18 February, 2018

ရဲနီမေတယောက်ရဲ့မှတ်တမ်း

ခုတလော
သူငါ့ကိုကြည့်ပုံတွေ မရိုးဘူး (ဟုထင်ရ)
သို့သော်.. ငါကရော...
သူ တော်လှန်ရေးကို မျက်ခြေပြတ်နေပုံရ

သူခိုးတယောက်လို သူ ခိုးခိုးကြည့်တိုင်း
အလစ်သုတ်သမားတယောက်လို
ဆတ်ခနဲ ငါလှမ်းကြည့်ချိန်တွေနဲ့ တိုးတိုက်မိ
သို့သော်.. တခါတခါ သူစိုက်ကြည့်နေပုံက
သစ်သီးဆိုကြွေကျရတော့မယ့်ပုံမျိုး

ဆွေးနွေးပွဲတွေမှာ အရင်လိုသူတက်ကြွတာမတွေ့ရ
"အချစ်" ကြောင့်လား
ဒါ-ပညာတတ်ဥာဉ်လား

သမိုင်းဦးကပေါ်ခဲ့တဲ့ ဓါး ခုထိ ခုတ်နေကြရတုန်း
သို့သော်.. ဒီဓါးက လိုတာထက်ပိုတုံးပုံရ
သူ့ရည်းစားစာ..အောင်သွယ်နဲ့လာရဲ့...၊

ငါ-သူ့ကို ချစ်နေလား (မသေချာ)
ငါ-သူ့ကို မချစ်ဘူးလား (ဒါလဲ မသေချာ)
ဒါဟာ "ဓနရှင် အချစ်" လား
"တော်လှန်သော ပစ္စည်းမဲ့တို့ရဲ့လက်တွေ့ဝါဒ" လား (ဘာမှ မသေချာ)

တည
ဝါးရုံပင်ရင်း ငါတို့ချိန်းကြ
အပျိုပေါက်လေးတယောက်လို ငါရင်ခုန်ရဲ့
နည်းနည်းရှက်ရဲ့ ၊ အနည်းငယ်ကြောက်ရဲ့
သို့သော်..သူ့အသံတွေတုန်နေပုံ ငါရယ်ချင်မိ ၊
မတို့ရဲ ၊ မထိရဲ
တွေဝေသော ပညာတတ်ကြီး ၊
စိတ်ကူးယဉ် တော်လှန်ရေးသမားကြီး
ငါ့ကို မှဲ့တပေါက် မစွန်းအောင် ထိန်းသိမ်းခဲ့သူ
လူ သူတော်ကောင်းကြီး... ။

တို့နှစ်ယောက်တွေ့ကြပုံ ထင်သလောက် ပျော်စရာမကောင်းလှ
တိုးတက်မှုတစုံတရာမရသော PEACE TALK
သို့သော်-နှစ်ဘက် အထိအခိုက်အကျအဆုံးမရှိသော
ထိတွေ့မှုဖြစ်စဉ်တခု ... ။

ကိုသန်းထွန်း
(ဆရာ မာန်မြင့် ... သို့)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home