19 February, 2018

မြင်​ကွင်းများ


(၁)
ဒီဇာတ်လမ်းကို ဒရမ်မာချိုးလိုက်ရင်
မျက်​ရည်​လည်းကျိုးကျသွားမှာပဲ။
(၂)
ရင်အုပ်မကွာတော့ စောင့်ရှောက်ပါရဲ့
တစ်ဖက်လူ ... ခင်​ဗျား အသက်ရှုကြပ်စေသလား
လူဆိုတာ သေတတ်တယ်။
(၃)
ရွှေချည်ထိုး ချုပ်​ရိုးတွေ နဲ့ ၀င်ချည်ထွက်ချည်ပြုခဲ့ကြ
ဒဏ်ရာတွေ ကို ကြည့်ပျော်ရှုပျော်ဖြစ်စေခဲ့
ဖြစ်လည်းဖြစ်စေချင်ပါတယ်။
(၄)
ဆောင်းဝင်မှန်းသိပေမဲ့
ခြုံ​စောင်​​တွေချဉ်ခြင်းတပ်​နေတုန်း
အအေးဓာတ် ကိုယ်​​ပေါ်ပြိုဟီး
ငိုညည်းစလက်တွေ တစက်​စက်​ယို
အိုကွယ်​ ...။
(၅)
ငါ့ နာမည်​ဘယ်​သူဖြစ်​ဖြစ်
အဝေး​ရောက်​ငှက်​​တွေ​သေပါ​စေ
ရင်းနေတဲ့ ဒဏ်ရာရှင်​ပါ​စေ။
(၆)
လသာဆောင် အိပ်​မက်​ဆိုးတို့
သန့်​ရှင်းဖို့ ငါလိုတယ်​ (နှင်းစက်အချို့တွဲလဲ ခို)
ငါ့ရွက်​ဖျင်​တဲထဲ ငါ့လူငယ်​ဘဝ
အိုမင်းခဲ့ပါ​ရောလား။
(၇)


။ ။
|​ကောက်​​ကွေ့

Labels:

တစ်​သက်​တစ်​ကျွန်း


ပစ်​ချလိုက်
မိမိကိုယ်​ကို
ပြန်​​ကောက်​ယူလိုက်
မိမိကိုယ်​ကို
အ​ငွေ့ပျံလိုက်
မိမိကိုယ်​ကို
အံ့သြဘနန်း​​(​တွေ)ချို့ တဲ့လိုက်
မိမိကိုယ်​ကို
ငြီး​ငွေ့ထွက်​ခွာသွား
... ....။ ။



ကောက်​​ကွေ့

Labels:

လွတ်လမ်း


JANUARY 9, 2016 PUBLIC
(၁)
အခန်းထဲမှာ ပန်ကာမပိတ်ခဲ့ရဘူး။ သီချင်းတွေလည်း အကျယ်ကြီးဖွင့်ခဲ့တယ်။ ခြေသံတွေလုံခဲ့ပြန်ရော။ ထသွားထလာလျှောက်ထွက်လာလိုက်ရုံ။ လေကြောင်းသင့်ရာမှာ ခေါင်းလောင်းသေးသေးလေးတွေ စက်ဝိုင်းပတ် လည်ရစ်ခဲ့မှာပေါ့။ မလျှော်ရသေးတဲ့ အ၀တ်တွေရောပဲ။ အချဉ်ဖောက်ထားတဲ့ အနွေးထည်ထဲနှိုက်ထားတဲ့ လက်တွေပဲအတူပါလာတယ်။ ဘာလို့အိပ်ချိန်တွေရှိနေပြီး ရောက်လာရတာလဲ။ အညောင်းပြေတယ်ပဲရှိတယ်။ အညာပြေတယ်မရှိဘူး။ လေကိုနွှင်ရင်းထွက်လာဖြစ်ခဲ့ပြီပဲ။
(၂)
လမ်းလျှောက်ထွက်လာတဲ့ တစ်ဖက်အိမ်က လင်မယားကိုနှုတ်ဆက်ဖို့ ပါးစပ်ဖျားတင် ပထမဆုံးတစ်ကြောင်းကို နောက်ဆုံးစာပိုဒ်အဖြစ်စာစီတယ်။ “နှင်းတွေအရမ်းကျတာပဲ”။ တစ်ဖက်က ပြန်နှုတ်ဆက်သံမကြားရခင် မြင်ယောင်မိသမျှတော့ သူတို့ခေါင်းတွေအငွေ့တထောင်းထောင်း ပြတ်ကျကျန်ခဲ့မှာ။ စကားစမြည်ပြောနေဖို့ အချိန်ကောင်းမဟုတ်ဘူး။ ဓာတ်မီးတိုင်တွေရဲ့ စွမ်းအင်အရင်းအမြစ်က ဟောဟိုနောက်က ခဲဖျော့ဖျော့ တလိပ်လိပ်တိမ်တွေလား။ ဘ၀ရဲ့ အနှစ်ချုပ်က လမ်းလျှောက်ခြင်းလားပဲ။ သစ်ပင်တိုင်းမြင်လိုက်ရရင် သစ်ရွက်တွေမကြွေချင့် ကြွေချင်။ မြူတွေက ခေတ်ကာလကို ပိတ်ဆို့ထားတဲ့ လက်သည်တရားခံလား။
(၃)
အိမ်သာတစ်ခုအမြန်ရှာရမယ်။ တွေ့ကရာစတိုးဆိုင်ထဲ ၀င်လို့မဖြစ်ဘူး။ လက်မထောင်ရင်း လျှောက်လာတော့မှ အလင်းရောင်မှာ တောက်လက်နေတဲ့ လက်သည်းတွေညှပ်ဖို့။ သတိထားမိတယ်။ သတိရတာက သတိရတာပဲ။ အခုလောလောဆယ်တော့ ရောက်နေကျလမ်းပဲ။ ည က အိပ်ရာဝင်နောက်ကျတယ်။ မိုင်တိုင်ဆယ်ခုသာသာ ကျန်ရစ်ခဲ့ရောပေါ့။ မနက်လင်းပြီဆိုတာ မသိသာဘဲ မနေဘူး။ ကျောက်မီးသွေးရထားတွေက ရေနွေးငွေ့ဝမ်းဗိုက်သားတွေနဲ့ သံလမ်းကို အထိုက်အလျောက်ဖြတ်ခဲ့မယ်။ သားသတ်ရုံဆီ တွားသွားနေတဲ့ အတိတ်ကာလပြပုဒ်ပဲ။ လာရာလမ်းကို ပြန်ငဲ့ကြည့်တော့ အခန်းထဲမှာ ပန်ကာ ပိတ်ခဲ့လား ၊ မပိတ်ခဲ့လား။
(၄)
ကိုယ်ကအေးရင်ပျော်တယ်။ လတ်တလော ငြီးငွေ့ နေမိတာ အမှန်ပဲ။ အကျွတ်တရားလို့မဆိုလို။
(၅)
တံခါးလည်း ပြန်မစေ့ခဲ့မိ။ အေးရော။ စီးလာတဲ့ဖိနပ်က ခြေချောင်းအပေါက်တွေ ချောင်းချောင်းကြည့်တာ မြင်နေရတယ်။ အသက်ရှူလိုက်တိုင်း လေထက်သိပ်သည်းတဲ့ ချွေးနံ့ဝင်ဝင်လာတယ်။ မနက်စာ စားသင့်နေပြီ။ အိတ်ထဲမှာ စိတ်ပဲပါတယ်။ စိတ်တိုင်းကျတစ်နေရာရာ ရောက်သွားမှဖြစ်မယ်။ အကြွေစေ့တွေကရော ကူညီရာရောက်ပါ့မလား။ ဖျက်သိမ်းထားတဲ့ ငွေစက္ကူတွေ အလိုအလျောက် စုဆောင်းနေမိတာ အကျင့်ကြီးကိုပါလို့။ ရှဥ့်မိသားစုလမ်းပေါ်တက်ဆော့နေကြတယ်။ ကားအသွားအလာ ကျဲပါးစပြုလာပြီ။ အော်ဟစ်နောက်ပြောင်နေတဲ့ ကွင်းပြင်စိမ်းစိမ်းထဲက စာခြောက်ရုပ်တွေလား၊ ဒေသခံတွေလား။ ဘာမှကို ကြိုပြင်ဆင်ထားတာမျိုးမရှိဘူး။ ည၀တ်အင်္ကျီတောင် မဖြစ်မနေလဲခဲ့တာမလား။ ထမင်းစားစားပွဲမှာ အရင်းအတိုင်း ပန်းကန်ပြားတွေ။
(၆)
ဖိနပ်သံပြန်မကြားရတော့ဘူး။ ဆံပင်တွေအရှည်မြန်လာတယ်။ မကောင်းတတ်လို့ ထားရစ်ခဲ့တဲ့ စိတ်ပူနေမှာစိုးလိုတဲ့ စာတစ်စောင်ရယ်။ “အထူးတလည်တော့ မဟုတ်ပါဘူး ၊ ကိုယ်ထွက်သွားတော့မယ်”။ ပန်ကာမပိတ်ခဲ့တာ သေချာလား။ မီးဖိုချောင်ရဲ့ ခေါင်းတိုင်တစ်ခုမှာ ညှော်နံ့တချို့ အရည်ပျော်ကျနေတယ်။ ဓာတ်ကြိုးတန်းရဲ့ မလှမ်းမကမ်းတိုင်းမှာ အမျိုးအမည်မသိငှက်တွေနားနေသလိုပဲ။ မျက်လုံးတွေဆူလာတယ်။ အဲဒီငှက်တွေကို မြင်းကျားတွေလို့ အရောင်နဲ့နာမည်ပေးမယ်။ လမ်းဆုံလမ်းခွက ပန်ကာပြန်ပိတ်ဖို့ သင့်မသင့်တွေးမိစေသလား။ ဟုတ်တိပတ်တိ အနွေးဓာတ်ရလာတော့ ဖိနပ်တွေကို ကန်ထုတ်လိုက်ပြီ။ ခြေအိတ်တွေ အနံ့မထွက်တဲ့ရာသီ။ လမ်းရဲ့ အဆက်အဆံက ပုံပြောင်းသွားတယ်။ ဒါပေမဲ့ ဘယ်တော့ဆုံးမလဲ။ ရပ်ဖြစ်မှ သိမယ်။
(၇)
ဒီဘက်ကတောင်တန်းတွေဟာ မြေပုံမှာ ဘယ်လိုမို့မောက်မလဲ။ ဖိနပ်ချွတ်မီးလုံးပျက်နေတာရယ်။ အသေးစား အပြောင်းအလဲတစ်ခုရယ်။ နေ့တွေထပ်နေတယ်။ နေ၀င်ပြီး မိုးချုပ်။ မီးလည်းမငြိမ်းတဲ့ အနမ်းတွေ။ စ ခြေချမိခါစတော့ သက်တောင့်သက်သာပဲ။ စီးနေကျဘတ်စ်က ဒီဘက်ကဖြတ်မယ်။ မထင်ဘူး။ ရောက်ရာ ဓာတ်တိုင်က စောင့်ဖို့ အဓိပ္ပာယ်တစ်ခုလိုတယ်။ အမောဖြေမယ်။ အနားယူမယ်။ ဘာကိုမှ စောင့်နေတာမျိုးမဟုတ်ဘဲ အသက်ရှူနှုန်းကို ညှိယူမယ်။ ဒီလောက်ပဲ။ လူပျောက်ကြော်ငြာမထည့်ဖို့။ မှာဖို့ မေ့ခဲ့တယ်။ ပူဆွေးသောကကို နာရီအပိုင်းအခြားနဲ့ သတိပေးနေသလိုမျိုးပါပဲ။ အနားရသွားတဲ့ လစဉ်ထုတ်မဂ္ဂဇင်းကို အိမ်တိုင်ရာရောက် ပေါက်ချလာမှာကို စောင့်နေမိတာမျိုး။ လမ်းဆုံတွေ ပိုပိုများလာပြီး လာရာလမ်းကို အကြောင်းမဲ့ မှတ်မိနေသေးတာ။ မျက်မှန်းတန်းမိဖို့ မိုင်တွေအများကြီးလည်း မလိုလှဘူး။ အမှတ်သညာတည့်တည့် ရပ်နေမိတယ်။ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ နာမည်လို့ ထင်ရတဲ့ အသံထွက်တစ်ခုကို အော်ဟစ်ပြီး မြေတွင်းထဲ ခုန်ဆင်းဖို့ကြိုးစားနေတဲ့ သက်ရှိထင်ရှားလူတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေတဲ့ လူတစ်စုရဲ့ ကောက်ရိုးကြွက်ကိုက် ဈာပန။
(၈)
လက်မကတော့ အခုအချိန်ထောင်ထားတုန်းပဲ။ တစ်စီးတစ်လေတော့ လမ်းကြုံကောင်းပါရဲ့။ နေ၀င်သွားခဲ့တာ ပန်ကာမပိတ်ခဲ့လို့လား။ မဟုတ်ရင် လမ်းဘေးတစ်နေရာမှာ ခြေပစ်လက်ပစ် အိပ်ရာဝင်လိုက်မိတော့မယ်။ မြေကြီးနဲ့ကျောချင်းကပ်ထားလိုက်တယ်။ ပြီးတော့ ကောင်းကင်က အကန့်အသတ်ရှိတယ်။ “လိုက်မှာလား”။
(၉)
ဘယ်ဘက်ကိုသွားမှန်း မသိရတဲ့ ကားတစ်စီးဆီက တံခါးပိတ်ပြီးတာနဲ့ လမ်းက တမျှော်တခေါ် တိတ်ဆိတ်သွားတော့မယ်။ရှဥ့်တွေအိမ်ပြန်ကြတယ်။ နေလုံးကြီးရောပဲ။ လရောင်က မီးမထွန်းထားတဲ့အိမ်ကို တံခါးတိုးတိုးခေါက်ပါ။ လမ်းရဲ့အဆုံးမှာရှိနေတဲ့ ဓာတ်တိုင်က ပထမဆုံးသက်ဦးမဟုတ်ဘူး။ လမ်းကဘယ်ကို ဘယ်လို လမ်းကြုံလိုက်မလဲပေါ့။ ရောက်ရာပေါက်ရာလေတွေ အတိုက်ကြမ်းတဲ့နေ့က …
“ထွက်ခွာတယ်ဆိုတာ လူတွေရဲ့အလုပ်တွေထဲကတစ်ခုပဲ
ယောက်ျားမိန်းမအလုပ်မဟုတ်ဘူး”
အရှေ့အနောက်ချွန်မြနေတဲ့ သံပြားဆိုင်းဘုတ်ရဲ့
ကြက်ခြေခတ်ပုံစံနဲ့
“လမ်းဆုံမှာ လမ်းမဆုံးပါ
ထို့အတူ လမ်းဆုံးမှာ လမ်းမဆုံပါ”
တောင်မြောက်ကပ်ထားတဲ့ နံရံကပ် မော်တယ်ကြော်ငြာ။
အိမ်ပြန်ရောက်ပါပြီလား။ ။

-ကောက်ကွေ့

Labels:

Fairy Tale (5)


လမ်းမှာ ဘာသံပဲ ကြားကြား
နောက်​ပြန်​လှည့်​မကြည့်​ဖို့
အသံက မှာလိုက်​တယ်
သိချင်​စိတ်​နဲ့ အ​ကြောက်​တရားကပဲ
ကျန်​တဲ့ တစ်​လမ်းလုံးကို ဖန်​တီးသွား​တော့မှာ
တကယ်​ ဆိုတာ​တွေ တကယ်​ရှိခဲ့တယ်
မီးပုံးနီနီ​တွေ ​​အောက်​ ​ရောက်​တိုင်း
အနာဂတ်​​ဟောကိန်း​တွေအ​ပေါ်
ယုံကြည်​စိတ်ကို ပြန်​ရခဲ့တယ်
အနည်းဆုံး​တော့
အဓိပ္ပာယ်​ တစ်​ခုခုကို ပြုလုပ်​ဖို့
ကိုယ်​တို့​တွေ မွေးဖွားလာခဲ့တယ်​ ဆိုတာမျိုး
တံတား​ပေါ်မှာ ​ကျော​ပေးထားတဲ့
တစ်​​ယောက်​​ယောက်
တစ်​ခုခု ဖြစ်​လာမှာကို
အမြဲ​စောင့်​​နေခဲ့ရတဲ့ ပုံစံနဲ့ ။ ။

  ဏေသစ်

Labels:

မင်းနဲ့ငါအား အသားကြိတ်​စက်


မင်းဘယ်​မှာလဲ
ငါသိသွားတဲ့အခါကျ
ငါ ဘယ်​မှာလဲ ငါ သိသွားမှာပဲ
တည်​​နေရာအ​နေအထား ​ထောက်​မပြလိုက်​ရတဲ့ အမှားမို့
ခါးသည်​ ချိုသည်​မရှိ သီချင်းက သီချင်းပဲ
အရင်းအနှီးအနည်းအများ
တစ်​သက်​လုံးလုံး ဆိတ်​ငြိမ်​​​နေပြီး
အခု​မှ မျက်ရည်​ပွက်​ပွက်​အန်​ပြီ။
ဘယ်​​လောက်​ ခက်​ထန်​လိုက်​သလဲ
ဖမ်းမမိတဲ့အသံ​ကြောင့်​ ​ရေဒီယိုကို ငါတို့ အပြစ်​တင်​လို့မရ
မဆိုက်​​ရောက်​​သေးတဲ့ ကတ္တားကို အနာဂတ်​ပါလို့
အယုံသွင်းပြစားခဲ့ဖူးကြ 
စောက်​ရမ်း​တကြီးအော်​ဟစ်​ခဲ့ဖူးကြ
နှုတ်​ခမ်းတွေမပါဘဲ ​နမ်း။
(က)
နေ​ရောင်​လိ​မ္မော်​ဟာ သိပ်​ကို ​အော်​ဟစ်​​နေတဲ့
ချွေးသီး​ချွေး​ပေါက်​​တွေမလား
ရေတစ်​​ပေါက်​​လောက်​ ​သောက်​ခဲ့ရရင်
မင်းအတွက်​ ... ယဉ်​ယဉ်​​လေး
လည်​​ချောင်းထဲ ထားရစ်​ခဲ့မယ်
သံသရာတနံတလျား​ ၀တ်​ဆင်
ဆက်​ပြီးမတစ်​ဆို့ပါရ​စေနဲ့​​။
(ခ)
အပိုင်းပိုင်း အပြတ်​လိုက်​ သွေးခဲစ​တွေ
အဆုတ်​ပြင်​ပ ထွက်​ခွာရာပြဘဝ
မင်းကအခု​တော့ ငါ့ကို ရင်​ခွဲရုံလိုကြည့်​ပြီ
လက်​​ဗွေရာ တိုက်​စစ်​ပြီးပလား
လက်​အိတ်​ချွတ်​ပြီးပလား
ပစ်​ချပြီးပလား။
(ဂ)
အသားစားဦီး​နှောက်​က
အသီးအနှံအပြည့်​ခန္ဓာကိုယ်​ကို ငြင်းဆန်​မှာပဲ
အဲဒါ အလိမ်​အညာမဟုတ်​ဘူး
ထိမ်​ချန်​တာလည်းမဟုတ်​ဘူး
မအိုမင်းတဲ့ ဟာသတစ်​ခုရှိတယ်
"ကျွန်​​မ​လေ ... ရှင့်​ကို မနမ်း​တော့ဘူး"
တစ်​​ယောက်​နဲ့ အများ နှုတ်​ခမ်းနီဖိုးက
ရယ်​သံ​တွေ ကုန်​ခါနီး​ပေါ့
မမြင်​ကွယ်​ရာမရှိပါဘူးကွာ
လိပ်​ပြာ​တွေကို လွှတ်​​ပေးလိုက်​။
(ဃ)
မင်းတို့​ပြော​ပြော​နေတဲ့ 
မျှော်​လင့်​ချက်​က ​နေ၀င်​မိုးချုပ်​တတ်​သလား
ပြတ်​ပြတ်​သားသား သိချင်​တာတစ်​ခုပဲ
"ခဏ​နေ ​တို့များ ခွဲခွာသွားကြရင်
သေကြမလား ​နေကြမလား"
ပြန်​သာပြန်​လာခဲ့ကွယ်​ တို့အတူ ဆုံးဖြတ်​ကြမယ်
စောင်းကြိုး​ပေါ် ပြန့်​ကျဲ ​နောက်​ဆံမတင်း​ကြကြေး​ပေါ့
အဖြူအမည်းသဲကွဲ​ရုံ​လောက်​ပဲ။
(င)
ပါးလျ​နေတဲ့ သား​ရေဖိနပ်​တစ်​ရံက
သူ့ကိုယ်​သူ သံစူးလို့စူးမှန်း မသိ​တော့
"​ခေါင်း​တွေခါလက်​​​တွေ​လျှော့လိုက်​လို့"
သတ်​ပစ်​လိုက်​တယ်
ဘယ်​ကိုယိမ်းမယ်​မှန်းမသိတဲ့ ​ခေါက်​ထီးတစ်​လက်
ဆွဲလှန်​​မှောက်​ပစ်​ခဲ့တယ်
သား​ကောင်​ဆီ အုံ့မှိုင်းလာတဲ့
အကြည့်​တစ်​သိုက်​နဲ့
ဆဲဆို​နေရတာနဲ့
စစ်​ပွဲက စက္ကန့်​ပိုင်းအတွင်း ကျည်​ကုန်​သက်​သာသွားတယ်​။
(စ)
မိုး​လေ၀သနဲ့ လက်​ကျန်​အ​ခြေအ​နေ​တွေ​တော့
ရေသန့်​ဗူးအခွံလို ​ရိရွဲ​နေတဲ့ ကတ္တရာထဲနစ်​၀င်
ငါ့ ကို တက်​ကြိတ်​သွားပြီ
ခံနိုင်​ရည်​လည်း ပုံပျက်​သွားပြီ
ဒီ​တော့ ဘယ်​ဘာသာစကားနဲ့ ငို​ကြွေးလိုက်​ရမလဲ
မတတ်​နိုင်​တဲ့အဆုံး
မျက်​ရည်​အိတ်​က ထုံးစံအတိုင်း ကျကွဲသွားမှာပဲ။
(ဆ)
ကောင်းသည်​ဆိုးသည်​ ချိုမြသည်​ခါးသက်​သည်​မရှိ
"မင်းလုပ်​ခဲ့တာပဲ ငါ လက်​ခံတယ်​ဆိုတာ
မင်းမလုပ်​ခဲ့တာကို ငါ လက်​မခံဘူးဆိုတာပဲ"
ဘယ်​ဘုရားမှ လွှဲမချနဲ့
အူသံ​တွေ ပျံဝဲ ငှက်​ဆိုးထိုးသံ​တချို့
ကြေမွသွား​တောင်
ဘာအ​ကြောင်း​ကြောင့်​များ စိတ်​ကို
ငါ့ခမျာ ငါ့ ... ခန္ဓာ
မှိတ်​မပစ်​နိုင်​ရ​သေးလဲ
မင်း အ​ကောင်​က ​လေထဲ မီးညှိပြီး
စိတ်​မ​ကောင်းဖြစ်​​နေတာ
တကယ့်​တကယ်​ပါ!
ငါဆို ဆွဲမထူဘူး။
(ဇ)
အကြမ်းပန်းကန်​ထဲ ​ယင်​တစ်​​ကောင်​လို
မင်းကို တစ်​ချက်​ချင်း ပျော်​၀င်​​စေချင်​ပြီ
ရိုင်းစိုင်းတဲ့ အသုံးအနှုန်း​တွေနဲ့ပဲ ယဉ်​​ကျေးမှုကို
ငါတို့ ရှာ​ဖွေခဲ့ကြ ၊ ​တွေ့ရှိခဲ့ကြ
တစ်​ညတာအသုံးစရိတ်​အတု မှတ်​ပုံတင်​အတု
ညည်းညူသံအတု ကတိအတု မင်းအတု ငါအတု
မှတ်​မှတ်​ရရ အဲဒီညက ​နေ​တစ်​စင်းမှထွက်​မလာဘူး။
(စ်)
သစ်​​တော​တွေရှိခဲ့သလို အတိတ်​နဲ့စိုရွှဲပြီးစ
မင်းရှိက်​သံရှည်​တွေက ငါ့ အသက်​ပါ အသက်​ရယ်
သတိရလို့ တောက်​ခတ်​ရင်​​တောင်​ သတီစရာ​ပေါ့
ကျီးကန်းအတန်းလိုက်​ မည်းနက်
ဓာတ်​ကြိုးတန်းဆီက
မင်းနဲ့မှားလို့ နှုတ်​ဆက်​ပွင့်​အာလာ​မလား
အဆိပ်​​တောက်​​နေတဲ့ ဘ၀ကိုခွဲယူ
နောက်​ပြီး အစီအစဉ်​ကျ​ဆေး​ပေးပါ။
(ည)
ငါတို့ လဲဝတ်​မိတဲ့ အမှန်​က အမှား
နောက်​ဆုံးစီးကရက်
အ​ငွေ့မထွက်​နိုင်​​တော့
တိမ်​ထူတဲ့တစ်​​နေ့တိုင်းစီမှာ
အက်​​ကြောင်းထပ်​ ပုံပြင်​တစ်​ပုဒ်​​ပြောဖို့ မ​ပြောဖို့
" ဒဏ်​ရာတစ်​ခု ရရလာတိုင်း
ငါ ငါ ငါ လို့ နာမည်​တပ်​ထားလိုက်​​တာရယ်​"။
(ဋ)
ငါ့အ​ရေပြားငါ ရွံရှာလို့
မင်းကိုယ်​ထဲ ​၀င်​​ပြေးလာခဲ့တာ
မင်းအ​ဆောင်​အ​ယောင်​ထဲ မင်းကိုယ်​ထဲ
အတွင်းလူနာ နံပါတ်​က သက်​တမ်း-၂၅
ကုသမလား ယုယမလားလို့ ရုန်းကန်​စရာရှိလာတယ်
ရွက်​ဝါ​တွေ​ကြွေသွားတယ်​ 
နောက်​ဆုံးစီရင်​ချက်​က
"မချစ်​ခင်​တတ်​သူ​တွေ​ကြောင့်​ ခဏ​နေ ငါ ​သေဆုံးသွားပါတယ်​"တဲ့။
(ဌ)
ငါ နုတ်​ပြုထားတဲ့ လက်​သည်းခွံက
တကယ့်​ဇာတ်​သိမ်း​ပေါ့
လက်​​ချောင်း​ထိပ်​​တွေ ​တ​ဖြေး​ဖြေး​ဝေးသွားကြပြီးမှ
သတိ​ပေးချက်​ မီးထိုး​မောင်းဝင်​လာမယ်
ပြီး​တော့ "ဘယ်​ဘုရားမှလွှဲမချနဲ့။ ။
-​ကောက်​​ကွေ့

Labels:

18 February, 2018

ပင်လယ်ရေဒီယို

ကျွန်တော်ကမ်းခြေမှာထိုင်နေတုန်း ရေထဲကနေ
ရေဒီယိုတစ်လုံးထွက်ပေါ်လာတယ်
သူ့စပီကာအပေါက်တွေကနေ ကျွန်တော့်မျက်နှာဆီ
သဲတွေ တရှူးရှုးမှုတ်ထုတ်တယ်
မျက်လုံးထဲဝင်မှာစိုးလို့ ကျွန်တော်လက်နဲ့ကာလိုက်တယ်
လက်ကိုပြန်ချလိုက်တော့ ဘေးနားမှာ
ကိုလံဘတ်ရောက်နေပါတယ်
သူက သံပခြုပ်သောက်ရင်း မိန်းမမယူဖို့ပြောတယ်
ပြီးတော့ ရေနဂါးအခြောက်တွေထည့်လိပ်ထားတဲ့ ဆေးပေါ့လိပ်ကို ဖွာတယ်
မီးခိုးမှုတ်ထုတ်လိုက်တော့ မုန်တိုင်းအသေးစားဖြစ်သွားတယ်
သူက သူ့ခရီးစဉ်အကြောင်း စားမြုံပြန်တယ်
ရွှေတွေမရခဲ့ကြောင်း ၊ ကျွန်တွေပဲ ရခဲ့ကြောင်း
သူ့သင်္ဘောသားတွေ ငါးလိပ်ကျောက်တွေနဲ့ လက်ထပ်သွားကြောင်းပြောတယ်
အဲ့ဒီအချိန် ပင်လယ်ထဲက မုဒ်ဦးတစ်ခုပေါ်လာသေးတယ်
မုဒ်ဦးအစွန်းမှာ ပါးဟက်ပါတဲ့ နတ်သမီးအတိုအထွာတွေ အများကြီးကပ်ပါလာသေးတယ်
ချွဲကျိနေတဲ့နတ်သမီးတွေကို မြင်ရတာ ရွံစရာကောင်းတယ်
ကျွန်တော်တံတွေးထွေးလိုက်တော့ မုဒ်ဦးဟာ ရေအောက်ထဲ ပြန်ဝင်သွားတယ်
ကိုလံဘတ်က တစ်ခုခုပြောဖို့ပြင်တဲ့အချိန် ကျွန်တော်က ဖြတ်ပြောလိုက်တယ်
အစကတည်းက စကားကို ရှင်းရှင်းပြောထားချင်တဲ့သဘောပါ
“ ကျွန်တော်ခင်ဗျားထက် ဗာစကိုဒဂါးမားကို ကြိုက်တာ ”
ဝိညာဉ်သဘောင်္တွေကြောင့်လားတဲ့ သူက အဲ့ဒီလိုတော့ပြန်ပြောတယ်
ရေမြှုပ်တွေများစွာ ရေပြင်ပေါ်လာကြတယ်
ရေမြှုပ်တွေပေါက်ကွဲသွားတော့ ကျယ်လောင်တဲ့ ဗုံသံထွက်ပေါ်တယ်
ဗုံသံတွေ ငြိမ်သွားတော့ ကိုလံဘတ်က နီနာနဲ့ ပင်တာ လို့ အမှတ်တမဲ့ရေရွတ်တယ်
ပြီးတော့ သူ့မျက်လုံးနှစ်ဘက်က ဒေသထွက်ကုန်တွေ စီးဆင်းလာတယ်
ငါငိုသွားလား လို့ ကျွန်တော့်ကို သူမေးတယ်
ကျွန်တော်က ‘မငိုပါဘူး’ လို့ဖြေလိုက်တယ်
နီနာနဲ့ပင်တာဆိုတာ သူ့မိန်းမနှစ်ယောက်ရဲ့အမည်မဟုတ်ပါဘူး
သူရဲ့ သီးခြားအသုံးဝင်မှုကိုယ်စီရှိတဲ့ သင်္ဘောနှစ်စီးရဲ့ အမည်ပါ
ဒါပေမယ့် အဲ့ဒီသဘောင်္တွေကလည်း ညယံကမ်းကပ်ချိန်ဆို
မိန်းမတွေဖြစ်ပြီး ကုန်းပေါ်တက်လာတယ် ကိုလံဘတ်နဲ့ကုတင်ပေါ်တက်အိပ်တယ်
သံလိုက်အိမ်မြှောင် ဆယ့်ငါးလုံးလောက်တောင်မွေးသေးတယ်လို့ ကျွန်တော်ထင်တယ်
သူ ပင်လယ်ကို ခံစားမှုပါပါငေးကြည့်ရင်း မျက်ခမ်းတွေ လှုပ်နေတယ်
အဲ့ဒီအချိန် ရေအောက်ထဲက ခုနမုဒ်ဦးထွက်လာပြန်တယ်
မုဒ်ဦးအမိုးမှာ ပြွတ်သိပ်နေတဲ့ နတ်သမီးတွေကို ကိုလံဘတ်က
လက်ခလယ်ထောင်ပြပြီး အီတလီလိုလည်း အသံထွက်ဆဲလိုက်တယ်
ပြီးတော့ ကျွန်တော့်ကိုမေးတယ် ‘ ငါရိုင်းသွားလား’ တဲ့
ကျွန်တော်ခေါင်းခါပြီး ‘ သာမာန်ပါပဲ ’ လို့ ဖြေလိုက်တယ်
ကိုလံဘတ်ဟာ ပြန်တော့မယ်ဆိုပြီး မုဒ်ဦးဆီ လျှောက်သွားတယ်
မုဒ်ဦးနဲ့အတူ ရေအောက်ထဲ မြုပ်ပြီးပျောက်သွားတယ်
နေဟာ ပင်လယ်ထဲ တရှဲရှဲဝင်နေတယ်
နေလုံးနဲ့ထိပြီး စင်ရော်တွေ လင်းနို့ဖြစ်သွားသေးတယ်
ရေအောက်ထဲကလည်း ရေဒီယိုက ထွက်လာပြီး
အိမ်ပြန်မယ်လေလို့ မိန်းမအသံနဲ့ ပြောတယ်
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ် ။

- သူဝေး -

Labels:

မိန်ကောင်စုပ်တဲ့ည


ငါဟာ
အရေပါးပါးကျက်ထားတဲ့ရင်အုံကိုဖွင့်ပြီး
ငှက်ခတ်သမားတို့ရဲ့ သစ်ရွက်စုပ်သံကို
ရမ္မက်ခြေရာခံခဲ့တဲ့
ငှက်တကောင်ပါ ။

နှလုံးသားတည့်တည့်ကြွေကျတဲ့သစ်သီးမှ
စားမယ် ... လို့
အထီးတည်းဝါးလုံးတိုင်တခုရဲ့ထိပ်ဝမှာ
မီးဝင်တဲ့တောကောင် မှင်တက်မိပုံမျိုး
အတ္တတောင်ပံခတ်သံမှာ
နာခံဝင်စားခဲ့သူ
ငှက်တကောင်ပါ ... ။

တကယ်ဆို ...
ငါဟာ
မြားပြေးလမ်းပြောင်းဝ ရင်ပေးနားခဲ့မိသူ
မိန်ငှက်တကောင်ပါ ...
လရောင်နဲ့စက်လက်
ညရဲ့စွဲချက်တိုင်းကို
အင်းလက်မကွာ ခံယူခဲ့ရပါတယ် ။


ကိုသန်းထွန်း
မြားနတ်မောင် မဂ္ဂဇင်း
မတ်လ ၊ ၂ဝဝ၁ ခုနှစ်

Labels:

ကျွဲ

ဒီအခြေရောက်မှ သံမှန်ကို ပြန်ညှိနေရတဲ့လူလို
ငါ့မှာ
စောင်းက တဖက်
ချိုဖျားမှာ ကားခနဲပါသွားမှာက တဖက်
ငါ့မှာ
ဒါကြီးနဲ့ နီးရလေခြင်းက တဖက်
ဒင်း.. ဂီတနဲ့ ဒီလောက်ဒုံးဝေးရကောင်းလားက တဖက်

ငါလည်း ခြုံထဲ တမြမြသွေးခဲ့ဖူးတာပဲ
မင်းလည်း မြေစာပင်တွေ ထောင်းထောင်းခြေနင်းဖူးတာပဲ

ငါလည်း သူများအခင်းဝင်စားဖူးတာပဲ
မင်းလည်း ကိုယ့်အခင်းကိုယ် ပြန်နင်းခဲ့ဖူးတာပဲ

ငါလည်း နဖားကြိုးကို ချိုနဲ့ရစ်ပြီး ဆောင့်ဖြတ်ဖူးတာပဲ
မင်းလည်း 'နဖားကွင်းကျ ' ချည်ခံရတဲ့အခါ
နှာနုပြတ်အောင် ရုန်းထွက်ဖူးတာပဲ

ငါလည်း ရွှံ့ထဲ ခလောက်နှစ်ပြီး
လာကောက်မယ့်သခင်ကို လှည့်ဖြားဖူးတာပဲ
မင်းလည်း 'ဖေ့သား' တချက်ချော့ရုံနဲ့
ဆင်ဟန်နဲ့ မော့ခဲ့ဖူးတာပဲ

အားလုံးညီအောင်
ဤလို့ရေးလိုက်ရဲ့
(ခေတ်ကြီးထဲ) ကျွဲလို့ ဖတ်ကြဖို့ပါဘဲ ။

ကိုသန်းထွန်း

Labels:

ရာဘာ ပရိုမိုးရှင်း

ကျနော်က ရာဘာစက်မှုလုပ်ငန်းရှင်တစ်ယောက်ပါ
သံမဏိလို ၊ ရေနံလို
နိုင်ငံတနိုင်ငံ ၊ လူတယောက်ရဲ့နေ့စဉ်ဘဝတွေထဲ
ဒရကြမ်းတိုးဝင်နေတဲ့ "ရာဘာ ..."
သက်ရှိ "ဆဲလ်" တွေနဲ့
မွှေးညှင်းပေါက်ကလေးတွေနဲ့
"ရာဘာ ..."
"ချိုလိမ်" ကလေးတွေဆိုလည်း
မိခင်နို့နဲ့မခြားပါပဲ
ပန်းနုရောင်နို့သီးခေါင်းလေးနဲ့
အကြောစိမ်းစိမ်း ၊ မွှေးညှင်းရှိန်းရှိန်းလေးတွေနဲ့ ...

ကျနော်က ကွန်ဒုံးနဲ့လိင်ဆက်စပ်ပစ္စည်းတွေလည်း ထုတ်လုပ်ပါတယ်
"အချစ်ထုတ်ကုန်" လို့ ခေါ်ပါတယ်
ဈေးကွက်ထဲ...
ဈေးသာမြောက်နေပြီး ပစ္စည်းမရှိတဲ့ "အချစ်" အတွက်
လူငယ်တွေအပန်းတကြီးဖြစ်မနေစေဘို့ ရည်ရွယ်ပါတယ်
စီလီကွန်နဲ့ရာဘာ
လူသားအထီးအမတွေက
မိမိကိုယ်ကိုယ် ယုံကြည်မှုမြင့်မားလာစေဘို့ ကူညီကြပါလိမ့်မယ်

သူကလမ်းပေါ်မမောင်းဘဲ
လမ်းက သူ့အပေါ်တက်ကြိတ်ရင်တောင်
ခံနိုင်မယ့် ကားတာယာတွေ ...
ဗြူရိုကရေစီယန္တရားကြီးရဲ့ ခွေးသွားစိပ်တခုလို
"ရာဘာတံဆိပ်တုံး" တွေ ...
ဆန္ဒပြလယ်သမား အလုပ်သမားတွေဆီ
ကတိကဝတ်တခုလို ပျံဝဲထွင်းဖောက်လာကြမယ့်
ရာဘာကျည်ဆန်တွေ ...
ကျနော်ထုတ်လုပ်ပါတယ်

ကျနော့်ရာဘာကို ဖက်မွေးလာကြသူတိုင်း
ကျနော့်ရာဘာကို ဖက်သေကြရတယ်
ကျနော့် "ချိုလိမ်" ကို စို့သူဟာ
ကျနော့် ကွန်ဒုံးကို သုံးသူပါပဲ
ကျနော့် ကားတာယာတွေနဲ့ခရီးသွားသူဟာ ကားတာယာတွေကို လမ်းပေါ်ပုံပြီး မီးရှို့သူတွေပါပဲ
ရာဘာကျည်ဆန်တွေနဲ့ပစ်ခတ်သူမဟုတ်ရင်
ရာဘာကျည်ဆန်တွေနဲ့ပစ်ခတ်ခံရသူပါပဲ
ရာဘာတံဆိပ်တုံးကိုထုသူမဟုတ်ရင်
ရာဘာတံဆိပ်တုံးနဲ့အထုခံရသူပါပဲ

ဘယ်သူမဆို ရာဘာတွေဆီ တနေ့ပြန်လာရမှာပဲ
ဒါကို မမေ့လျော့စေဘို့
သူတို့ရဲ့နောက်ဆုံးအချိန်တွေမှာ
ရာဘာတွေနဲ့နေထိုင်သွားဘို့ လိုအပ်ပါတယ်
ဖာရိုဘုရင်ကြီးတပါးလို
သူ့အခေါင်းထဲ "ချိုလိမ်" လေး တခုထည့်ပေးလိုက်ဖို့ပါ
သေရင် သူ့နောက်ပါသွားမယ့်
"ရာဘာ.... "
(အင်စတောလေးရှင်းလေးတခုပါပဲ)
ကျနော့်ရဲ့နှစ်သစ်ကူး "ချိုလိမ်" လေးတွေ
ပန်းနုရောင်တောက်တောက်နို့သီးခေါင်းလေးတွေနဲ့ ...
မွှေးညှင်းရှိန်းရှိန်း ၊ အကြောစိမ်းစိမ်းလေးတွေနဲ့ ...

ကိုသန်းထွန်း

Labels:

ကဗျာနဲ့ ငါနဲ့ လှသန်းနဲ့

ငါက စတီရွိုက်ဆေးထိုးပြီးမှ
ကဗျာရေးရဲတဲ့ကောင်ပါ
ဘာလို့လဲဆိုတော့ ... ငါက
စတီရွိုက်ဆေးထိုးပြီးမှ ကဗျာရေးရဲတဲ့ကောင်မို့ပါ

ပလူတိုနီယမ်တွေ
ယူကရိန်းကထွက်ပြီး ကမ္ဘာပတ်မွှေ့ကြတဲ့ခေတ်ထဲ
ကဗျာ .. ဒင်း ဘာသားနဲ့ထုထားတာမို့လဲ
ငါ့ကဗျာကိုဖတ်ပါ
(ဤကဗျာများကို ဂျာမန်နည်းပညာဖြင့်ထုတ်လုပ်ပါသည်
ကဗျာကိုဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ်ယုံကြည်မှုမြင့်မားလာစေပါမည်)

ငါ့ကဗျာကိုဖတ်ပါ
ငါ့ကဗျာကို နောက်လှည့်မကြည့်ဘဲဖတ်ပါ
ကဗျာကြောင့် ဂေဟစနစ်ကြီးပျက်စီးသွားနိုင်ပါ့မလား
ကဗျာတပုဒ်ကြောင့် တောတအုပ်ကုန်မသွားနိုင်သလိုပေါ့

Recycle လုပ်ပြီး ကဗျာတွေကိုရေးရကောင်းမလား
ဟိုမှာ..အမှိုက်ပစ်နေတဲ့ပုံကလေး
(ကဗျာကိုဖတ်ပြီးလျင် အမှိုက်ပုံးထဲသို့ထည့်ပါ)

အိုင်စတိုင်းကပြောတယ်
ငါတို့ တွေးခေါ်ပုံကလွဲပြီး အရာရာပြောင်းလဲသွားပြီ .. တဲ့
ဟုတ်တယ် ကဗျာဟာအနုပညာမဟုတ်ဘူး
ဂလိုဘယ်ကဗျာဟာ Global Entertainment ဖြစ်တယ်
Global Issue ဖြစ်တယ်
Global Tissue တောင် ဖြစ်ရင် ဖြစ်မယ်
" အသားအရောင်၊ဇာတ်နဲ့လိင်ကွဲပြားမှု " ဆိုတာ ဘာလဲ
" နိုင်ငံရေးဝါဒနဲ့ကိုးကွယ်ယုံကြည်မှု " ဆိုတာကရော
(ဤကဗျာများကို လူမျိုးဘာသာမရွေး စားသုံးနိုင်ပါသည်)

" Think Global, Act Local " ... တဲ့
ငါ့ကဗျာရဲ့အသံဟာ ငါ့တိုင်းပြည်ရဲ့အသံပဲ
ဒါပေမယ့် ငါ့ကဗျာမှာ
လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံတကာ ကဗျာဆက်ဆံရေးမူဝါဒရှိတယ်
နိုင်ငံရေး Forecast တွေလို
အချက်အလက် ၁ဝ % ၊ ကောလာဟလ ၃ဝ % ၊ ရော်ရမ်းမှန်းဆချက် ၆ဝ % နဲ့ ကဗျာတပုဒ်ဖြစ်လာပါ့မလား
ငါ့ကဗျာကို ဖတ်ပါ
သမ္မတ၊ အစိုးအရအဖွဲ့နှင့် လွှတ်တော်ကို တာဝန်မခံတဲ့ကဗျာတွေပေါ့
ကဗျာဟာ သူ့ခံစားမှုကိုသာ တာဝန်ခံတာပါ
(ဤကဗျာများသည် ကဗျာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

ငါ့ကဗျာ ...
ဘယ်အထိများချိန်ရွယ်ထားနိုင်ပါ့မလဲ
ဥရောပရဲ့ဗဟိုချက်လား .. ဝေးပါသေး
တိန်အန်မင်
အလွန်ဆုံး ပြုံးယမ်းပေါ့
ရောက်လှ ဥရောပတဝက်နင်းထားတဲ့ ကရင်မလင်ပေါ့
အာဏာရှင်တခေတ်လုံး
ပြည်သူ့ရင်ပြင်မှာ
တကိုယ်တော်ကဗျာတွေနဲ့အသေခံဖောက်ခွဲခဲ့သူ
ကဗျာဆရာတယောက်ရှိခဲ့တယ်ဆိုရင်
အဲဒီလက်မရွံ့ကဗျာဆရာဟာ
" ငါ " မဟုတ်ပါဘူး
" လှသန်း " ပါ ... ။

ကိုသန်းထွန်း

Labels:

ရာဇောဝါဒဆုံမ္မစာ

သမ္မတကြီးဖြစ်လာတော့
ခေါင်းပေါင်းပေါင်းတတ်ရတယ် မြင်းစီးတတ်ရတယ်
(လိုအပ်ရင်) သတင်းထောက်တယောက်ရဲ့ဖိနပ်နံပါတ်ကိုဒက်ခနဲပြောနိုင်ရမယ်

သမ္မတကြီးဟာ
နတ်ဆရာကို အကြံပေးခန့်ထားခဲ့တယ်
ဉာတကာနဉ္စသင်္ဂဟော ဝါဒကို နေ့စဉ်ရွတ်ဖတ်တယ်
(လိုအပ်ရင်)သူတိုင်းချုပ်ထားတဲ့ဝန်ကြီးချုပ်ယူနီဖောင်းကို
ထည်လဲထည်ချွတ် ကောက်စွပ်တတ်ရတယ်

သမ္မတကြီးဖြစ်လာတော့
မိတ်ဆွေဆိုတာ
သိုးရေခြုံထားတဲ့ ကိုယ်ကျိုးစီးပွားကျားတကောင်လည်းဖြစ်နေနိုင်ကြောင်း ...
ရန်သူဆိုတာ
မုဆိုးတယောက်ယောက် ရောက်မလာသေးတဲ့လယ်ပြင်ထဲ
ဆင်နဲ့ကျားတို့ရဲ့ ယာယီအခြေအနေတခုသာဖြစ်ကြောင်း
သိထားရတယ်

သမ္မတကြီးဟာ
ချက်ကောင်းမထိခဲ့တဲ့နောက်ကျောက ဓားချက်တိုင်းအတွက်
"ဒါကတော့-မောင်ရင်တို့ရဲ့ ညံ့ဖျင်းမှုပါလေ"* လို့
သွားကြားထဲကထွက်တဲ့လေသံနဲ့ ပြောနိုင်ရတယ်

သမ္မတကြီးဖြစ်လာတော့
ဇာတ်ညွှန်းမခွဲဘဲ ကရတဲ့ဇာတ်လမ်းမှာ
တယောက်ခြေတယောက်မြင်မှ ရမယ်
တယောက်ဖနောင့်တယောက်တက်နင်းလို့မရဘူး
ဒါပေမယ့် တိုက်သင့်သောစစ်ကိုမတိုက်ခဲ့ရင်
ရှုံးတတ်ကြောင်းကိုလည်း အလန့်တကြားသိလိုက်ရပါတယ်

သမ္မတကြီးဟာ
နှလုံးသားက အကောင်းမြင်ဝါဒီတယောက်ဆက်ဖြစ်နေပြီး
ဦးနှောက်ကတော့ အဆိုးမြင်ဝါဒီဖြစ်သွားခဲ့ပါတယ်

သမ္မတကြီးဖြစ်လာတော့
နိုင်ငံရေးလောကထဲကို နည်းဗျူဟာပေါက်ကဝင်လာတဲ့စစ်တပ်အတွက်
မဟာဗျူဟာထွက်ပေါက်တခုကို
ခင်းပေးဖို့ကြိုးစားပြီးတဲ့နောက်မှာတော့

သမ္မတကြီးဟာ
ဒုလ္လဘငါးနှစ်ဆိုတာ
အနေအထိုင်မတတ်ခဲ့ရင်
ကုသိုလ်ထက် အကုသိုလ်ပိုကြီးကြောင်း
ကောင်းစွာသိခဲ့ပြီး ဖြစ်ပါတယ် ။

ကိုသန်းထွန်း

"......" * = ပိုင်စိုးဝေ

Labels:

အဲဒီ ဇာတ်ကိုငါသိတယ် ၊ "ပဒုမ" ဆိုမကယ်ဘူး

ဖယ်ရီပေါ်က ဆင်းလာတော့
မင်းခြေခုံမို့မို့လေး
ဘတ်စ်ကားပေါ်အတက်မှာ
လက်ခနဲ မင့်သလုံးသားလေးလှချက်
သိပ္ပံအဆောက်အဦလှေကားထစ်တွေမှာ ထိုင်နေတုန်း
မင်းထဘီအနား အဖျားခတ်သွားတော့
ငါ့ရင် တလှပ်လှပ်ခုန်သွား
ငါ့ဘုန်းတန်ခိုးတွေနိမ့်သွား ၊ သို့သော် ငါဂုဏ်ယူသွား
ငါ့စာသင်ခုံရှေ့က မင့်ဂုတ်သားလေးဝင်းအိနုဖပ်နေတာမျိုး
ပြီးတော့ ... မွှေးညှင်းရှိန်းမြဆံစဖွာရရာ ...
ငါမြတ်နိုးမိ
ငါရင်ခုန်မိ ၊ ငါချစ်မိ ၊ ငါတုန်လှုပ်ခဲ့တယ်

ဘယ်နက္ခတ်နဲ့ယှဉ်ပြီး
ဘယ်အချိန်မှာ လိင်စိတ်ဟာ လူးလွန့်လှုပ်ရှားခဲ့သလဲ ...
ငါသိပ်မမှတ်မိ
ငါတို့တခေတ်လုံး ငြိမ့်ညောင်းစွာ စီးဆင်းခဲ့တယ်

ဖဝါးနဲ့နာပါ တူမကြီး
မင်းတို့ခေတ်ကြီးရဲ့ ရင်ဘတ်က နည်းနည်းဟိုက်လွန်း
မင်းတို့ခေတ်ကြီးရဲ့ ချိုင်းကြားက နည်းနည်းကျယ်လွန်း
မင်းတို့ခေတ်ကြီးရဲ့ စကတ်ကပေါင်းရင်းကို ကုတ်ကပ်တွယ်တက်တော့မလို့လား ...
ငွေတွင်းက နက်လာလေလေ
မင်းတို့ချက်တွင်းက လိုက်လိုက်နက်လေလေ ...

ငါရင်သပ်မိ ၊ ငါရှုမောမိ
ငါ့အသက်ကို သတိနဲ့ထိန်းရတယ်
ငါ့သတိကို အသက်နဲ့ထိန်းရတယ်

ဒါ မင်းတို့ရဲ့ " လမ်းပြမြေပုံ " လား
ဒါ မင်းတို့ရဲ့ " ပေးထားချက် " တွေ မဟုတ်လို့ဘာလဲ
မင်းတို့ရဲ့အလန်းဇယားတွေက
ဖားစီးငါးစီး နိုင်လှသကွဲ့
အချစ်ဆိုတဲ့ Evolution က အရင်မလာဘဲ
လိင်စိတ်က Revolution လုပ်လို့
ဖီဆန်လို့ ၊ မှုန်ဆန်လို့
ပြီးရင်-ကျားစီးဖားစီးပုန်ကန်တော့မှာလား

ငါမှားရင် ငါ့ကိုခွင့်မလွှတ်ပါနဲ့ တူမကြီး
မှားမှား မှန်မှန် ငါ့ခေတ်ကြီးကိုတော့ ခွင့်လွှတ်လိုက်ပါ တူမကြီး ။

ကိုသန်းထွန်း

Labels:

နောက်တယောက်က မင်းသားကြီး ဆင်ဒရုမ်း

ငရမန်ကန်းဟာ ငါ့နို့စို့ဖက်
ပြီးတော့ ကျန်စစ်သားကို ငါ့အဖက မျက်ခဲ့ဖူးတယ်
ဒေတာကမှန်တယ် ကောက်ချက်ကမှားတယ်
ဒီအမှားအတွက် စောလူမင်းဟာသူ့အသက်ကိုပေးချေခဲ့ရဖူးတယ်
သူက စတော့ဟုမ်း ဆင်ဒရုမ်း ရောဂါရှင်

ခြေလှမ်းတိုင်း ပန်းတို့ပွင့်ပေးကြရမယ်
သူ့ခြေဖမိုးကိုရှိုက်နမ်းခွင့်ဟာ
သူ့ရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုပဲ
သူမဟာ သူ့ကိုယ်သူ မင်းသမီးလေးတပါးလို တွေးခေါ်တယ်
သူမရဲ့ရောဂါက princess syndrome

သူက ဆယ်လီဘရီတီ ဖြစ်သွားလို့ ရောဂါပျောက်သွားရင်တောင်
စကီဇိုဖရီးနီးယားကို ဆက်ကုရမယ်
သူက ဆယ်လီဘရီတီ ဆင်ဒရုမ်း ရောဂါရှင်

ငါက ဆရာဝန်
ကားသမားကို ဘယ်အချိန်ရောက်မှာလဲ မမေးနဲ့
ဆရာဝန်ကို သေချာပေါက်ပျောက်မှာလားလို့လည်း မမေးနဲ့
ဆေးသမားနဲ့လူနာ ကံစပ်ဖို့လိုတယ်
ရှော့တိုက်ကုထုံး (SHOCK THRAPHY)နဲ့ မရှင်းဂန်းကုထုံး (MACHINE GUN THRAPHY)
တခုခုနဲ့ကံစပ်ဘို့လိုတယ်

ငါက စိတ္တဇဆရာဝန်ပါ
အဲဒီ ကံနာဝဋ်နာကို မကုနိုင်ပါဘူး
ဒီရောဂါမျိုးက သန္ဓေပါတွေပါ
ဒီရောဂါမျိုးက သေရာပါတွေပါ ။

ကိုသန်းထွန်း

Labels:

ရဲနီမေတယောက်ရဲ့မှတ်တမ်း

ခုတလော
သူငါ့ကိုကြည့်ပုံတွေ မရိုးဘူး (ဟုထင်ရ)
သို့သော်.. ငါကရော...
သူ တော်လှန်ရေးကို မျက်ခြေပြတ်နေပုံရ

သူခိုးတယောက်လို သူ ခိုးခိုးကြည့်တိုင်း
အလစ်သုတ်သမားတယောက်လို
ဆတ်ခနဲ ငါလှမ်းကြည့်ချိန်တွေနဲ့ တိုးတိုက်မိ
သို့သော်.. တခါတခါ သူစိုက်ကြည့်နေပုံက
သစ်သီးဆိုကြွေကျရတော့မယ့်ပုံမျိုး

ဆွေးနွေးပွဲတွေမှာ အရင်လိုသူတက်ကြွတာမတွေ့ရ
"အချစ်" ကြောင့်လား
ဒါ-ပညာတတ်ဥာဉ်လား

သမိုင်းဦးကပေါ်ခဲ့တဲ့ ဓါး ခုထိ ခုတ်နေကြရတုန်း
သို့သော်.. ဒီဓါးက လိုတာထက်ပိုတုံးပုံရ
သူ့ရည်းစားစာ..အောင်သွယ်နဲ့လာရဲ့...၊

ငါ-သူ့ကို ချစ်နေလား (မသေချာ)
ငါ-သူ့ကို မချစ်ဘူးလား (ဒါလဲ မသေချာ)
ဒါဟာ "ဓနရှင် အချစ်" လား
"တော်လှန်သော ပစ္စည်းမဲ့တို့ရဲ့လက်တွေ့ဝါဒ" လား (ဘာမှ မသေချာ)

တည
ဝါးရုံပင်ရင်း ငါတို့ချိန်းကြ
အပျိုပေါက်လေးတယောက်လို ငါရင်ခုန်ရဲ့
နည်းနည်းရှက်ရဲ့ ၊ အနည်းငယ်ကြောက်ရဲ့
သို့သော်..သူ့အသံတွေတုန်နေပုံ ငါရယ်ချင်မိ ၊
မတို့ရဲ ၊ မထိရဲ
တွေဝေသော ပညာတတ်ကြီး ၊
စိတ်ကူးယဉ် တော်လှန်ရေးသမားကြီး
ငါ့ကို မှဲ့တပေါက် မစွန်းအောင် ထိန်းသိမ်းခဲ့သူ
လူ သူတော်ကောင်းကြီး... ။

တို့နှစ်ယောက်တွေ့ကြပုံ ထင်သလောက် ပျော်စရာမကောင်းလှ
တိုးတက်မှုတစုံတရာမရသော PEACE TALK
သို့သော်-နှစ်ဘက် အထိအခိုက်အကျအဆုံးမရှိသော
ထိတွေ့မှုဖြစ်စဉ်တခု ... ။

ကိုသန်းထွန်း
(ဆရာ မာန်မြင့် ... သို့)

Labels:

ကျမ်းကြီးပေါက်

လီနင်ကျမ်းကို မကျေတာဆိုလို့ တယောက်ဘဲရှိသတဲ့
အဲဒါ-စတာလင်ဘဲ တဲ့
"မော်" ရဲ့ ကျမ်းကို မကျေတာလည်း
"တိန်ရှောက်ပင်" ပါဘဲ..တဲ့

ဒါပေမယ့်-သူတို့နှစ်ယောက်လုံး
အခက်ခဲဆုံးကာလကြီးတခုကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်မဟုတ်လား

ဒါနဲ့များ-မင်းဟာ
ငါ့ကို ကျမ်းနဲ့ကိုင်ကိုင်ပေါက်ချင်ရတယ်ရှိသေး ။

ကျမ်းနဲ့မပေါက်လည်း
မင်းတို့ တော်လှန်ရေးကြီး "ပြည်တော်ဝင်" ဖြစ်ခဲ့ရင်ပေါ့လေ
ပြည်သူတွေက ပန်းနဲ့ကြဲပြီးကြိုဆိုကြတယ်ဆိုရင်ပေါ့လေ..
ပြည်သူတွေ ကြဲတဲ့ပန်းနဲ့ပေါက်လည်း
ငါ သေပေးမှာပေါ့ကွယ်

ငါ့ တယောက်အတွက်နဲ့တော့
မင်းကို သိပ်ကြောင့်ကျမစိုက်စေချင်ဘူး ။

ကိုသန်းထွန်း

Labels:

ပင်လယ်ရှာသူ

ခုတော့ သူတို့လက် သူတို့ခြေနဲ့ပုံစံထုတ်ခဲ့တဲ့ လှေကလေးပေါ်မှာ
သူတို့ခြေ သူတို့လက်တွေ အကန့်သတ်ခံနေရပြီလေ
ဒါ .. ပင်လယ်ပေါ့

သတ်မလား ဒါမှမဟုတ် သေမလား
သူတို့ ရှင်သန်ခဲ့ဖူးရာ တောကြီးမျက်မည်းမှာလို
ရွေးချယ်စရာ မရှိဘူး
(ဘယ်လိုသေမလဲ)
ဒါ .. ပင်လယ်ပေါ့

ဒီမှာတော့
ရှင်သန်ခြင်းနဲ့တူတာဆိုလို့
လှိုင်း
မုန်တိုင်း
ပြီးတော့... ပင်လယ်ရဲ့ ထုံးဓလေ့အောက်မှာ
အရှုံးပေး စေ့စပ်ရတော့မယ့် လူသားသုံးယောက်

ပင်လယ်ထဲ
တယောက်ကို သတ်စားပြီးမှ
နှစ်ယောက် ရှင်ကျန်ခွင့်ရတော့မယ့် ပင်လယ်ထဲ
သူတို့ သုံးယောက်

သူတို့ သုံးယောက်
(တီထွင်သူ) ကစ်ပလင်
(တပ်ဆင်သူ) ဒါဝင်
ပြီးတော့
(မောင်းနှင်သူ) လာဆင် ... ။

ကိုသန်းထွန်း

Labels:

အေးအေးဆေးဆေး အက်ဆေး

တခုခုပြောဖို့ ငါ သလိပ်တချက် ဟပ်လိုက်တာနဲ့
မင်းတို့နားခွက်က မီးထတောက်မှာလား
မတော်... ငါ့များ လှမ်းဟပ်ဦးမှာလား
တကယ်ဆို ငါက အိုပါပြီကွာ...

"လူအို" ဆိုတာ သူ ဖြတ်သန်းဖူးတာကိုသာ
မှန်တယ်ထင်တတ်သူ ဖြစ်ပြီး
လူငယ်ကတော့ သူ မဖြတ်သန်းဖူးသမျှ
မှားတယ် ထင်တတ်သူတွေပေါ့
ဒါပေမယ့် ပွဲတဝက်ကျိုးမှ ကွင်းထဲဝင်လာသူ လူငယ်တယောက်ကို
တစုံတရာတွေ့ကြုံဖူးသူ လူအိုတယောက်က
နွေးထွေးစွာ ပွေ့ဖက်ခဲ့ပါတယ်...

လူအိုလူမင်းဆိုတာလည်း ...
လူငယ်တယောက်လို အညစ်အကြေးနဲ့ပါဘဲ
ငါကြောင့် ဘယ်သူ့ကိုမှ မညစ်နွမ်းစေခဲ့တာကတော့
ငါ့ရဲ့ ယဉ်ကျေးဖွယ်ရာမှုပါ ။

လူအိုလူမင်းဆိုတာ...
လူငယ်တယောက်ကို သူ့ပခုံးပေါ်တက်ခွင့်ပေးခဲ့သူပဲ
ပြီးတော့ သူ့ပခုံးကိုကျော်ပြီး ကြည့်ခွင့်ပေးရဲသူပေါ့...

လူအိုလူမင်းဆိုတာ...
လူငယ်တယောက်ကို ပွေ့ဖက်ခဲ့ဖူးသူပဲ
ပြီးတော့ သူ့ရင်ခွင်ထဲကထွက်ခွာသင့်ချိန်ကိုလည်း နှလုံးသွင်းထားသူပေါ့...

လူအိုလူမင်းဆိုတာ...
ဖဝါးထပ်ကြပ်လိုက်လာသူ လူငယ်တယောက်ကိုနားလည်သူပါဘဲ
သူလမ်းသစ်ဖောက်တာကိုလည်း ဝမ်းမြောက်ရဲသူပေါ့...

လူအိုလူမင်းဆိုတာ
ရောဂါသည်တယောက်ဖြစ်ခဲ့ရင်တောင်
ရောဂါပိုးသယ်ဆောင်သူတယောက်တော့ မဟုတ်ခဲ့ပါဘူး
အရှုံးနဲ့ ဘေးထွက်ထိုင်နေသူတယောက် မဟုတ်ခဲ့သလို
အနိုင်နဲ့ ပိုင်းသွားသူလည်း မဟုတ်ခဲ့ပါဘူး...

လူအိုလူမင်းဆိုတာ ရည်ညွှန်းပစ်မှတ်တခုကို
တိကျစွာညွှန်ပြနိုင်သူ FINGER MAN တယောက်မျှသာ ဖြစ်ပါတယ် ။

ကိုသန်းထွန်း

Labels:

သေနိုင်ပါရိုးလား ဒီမိုကရေစီ

သေခါနီး မေးထိုးနေတဲ့လူနာဆီ
ပျံဝဲဝင်ရောက်လာတဲ့ လင်းတ တကောင်လို . .

တအိအိနစ်မြုပ်နေဆဲ သင်္ဘောတစင်းပေါ်မှာ
တည်ငြိမ်စွာ စီမံခန့်ခွဲနေတဲ့ ကက်ပတိန် တယောက်လို . .

ဝရုန်းသုန်းကား ဗုံး အမြောက်ဆံတွေကြား
တနေ့ - ငါပြန်လာခဲ့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့
ထီမထင်ဆုတ်မိန့်ပေးနေတဲ့ စစ်ဗိုလ်ချုပ် တယောက်လို . .

" ကောင်းပြီ
ဘာလုပ်ပေးနိုင်ဦးမလဲဆိုတာ ငါတချက်ကြည့်မယ် "
" လစ်ဘရယ်ဒီမိုကရေစီ" ဟာ
သူ့ "တီဗိုသေတ္တာ" (Tivo Box)* ကို တချက်ဖွင့်ကြည့်လိုက်ပါတယ်

ပြီးမှ
ငါးရှဥ့်တကောင်လို
သူ့အသားတကျ ရွှံ့နွံထဲ
လျှောခနဲ တိုးဝင်သွားပါတော့တယ် ။

ကိုသန်းထွန်း
*( T.V တွင် ကွန်ပြူတာပရိုဂရမ်များ ထည့်သွင်းထားသော ကိရိယာ )

Labels:

ကျွန်ုပ်၏ အမှတ်ရချက်များ

ယုံကြည်သူမှာ အညံ့ဆုံးအဖြေတွေ ရှိနေချိန်
မယုံကြည်သူမှာ အကောင်းဆုံးမေးခွန်းတွေ ရှိနေတတ်တယ်
အဖြေဟာ လေးလံထိုင်းမှိုင်းတဲ့စက်ယန္တရားတခုဖြစ်နေချိန်
မေးခွန်းတွေဟာ
ပါးနပ်ရဲရင့်တဲ့ လက်နက်ကိရိယာတခုလို ရောက်လာခဲ့ပြန်ရော...

တနေ့တော့ " ပြည်တော်သာ .."
တနေ့တော့ "လူတန်းစားမဲ့ လောကသစ်ကြီးဆီသို့ "
တနေ့တော့ "ဖက်ဒရယ်ပြည်ထောင်စုကြီး.. "
ယုံခဲ့ကြတာဘဲ မဟုတ်လား

အလိုတော်အရ လူမျိုးတုံးသတ်ဖြတ်ရတာဖြစ်တဲ့အကြောင်း
အလိုတော်အရ ခေါင်းဖြတ်သတ်ရတာဖြစ်တဲ့အကြောင်း
အများရဲ့အကျိုးအတွက် အများကို သတ်ဖြတ်ရတာကို
အများက သက်ဝင်ယုံကြည်ကြတဲ့ ယဉ်ကျေးသောခေတ်တခေတ်ဟာ အသေအချာရှိခဲ့ကြောင်း..
ဝါဒတခုမှားကြောင်းသိရဖို့
ကမ္ဘာကြီးတခုလုံး အနှစ်တရာစောင့်ခဲ့ရဘူးကြောင်း

ဗမာ ကချင် စစ်ပွဲအတွင်း
ရှမ်းအများစု သေဆုံးကြရသလို
ဗမာ ရခိုင် စစ်ပွဲအတွင်း
ချင်း အများစု သေဆုံးရကြောင်း

စစ်ကာလ မုဒိမ်းကျင့်ခံရသူများမှာ
စစ်မဲ့ကာလတွင် အာဆီယံဖာများ ဖြစ်သွားကြပြီး
စစ်ကာလ ပေါ်တာဆွဲခံရသူများမှာ
စစ်မဲ့ကာလတွင် အာဆီယံကျွန်များ ဖြစ်သွားကြရကြောင်း

လစ်ဘရယ်ဒီမိုကရေစီ ဟာ
နှလုံးခုန်မရပ်သေးကြောင်း
နောက်ဆုံး မှာကြားစရာများအတွက်
အသက်ကို ကျားကုတ်ကျားခဲရှူရင်း စောင့်နေဆဲဖြစ်ကြောင်း

နိုင်ငံတနိုင်ငံကို အစိုးရဆိုသူများက အုပ်ချုပ်ကြကြောင်း
အစိုးရဆိုသူများကို
စစ်တပ်၊ လူဆိုးဂိုဏ်း နှင့် ကော်ပိုရေးရှင်းကြီးများက
အုပ်ချုပ်ကြကြောင်း

" ဗမာ" ဆိုတာနိုင်ငံတကာမှာ သိပ်တော်တဲ့ကျွန်တွေဖြစ်ကြောင်း
သူ့မိခင်နိုင်ငံမှာတော့ တော်တော်ညံ့တဲ့ သခင်တွေဖြစ်ကြောင်း
ဗမာတွေဟာ " ဒီမိုကရေစီ" နဲ့ မထိုက်တန်ကြောင်း
လွတ်လပ်ရေးနဲ့တောင် မထိုက်တန်ကြောင်း
နောက်ဆုံး - လူအဖြစ်နဲ့တောင် မထိုက်တန်ကြောင်း

ဗမာပြည်ဟာ တချိန်မှာ
တရုတ်ရဲ့ ပြည်နယ်တခုဖြစ်သွားရင်လည်း
အံ့သြစရာမရှိကြောင်း (ဖာနီဗယ်)

ဧရာဝတီဟာ
တရုတ်နဲ့ အိန္ဒိယရဲ့ နယ်သတ်မျဉ်းတခု
ဖြစ်သွားနိုင်ကြောင်း (ဒေါက်တာသန့်မြင့်ဦး)

" ကိုလိုနီပညာရေးစနစ်" ကို တိုက်ထုတ်ပြီး
အနှစ် (၇၀) အကြာတွင်
ကိုလိုနီပညာရေးစနစ်သာ အကောင်းဆုံးဟု
အလန့်တကြား သိလိုက်ရကြောင်း (ဒေါက်တာဒေါ်မြင့်မြင့်ခင်)

ယုံခဲ့ကြရတာပဲ မဟုတ်လား

" သခင်မျိုးဟေ့" လို့ အော်တော့ မင်းရောငါရော ယုံခဲ့ကြတာပဲ မဟုတ်လား
တမျိုးသားလုံး ကျွန်ဖြစ်သွားမှ မယုံချင်လို့ ရမလား ။

ကိုသန်းထွန်း

Labels:

တရားခွင် (နိုင်ငံတော်နှင့် ကိုသန်းထွန်းပါ ကဗျာဆရာလေးဦး)

အပြီးသတ်လျှောက်လဲချက်ပေးတော့မယ့်
ဟိတ်ဟန်များများ တရားလိုရှေ့နေတယောက်က
ကဗျာစာအုပ်တအုပ်ကို ငါ့ရှေ့ဘုန်းခနဲပစ်ချလိုက်တယ်
"ဒါ-အသစ်ဘဲ.." တဲ့
(မင်းအကြံ ဒါအကုန်ပဲလား.. ကေဇဝင်း)

" အသစ်.. လား
မိဂဒါဝုန်မှာ သစ္စာလေးပါးကို ဟောကြားပြီးကတည်းက
ဟောဒီ ဒွန္နရာကြီးမှာ
အသစ်ဆိုတာ ရှိသေးလို့လားကွာ... "
တရားသူကြီးရဲ့ ချောင်းဟန့်သံကြား
ငါ့စကား ငါ့နားက မကြားလိုက်ရပါဘူး

" အသစ်- ဟုတ်လား "
ငါ နှုတ်ခမ်းပါးနားကို လျှာနဲ့သပ်မိ
' ပိုက်ဆံမလိုဘူး ၊ ပညာတတ်ဘို့မလိုဘူး ၊ခင်ဗျားသတ္တိရှိဘို့ဘဲလိုတာပါ '
(ကြည်ဇော်အေးတို့ ခက်သီတို့) လူငယ်တွေ
ဒီမောင်တွေရဲ့ ထွက်ချက်က
အကြောမာသလောက် အပြောချာတယ်
ဖာသည်မအိပ်ယာပေါ်က အသွင်ယူ ရဲတွေ..
ငါ့လည်ပင်းကြိုးကွင်းစွပ်မယ့် ဆွဲချတွေ..

"သစ်သည် ဟောင်းသည် ဤနှစ်လီ မောင်ကြည်/မောင်သီ မသိပါ
သွေးရိုးသားရိုး ကဗျာမျိုး တန်ဘိုးရှိသည်သာ "
ဒီကဗျာကို သူတို့ ရွတ်ဆိုခဲ့ကြောင်း ဝန်ခံလိုက်တဲ့အခါ
ရုံးတော်ဟာ ဝေါခနဲဆူညံသွား ..

ဒီအမှုကို သူကိုယ်တိုင် လျှောက်လဲမယ်ဆိုတဲ့ 'အောင်မျိုးသက်' ဟာ
သူရေးသားစီရင်ခဲ့တဲ့ ကဗျာစာအုပ်တအုပ်ကို
သက်သေခံပစ္စည်း (၁) အဖြစ် တင်ပြလိုက်ပါတယ် ။

"အသစ်ကလေး.." ဟုတ်လား
သူက စကားနည်းနည်းဝဲနေသလိုဘဲ
အာရှဈေးကွက်ထဲက ဂျပန်ကားတွေလည်း အသစ်ဘဲဗျ
တရားခံရှေ့နေ 'မောင်ဗိုလ်လူ'က ကန့်ကွက်တယ်
"သစ်၊မသစ်ဟာ အရေးကြီးလို့လား
ခင်ဗျားဟာ ကွန်ဆာဗေးတစ်ကြီးဘဲ "
"အောင်လွန်းမြိုင်" ဟာ တရားခံပြသက်သေပီသတယ်
"ကန်ဆားဗတစ်.." တဲ့
မှုခင်းဆရာဝန် 'ကျော်စွာဝင်း' က အသံထွက်ပြင်ပေးတယ်

" အသစ်တဲ့လား ၊ ဘုရားမှ သိမှာဘဲ "
(အာကာတိုးဝေ တို့ ဒီဝသုန်ခက် တို့)
ဂျူရီတွေရဲ့ သုံးသပ်ချက်ဟာ ခြံစည်းရိုးပေါ်မှာ ..

" ရွာမှာတော့
'လင်မယား လုပ်တမ်း' ဆိုတာ
ထင်းခွေမကြုံ ရေခပ်ကြုံတဲ့ ခလေးဘာဝကစားနည်းတခုပါဗျာ " တဲ့
"မောင်ပေ" ရဲ့ စကားသံဟာ
ရုံးတော်ရဲ့ ငရဲပွက်သံ
ပန်းဘဲမောင်တင့်တယ်လို တရားသူကြီးရဲ့ တဒုန်းဒုန်းတူထုသံများကြား
တိုးလျပျောက်ကွယ်သွား

ဆိုဗီယက်အင်ပါယာကြီး လွင့်စင်သွားသလို
ဂေါ်ဘာချောကြီး လွင့်စင်သွားသလို
ရုရှဖာတွေ အနောက်ကမ္ဘာဆီ လွင့်စင်သွား
ဥရောပမှာ သူတို့ဟာအသစ်ဘဲ
မြဝတီကအဟောင်းဟာ မန္တလေးမှာ လာသစ်နေသလိုပေါ့
ကဗျာဟာ အသစ်ဖြစ်ကြောင်း
သွေးစွန်းနေတဲ့ အိပ်ယာခင်းဖြူဖြူကို ဝရံတာဘက်ထွက်လှန်းပြရဦးမလား
ဖုန်းအသစ် ၊ ကားအသစ် ၊ လက်နက်အသစ်
နည်းပညာအသစ် ခု-ကဗျာအသစ်
ဓနရှင်ဝါဒဟာ
အသစ်နဲ့ ကျနော်တို့ကို မှိုင်းတိုက်တယ်
အသစ်နဲ့ ကျနော်တို့ကို အမောတိုက်တယ်
ကျနော်တို့ဟာ မိုက်မလင်းနိုင်တဲ့ အမိုက်တွင်းကြီးထဲမှာ...
အသစ်တွေဟာ
"ရေရှည်တည်တံ့မယ် အမြှော်အမြင်ဥာဏ်" ထက် အရေးကြီးနေပြီလား
အသနားခံစာ ဆန်ကောင်းဆန်မယ့်
ကျနော့် လျှောက်လဲချက်ဟာ ငိုက်မျဉ်းနေတဲ့ ရုံးတော်ကိုတော့ ပုတ်နိုးနိုင်ခဲ့ပါတယ်

" ငြိမ်
စီရင်ချက်ချမယ် "
(မင်းဆွေနှစ်) ဟာ ရှေ့ဖတ်စာရေး လာပေးတဲ့
"အထက်အမိန့်" စာရွက်ကို ဟန်ပါပါလှမ်းယူရင်း
ကျားတကောင်လို ဟိန်းလိုက်ပါတယ် ။

ကိုသန်းထွန်း

ထိုင်းဘုန်းတော်ကြီး SULAK SIVARAKSA သို့

စားသုံးသူများ

ငါဟာခွေးငတ်တကောင် ဆိုပါစို့
မင်းက မေးရိုးကောင်းကောင်းအစာအိမ်ကောင်းကောင်းနဲ့
မိချောင်းတကောင် ဆိုပါစို့

ဒီမိုကရေစီဆိုတဲ့ အမဲရိုးတချောင်းကို
မိချောင်းနဲ့ခွေးကြား
ရေစပ်စပ်မှာပဲ ပစ်ချထားတယ် ဆိုပါစို့

မိချောင်းဟာ
(ခွေးကိုမဆွဲ) အမဲရိုးကိုဘဲဆွဲလိမ့်မယ်လို့ တွေးရလောက်အောင်
ငါကလည်း မမိုက်မဲခဲ့ဘူး ဆိုပါစို့ ။

ကိုသန်းထွန်း

Labels:

ရည်းစားစာ

မရွာလျှင် တိမ်ခိုး ရွာလျှင်မိုးပါ "မေ"...

ဒီစာကို ရေးလိုက်တဲ့နေ့ဟာ
"မင်းတို့ ဗမာပြည်ကို လွတ်လပ်ရေးပေးလိုက်ရင်
သွေးချောင်းစီးသွားမှာပေါ့ကွ " လို့
' ချာချီ ' က ပြောပြီး (၁ဝ) နှစ် မကြာခင်
တပြည်လုံး သွေးပင်လယ်ဝေခဲ့တဲ့နေ့ပေါ့...

"ပြည်တွင်းစစ်ကြီးရဲ့တရာခံဟာ ကျုပ်ပါဘဲဗျ " လို့
ငိုကြီးချက်မ ဖြောင့်ချက်ပေးပြီး အနှစ်(၂ဝ) အကြာမှာ
မ.ဆ.လ ပါတီဝင်ဘို့ သခင်စိုးကြီး လျှောက်လွှာတင်လိုက်တဲ့နေ့ပေါ့...

ဖာနိုင်ငံဖြစ်ပြီး အနှစ် (၃ဝ) အကြာမှာ
လက္ခဏာရေး သုံးပါးကိုသာ ငါနားလည်ခဲ့ရင်
ဒီအလုပ်တွေ ငါမလုပ်ခဲ့ပါဘူးကွာတဲ့
ဦးနေဝင်းရဲ့တရားသံဝေနေ့တနေ့ပေါ့

သမဂ္ဂကိုဖောက်ခွဲပြီး (၂၅) နှစ်အကြာမှာ
ညဘက်တိုင်ဖုံးကြားက 'ရကွိုင်းလက်ဂန်း' နဲ့ ဗိုလ်နေဝင်းကထွက်လာ
ဘယ်ဘက်တိုင်ဖုံးကြားက 'ဒိုင်းနမိုက်' နဲ့ ဗိုလ်အောင်ကြီးကထွက်အလာ
သမိုင်းဟာ
သူ့ဗီလိန်ခန်းဇာတ်ရုပ်အတွက်
ခွင်ချလို့မရနိုင်သေးတဲ့ နေ့တနေ့ပေါ့...

လီနင်ရုပ်တုကို ဖြိုချလိုက်တဲ့နေ့မှာဘဲ
'ဗိုလ်ချုပ်' ဓါတ်ပုံဟာ
၅(ည) နိုင်ငံရေးသမားတယောက်ကိုထောင်ချဖို့
လုံလောက်တဲ့သက်သေခံပစ္စည်းတခုဖြစ်သွားတဲ့နေ့ပေါ့

စစ်အေးခေတ်ဟာကမ္ဘာကြီးတခုလုံးအတွက် ပြီးဆုံးသွားတဲ့နေ့မှာဘဲ
ဘာလင်တံတိုင်းဟာ
နိုင်ငံလေးတခုအပေါ် ပြိုကျခဲ့တဲ့ နေ့တနေ့ပေါ့..

အနှစ် (၂ဝဝ) အကြာမှာ
ရခိုင်ကို ဒုတိယအကြိမ်လုပ်ကြံဘို့
အယ်ဂျာဇီးယားကိုအဖော်ခေါ်လာတဲ့ Newyork Times သတင်းစာရဲ့နေ့တနေ့ပေါ့

ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးထုတ်ဖို့
ဗိုလ်အောင်ဆန်းတို့ရဲ့တော်လှန်ရေးမျိုးကိုထပ်ပြီးဖြတ်သန်းဖို့ လို့တယ်လို့
ရယ်ဒီကယ်သမားတယောက်က နာနာကျင်ကျင် တွေးမိနေတဲ့နေပေါ့

ဒီလိုနေ့မျိုးမှာမှ
ချစ်ခွင့်ပန်ရခြင်းအတွက် ရှက်လည်းရှက်မိပါရဲ့ မေရယ်
ခုလို - လက်ကျဲကြီးကာလ
ခုလို - နင်းကျိုးနင်းကျွံကာလကြီးမှာ
ငါတို့ လည်ပင်းဖက်ငိုနေလို့ဖြစ်မလား
ငါတို့လက်မြဲမြဲတွဲကြရမှာ မဟုတ်လား
ဒီစာဟာ တို့တတွေ နှစ်တရာတိုင်တိုင် တွဲဆက်ဘို့
မင်းဆီ ကမ်းလိုက်တဲ့ လက်တဖက်ပါ "မေ" ... ။

ကိုသန်းထွန်း

Labels:

ပန်းရံသမလေး

မလှဘူးလား
ပျစ်ပျစ်ပါသနပ်ခါးနဲ့
သူ့ပါးနှစ်ဖက် ဇော်မံမံထားသလို

ကောင်မ !
ပဲဟင်းအိုးများ မှောက်ချလာသလားတဲ့
ရှက်နိုင်ရိုးလား
နွေနေကိုအံတုမယ့်အရေပြားတွေ... ။

ကိုသန်းထွန်း

Labels:

ငါ့ထန်းတော

အပင်ခြေမှာလှေကားထောင်
ရင်းထောင် .. တဲ့
ဖေဖေ့နံရိုးအပြိုင်းအရိုင်းတွေဘဲ

အပင်ဖျားမှာလှေကားတစင်း
ရင်းဆွဲ .. တဲ့
မေမေ့လက်မောင်းလေးတွေ

ဦးရည်ပင်ကျ
ချိုရှငှက်ခါးတောင်
ဟော... ပျားကောင်လေးတွေ ဝဲလို့
သားတို့များလား

နေဟာထန်းတဖျား
မွန်းလွဲတော့မှာလား
(သားရေ..) မခါးခင်ချိုကြရတာ ။

ကိုသန်းထွန်း

Labels:

မြစ်ဟာ ယဉ်ကျေးမှုကိုသယ်ဆောင် စစ်ဟာသူ့ကျောပေါ်မှာ...

"မိတ်ဆွေတွေက တယောက်ကိုတယောက်မသတ်ဘူး
ရဲဘော်ရဲဘက်တွေက အချင်းချင်းသတ်တယ်" (မင်းသားလေး)

" ငါက တိမ်တွေနဲ့နီးရတာကြိုက်တယ် " ဆိုပြီး
တောင်ပေါ်တက်သူ တက်သွားကြ

တောင်နဲ့တောကြား
အပျိုစင်မြစ်ဖျား ချန်ရစ်သူချန်ရစ်ကြ

ဝါးဆေးတံတဆုံနဲ့
ဝါးပွတ်မီးကို လှုံသူတို့လှုံနေကြဆဲမှာဘဲ
ဝါးကိုဖောင်ဖွဲ့စုန်သူတို့စုန်ခဲ့ကြ

စိတ်တူကိုယ်တူ
ဖဝါးခုနှစ်လှမ်း အတူလျှောက်ခဲ့ကြ
လက်မောင်းသွေးအတူဖောက်ခဲ့ကြ
သောက်ခဲ့ကြတယ်
ငါနဲ့ငါ့သွေးသောက်များ

သွေးဟာရေထက်ပျစ်တယ်ဆိုတဲ့စကား
သွေးထွက်အောင်မှန်သလား
သွေးသားရင်းခြာတွေရဲ့သွေးကိုမှ
သွေးတောင်းတတ်ကြသူ
သွေးဆာနေသူတို့ရဲ့သွေးရူးသွေးတန်းတရား
သွေးပျက်အောင်မှန်လိုက်ပုံများ

ဧရာဝတီ
သံလွင်
စစ်တောင်း
" ရောဟိဏီ " မဖြစ်ခဲ့တဲ့
ငါတို့မြစ်တွေ
သွေးဟာရေနဲ့အတူစီးဆင်းခဲ့တဲ့နှစ်များ ။

ကိုသန်းထွန်း

Labels:

တစ္ဆေ


လေမတိုက်ဘဲ
သစ်ရွက်ကလေးတွေလှုပ်နေတာဘဲဖြစ်ဖြစ်

ရိုးတိုးရိပ်တိတ်
အရိပ်အယောင်လေးဘဲဖြစ်ဖြစ်

ခြေသံတရှပ်ရှပ်
အပုတ်အစပ်အနံ့တခုခု...

မင်းအသံမင်းအနံ့
ငါတို့ကိုခြောက်လှန့်ပါဦးတော့လား
တစ္ဆေ...

တစ္ဆေတော့ တစ္ဆေ
မင်းက မခြောက်တတ်ဘူး
တစ္ဆေတော့ တစ္ဆေ
မင်းကိုမကြောက်ကြဘူး

တစ္ဆေဆိုခြောက်ရမှာလား
မခြောက်ဘဲ တစ္ဆေဖြစ်ချင်လို့မရဘူးလား
တစ္ဆေကလေးဟာ
အမှောင်ထောင့်တခုမှာထိုင်ရင်း ငိုရှာတယ် ။


ကိုသန်းထွန်း
ကြည်အေးရဲ့ မှင်စာကလေးရောင်နီသို့

Labels:

လမ်းလျှောက်ခြင်း

ဘယ်တော့မှ မဆုံးနိုင်တော့ဘူးလားလို့​တွေးရင်း
တမာတန်းကလေးအတိုင်း​လျှောက်သွားခဲ့တယ်

ရုတ်တရက်
တမာတန်းကလေးဆုံးသွား​တော့
ကျနော် အတွေးတွေမဆုံးသေးဘူး

ပခုက္ကူမရောက်ခင်
တမာတန်းတခုထပ်​တွေ့ဦးမှာလားလို့ တွေးရင်း
ကျနော် ဆက်လျှောက်ခဲ့တာပါ။

ကိုသန်းထွန်း
(ဆရာမြသန်းတင့်သို့)

Labels: