျေမနပ် ကြံမိတာပါ ။

မပြီးသေးဖူး
ရူးဟန်မူးဟန် ၊ ပြုံးဟန်မုန်းဟန်
ချစ်ဟန် ညစ်ဟန် ၊ သဏ္ဍာန်တုများ
ဈာန်ဝင်စားလျက်
ပိတ်ကားပေါ်မှာ လှုပ်ရှားနေဆဲ ။


အောင်ချိမ့်

Labels:

အစာသွပ်မုန့်


အစာသွပ်မုန့်လို
ထူထူထဲထဲ အိမ်ထဲမှာ သူတို့ ဇနီးမောင်နှံရှိကြတယ်
အစာသွပ်မုန့်လို
သူတို့နှစ်ယောက်ရဲ့ ဦးခေါင်းထဲမှာ
အတွေးကိုယ်စီရှိကြတယ်
အစာသွပ်မုန့်လို
သူတို့အတွေးထဲမှာ လျှို့ဝှက်ချက်တစ်ခုစီနဲ့ပေါ့
သူတို့ ဘယ်တော့မှ
အစာသွပ်မုန့်ကို မစားကြဘူး ။

နေမျိုး

Labels:

11 November, 2015

မဟာဒေဝီ သို့ 


မဟာဒေဝီ တဲ့
ဥရောပရဲ့အဆင်တန်ဆာတွေကိုချွတ်ခွါချလို့
ရှမ်းတောင်တန်းတွေပေါ်
အချစ်စိတ်တစ်ခုထဲနဲ့ရောက်လာခဲ့သူ

ကော်လိုရာဒိုထက်
လက်ဖက်ခူးရင်း
နတ်ကိုးကွယ်ရင်း
ဘီလူးရုပ်တုကို
အမဲသားဆက်ကြတဲ့
ရှမ်းပြည်သူကို ချစ်မက်ခဲ့သူ

လင်ဖြစ်သူရဲ့ မျက်နှာပေါ်မှ
တောင်တန်းများကိုငေးမောရင်း
ကျားဆိုးထက်
မင်းဆိုးမင်းညစ်ဒဏ်ကို
ခံခဲ့ရရှာသူ

ကမ္ဘာမြေရဲ့
စိမ်းညှို့တဲ့တောင်တန်းများပေါ်က
ပဒေသရာဇ်အိပ်မက်ကို
ဒီမိုကရေစီသားမွှေးယပ်တောင်နဲ့လှုပ်နှိုးလိုသူ

လောင်းကစားပွဲနဲ့
အကျင့်ပျက်ချစားမှုများကို
စပါးကြီးမြွေထက်ပို၍ကြောက်ရွံ့သူ

ဒဏ်ရာကို
ဆားနဲ့ထပ်ပက်လည်း
ထူးပြီးမစပ်တော့တဲ့ တိုင်းရင်းသားပြည်သူများနဲ့
အနောက်ဖက်ကိုကျောပေးပြီး
အရှေ့ရပ်ကို မျှော်ငေးသူ

အာဏာရှင်ရဲ့
ကော်ဇောနီလမ်းမကို ငြင်းပယ်ခဲ့လို့ 
အလောင်းဖျောက်ခံရသူ လင်တော်မောင်ကို
မီးတောက်အောင်ရှာခဲ့ရသူ

"လေဆိပ်မှာ ပါပါကကြိုနေမှာလား" ဆိုတဲ့
သမီးလေး ၂ ယောက်
လက်ကိုဆွဲလို့
ဘီလူးသဘက်တိုင်းပြည်က ထွက်ပြေးခဲ့ရသူ

ဒီကမ္ဘာမှာ
ဒီတောဒီတောင် ဒီရေဒီမြေနဲ့
မထိုက်တန်တဲ့ ပန်းကောင်းတစ်ပွင့်
စစ်ဖိနပ်အောက်မှာ
အညွန့်ကျိုးခဲ့ရပေါ့

ဒီကမ္ဘာမှာ
မုဆိုးမ ပြီး
နောက်ထပ် မုဆိုးမ
နောက်ထပ် မုဆိုးမများ
ပဋာစာရီဇာတ်
ဘယ်မိန်းမကိုမှ ထပ်မကစေချင်လိုတော့ပါ

အို...
မဟာဒေဝီ ငဲ့
သင့်လို မုဆိုးမများ အကြောင်း
သင်နဲ့ဘဝတူ
မုဆိုးမများအကြောင်း
ဒီတောင်တန်းတွေပေါ်က
ကျနေဆဲ နှင်းများကတောင်
မေးခွန်းထုတ်နေကြရော့မယ်

ဒီတိုင်းပြည်မှာ
၂၀ ရာစုကတည်းက
ပျောက်ဆုံးနေဆဲ
အလောင်းတစ်လောင်းအကြောင်း
ခုချိန်ထိ
နှောင်းလူတွေ
မေးခွန်းထုတ်နေကြရော့မယ်
သွေးစက်လက်နဲ့အဖြေများအကြောင်း။

ကြည်ဇော်အေး

Labels:

အမေရဲ့အကြောင်း


အမေ့ရဲ့အိမ်ကလေးသတင်းကြားတော့
သန်း ၆၀ သော ပြည်သူ
တစ်ယောက်တစ်ရာစုပြီး
ပြန်ယူပေးကြမလို့တဲ့၊

အမေ့ရဲ့အသက်အတွက်တော့
မပူလေနဲ့
တစ်ယောက်တစ်ရက်စုပြီး
ပေးကြတော့မလို့၊

အမေ့ရဲ့အကြောင်းကတော့
ကျွန်တော်တို့ရဲ့ ကျောင်းပဲ။


ဝင်းမြင့်

Labels: