မင်းနဲ့ငါအား အသားကြိတ်စက်
မင်းဘယ်မှာလဲ
ငါသိသွားတဲ့အခါကျ
ငါ ဘယ်မှာလဲ ငါ သိသွားမှာပဲ
တည်နေရာအနေအထား ထောက်မပြလိုက်ရတဲ့ အမှားမို့
ခါးသည် ချိုသည်မရှိ သီချင်းက သီချင်းပဲ
အရင်းအနှီးအနည်းအများ
တစ်သက်လုံးလုံး ဆိတ်ငြိမ်နေပြီး
အခုမှ မျက်ရည်ပွက်ပွက်အန်ပြီ။
ဘယ်လောက် ခက်ထန်လိုက်သလဲ
ဖမ်းမမိတဲ့အသံကြောင့် ရေဒီယိုကို ငါတို့ အပြစ်တင်လို့မရ
မဆိုက်ရောက်သေးတဲ့ ကတ္တားကို အနာဂတ်ပါလို့
အယုံသွင်းပြစားခဲ့ဖူးကြ
စောက်ရမ်းတကြီးအော်ဟစ်ခဲ့ဖူးကြ
နှုတ်ခမ်းတွေမပါဘဲ နမ်း။
(က)
နေရောင်လိမ္မော်ဟာ သိပ်ကို အော်ဟစ်နေတဲ့
ချွေးသီးချွေးပေါက်တွေမလား
ရေတစ်ပေါက်လောက် သောက်ခဲ့ရရင်
မင်းအတွက် ... ယဉ်ယဉ်လေး
လည်ချောင်းထဲ ထားရစ်ခဲ့မယ်
သံသရာတနံတလျား ၀တ်ဆင်
ဆက်ပြီးမတစ်ဆို့ပါရစေနဲ့။
(ခ)
အပိုင်းပိုင်း အပြတ်လိုက် သွေးခဲစတွေ
အဆုတ်ပြင်ပ ထွက်ခွာရာပြဘဝ
မင်းကအခုတော့ ငါ့ကို ရင်ခွဲရုံလိုကြည့်ပြီ
လက်ဗွေရာ တိုက်စစ်ပြီးပလား
လက်အိတ်ချွတ်ပြီးပလား
ပစ်ချပြီးပလား။
(ဂ)
အသားစားဦီးနှောက်က
အသီးအနှံအပြည့်ခန္ဓာကိုယ်ကို ငြင်းဆန်မှာပဲ
အဲဒါ အလိမ်အညာမဟုတ်ဘူး
ထိမ်ချန်တာလည်းမဟုတ်ဘူး
မအိုမင်းတဲ့ ဟာသတစ်ခုရှိတယ်
"ကျွန်မလေ ... ရှင့်ကို မနမ်းတော့ဘူး"
တစ်ယောက်နဲ့ အများ နှုတ်ခမ်းနီဖိုးက
ရယ်သံတွေ ကုန်ခါနီးပေါ့
မမြင်ကွယ်ရာမရှိပါဘူးကွာ
လိပ်ပြာတွေကို လွှတ်ပေးလိုက်။
(ဃ)
မင်းတို့ပြောပြောနေတဲ့
မျှော်လင့်ချက်က နေ၀င်မိုးချုပ်တတ်သလား
ပြတ်ပြတ်သားသား သိချင်တာတစ်ခုပဲ
"ခဏနေ တို့များ ခွဲခွာသွားကြရင်
သေကြမလား နေကြမလား"
ပြန်သာပြန်လာခဲ့ကွယ် တို့အတူ ဆုံးဖြတ်ကြမယ်
စောင်းကြိုးပေါ် ပြန့်ကျဲ နောက်ဆံမတင်းကြကြေးပေါ့
အဖြူအမည်းသဲကွဲရုံလောက်ပဲ။
(င)
ပါးလျနေတဲ့ သားရေဖိနပ်တစ်ရံက
သူ့ကိုယ်သူ သံစူးလို့စူးမှန်း မသိတော့
"ခေါင်းတွေခါလက်တွေလျှော့လိုက်လို့"
သတ်ပစ်လိုက်တယ်
ဘယ်ကိုယိမ်းမယ်မှန်းမသိတဲ့ ခေါက်ထီးတစ်လက်
ဆွဲလှန်မှောက်ပစ်ခဲ့တယ်
သားကောင်ဆီ အုံ့မှိုင်းလာတဲ့
အကြည့်တစ်သိုက်နဲ့
ဆဲဆိုနေရတာနဲ့
စစ်ပွဲက စက္ကန့်ပိုင်းအတွင်း ကျည်ကုန်သက်သာသွားတယ်။
(စ)
မိုးလေ၀သနဲ့ လက်ကျန်အခြေအနေတွေတော့
ရေသန့်ဗူးအခွံလို ရိရွဲနေတဲ့ ကတ္တရာထဲနစ်ဝင်
ငါ့ ကို တက်ကြိတ်သွားပြီ
ခံနိုင်ရည်လည်း ပုံပျက်သွားပြီ
ဒီတော့ ဘယ်ဘာသာစကားနဲ့ ငိုကြွေးလိုက်ရမလဲ
မတတ်နိုင်တဲ့အဆုံး
မျက်ရည်အိတ်က ထုံးစံအတိုင်း ကျကွဲသွားမှာပဲ။
(ဆ)
ကောင်းသည်ဆိုးသည် ချိုမြသည်ခါးသက်သည်မရှိ
"မင်းလုပ်ခဲ့တာပဲ ငါ လက်ခံတယ်ဆိုတာ
မင်းမလုပ်ခဲ့တာကို ငါ လက်မခံဘူးဆိုတာပဲ"
ဘယ်ဘုရားမှ လွှဲမချနဲ့
အူသံတွေ ပျံဝဲ ငှက်ဆိုးထိုးသံတချို့
ကြေမွသွားတောင်
ဘာအကြောင်းကြောင့်များ စိတ်ကို
ငါ့ခမျာ ငါ့ ... ခန္ဓာ
မှိတ်မပစ်နိုင်ရသေးလဲ
မင်း အကောင်က လေထဲ မီးညှိပြီး
စိတ်မကောင်းဖြစ်နေတာ
တကယ့်တကယ်ပါ!
ငါဆို ဆွဲမထူဘူး။
(ဇ)
အကြမ်းပန်းကန်ထဲ ယင်တစ်ကောင်လို
မင်းကို တစ်ချက်ချင်း ပျော်ဝင်စေချင်ပြီ
ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ပဲ ယဉ်ကျေးမှုကို
ငါတို့ ရှာဖွေခဲ့ကြ ၊ တွေ့ရှိခဲ့ကြ
တစ်ညတာအသုံးစရိတ်အတု မှတ်ပုံတင်အတု
ညည်းညူသံအတု ကတိအတု မင်းအတု ငါအတု
မှတ်မှတ်ရရ အဲဒီညက နေတစ်စင်းမှထွက်မလာဘူး။
(စ်)
သစ်တောတွေရှိခဲ့သလို အတိတ်နဲ့စိုရွှဲပြီးစ
မင်းရှိက်သံရှည်တွေက ငါ့ အသက်ပါ အသက်ရယ်
သတိရလို့ တောက်ခတ်ရင်တောင် သတီစရာပေါ့
ကျီးကန်းအတန်းလိုက် မည်းနက်
ဓာတ်ကြိုးတန်းဆီက
မင်းနဲ့မှားလို့ နှုတ်ဆက်ပွင့်အာလာမလား
အဆိပ်တောက်နေတဲ့ ဘ၀ကိုခွဲယူ
နောက်ပြီး အစီအစဉ်ကျဆေးပေးပါ။
(ည)
ငါတို့ လဲဝတ်မိတဲ့ အမှန်က အမှား
နောက်ဆုံးစီးကရက်
အငွေ့မထွက်နိုင်တော့
တိမ်ထူတဲ့တစ်နေ့တိုင်းစီမှာ
အက်ကြောင်းထပ် ပုံပြင်တစ်ပုဒ်ပြောဖို့ မပြောဖို့
" ဒဏ်ရာတစ်ခု ရရလာတိုင်း
ငါ ငါ ငါ လို့ နာမည်တပ်ထားလိုက်တာရယ်"။
(ဋ)
ငါ့အရေပြားငါ ရွံရှာလို့
မင်းကိုယ်ထဲ ၀င်ပြေးလာခဲ့တာ
မင်းအဆောင်အယောင်ထဲ မင်းကိုယ်ထဲ
အတွင်းလူနာ နံပါတ်က သက်တမ်း-၂၅
ကုသမလား ယုယမလားလို့ ရုန်းကန်စရာရှိလာတယ်
ရွက်ဝါတွေကြွေသွားတယ်
နောက်ဆုံးစီရင်ချက်က
"မချစ်ခင်တတ်သူတွေကြောင့် ခဏနေ ငါ သေဆုံးသွားပါတယ်"တဲ့။
(ဌ)
ငါ နုတ်ပြုထားတဲ့ လက်သည်းခွံက
တကယ့်ဇာတ်သိမ်းပေါ့
လက်ချောင်းထိပ်တွေ တဖြေးဖြေးဝေးသွားကြပြီးမှ
သတိပေးချက် မီးထိုးမောင်းဝင်လာမယ်
ပြီးတော့ "ဘယ်ဘုရားမှလွှဲမချနဲ့။ ။
-ကောက်ကွေ့
Labels: ကောက်ကွေ့
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home