အေးအေးဆေးဆေး အက်ဆေး
တခုခုပြောဖို့ ငါ သလိပ်တချက် ဟပ်လိုက်တာနဲ့
မင်းတို့နားခွက်က မီးထတောက်မှာလား
မတော်... ငါ့များ လှမ်းဟပ်ဦးမှာလား
တကယ်ဆို ငါက အိုပါပြီကွာ...
"လူအို" ဆိုတာ သူ ဖြတ်သန်းဖူးတာကိုသာ
မှန်တယ်ထင်တတ်သူ ဖြစ်ပြီး
လူငယ်ကတော့ သူ မဖြတ်သန်းဖူးသမျှ
မှားတယ် ထင်တတ်သူတွေပေါ့
ဒါပေမယ့် ပွဲတဝက်ကျိုးမှ ကွင်းထဲဝင်လာသူ လူငယ်တယောက်ကို
တစုံတရာတွေ့ကြုံဖူးသူ လူအိုတယောက်က
နွေးထွေးစွာ ပွေ့ဖက်ခဲ့ပါတယ်...
လူအိုလူမင်းဆိုတာလည်း ...
လူငယ်တယောက်လို အညစ်အကြေးနဲ့ပါဘဲ
ငါကြောင့် ဘယ်သူ့ကိုမှ မညစ်နွမ်းစေခဲ့တာကတော့
ငါ့ရဲ့ ယဉ်ကျေးဖွယ်ရာမှုပါ ။
လူအိုလူမင်းဆိုတာ...
လူငယ်တယောက်ကို သူ့ပခုံးပေါ်တက်ခွင့်ပေးခဲ့သူပဲ
ပြီးတော့ သူ့ပခုံးကိုကျော်ပြီး ကြည့်ခွင့်ပေးရဲသူပေါ့...
လူအိုလူမင်းဆိုတာ...
လူငယ်တယောက်ကို ပွေ့ဖက်ခဲ့ဖူးသူပဲ
ပြီးတော့ သူ့ရင်ခွင်ထဲကထွက်ခွာသင့်ချိန်ကိုလည်း နှလုံးသွင်းထားသူပေါ့...
လူအိုလူမင်းဆိုတာ...
ဖဝါးထပ်ကြပ်လိုက်လာသူ လူငယ်တယောက်ကိုနားလည်သူပါဘဲ
သူလမ်းသစ်ဖောက်တာကိုလည်း ဝမ်းမြောက်ရဲသူပေါ့...
လူအိုလူမင်းဆိုတာ
ရောဂါသည်တယောက်ဖြစ်ခဲ့ရင်တောင်
ရောဂါပိုးသယ်ဆောင်သူတယောက်တော့ မဟုတ်ခဲ့ပါဘူး
အရှုံးနဲ့ ဘေးထွက်ထိုင်နေသူတယောက် မဟုတ်ခဲ့သလို
အနိုင်နဲ့ ပိုင်းသွားသူလည်း မဟုတ်ခဲ့ပါဘူး...
လူအိုလူမင်းဆိုတာ ရည်ညွှန်းပစ်မှတ်တခုကို
တိကျစွာညွှန်ပြနိုင်သူ FINGER MAN တယောက်မျှသာ ဖြစ်ပါတယ် ။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home