ကဗျာနဲ့ ငါနဲ့ လှသန်းနဲ့
ငါက စတီရွိုက်ဆေးထိုးပြီးမှ
ကဗျာရေးရဲတဲ့ကောင်ပါ
ဘာလို့လဲဆိုတော့ ... ငါက
စတီရွိုက်ဆေးထိုးပြီးမှ ကဗျာရေးရဲတဲ့ကောင်မို့ပါ
ပလူတိုနီယမ်တွေ
ယူကရိန်းကထွက်ပြီး ကမ္ဘာပတ်မွှေ့ကြတဲ့ခေတ်ထဲ
ကဗျာ .. ဒင်း ဘာသားနဲ့ထုထားတာမို့လဲ
ငါ့ကဗျာကိုဖတ်ပါ
(ဤကဗျာများကို ဂျာမန်နည်းပညာဖြင့်ထုတ်လုပ်ပါသည်
ကဗျာကိုဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ်ယုံကြည်မှုမြင့်မားလာစေပါမည်)
ငါ့ကဗျာကိုဖတ်ပါ
ငါ့ကဗျာကို နောက်လှည့်မကြည့်ဘဲဖတ်ပါ
ကဗျာကြောင့် ဂေဟစနစ်ကြီးပျက်စီးသွားနိုင်ပါ့မလား
ကဗျာတပုဒ်ကြောင့် တောတအုပ်ကုန်မသွားနိုင်သလိုပေါ့
Recycle လုပ်ပြီး ကဗျာတွေကိုရေးရကောင်းမလား
ဟိုမှာ..အမှိုက်ပစ်နေတဲ့ပုံကလေး
(ကဗျာကိုဖတ်ပြီးလျင် အမှိုက်ပုံးထဲသို့ထည့်ပါ)
အိုင်စတိုင်းကပြောတယ်
ငါတို့ တွေးခေါ်ပုံကလွဲပြီး အရာရာပြောင်းလဲသွားပြီ .. တဲ့
ဟုတ်တယ် ကဗျာဟာအနုပညာမဟုတ်ဘူး
ဂလိုဘယ်ကဗျာဟာ Global Entertainment ဖြစ်တယ်
Global Issue ဖြစ်တယ်
Global Tissue တောင် ဖြစ်ရင် ဖြစ်မယ်
" အသားအရောင်၊ဇာတ်နဲ့လိင်ကွဲပြားမှု " ဆိုတာ ဘာလဲ
" နိုင်ငံရေးဝါဒနဲ့ကိုးကွယ်ယုံကြည်မှု " ဆိုတာကရော
(ဤကဗျာများကို လူမျိုးဘာသာမရွေး စားသုံးနိုင်ပါသည်)
" Think Global, Act Local " ... တဲ့
ငါ့ကဗျာရဲ့အသံဟာ ငါ့တိုင်းပြည်ရဲ့အသံပဲ
ဒါပေမယ့် ငါ့ကဗျာမှာ
လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံတကာ ကဗျာဆက်ဆံရေးမူဝါဒရှိတယ်
နိုင်ငံရေး Forecast တွေလို
အချက်အလက် ၁ဝ % ၊ ကောလာဟလ ၃ဝ % ၊ ရော်ရမ်းမှန်းဆချက် ၆ဝ % နဲ့ ကဗျာတပုဒ်ဖြစ်လာပါ့မလား
ငါ့ကဗျာကို ဖတ်ပါ
သမ္မတ၊ အစိုးအရအဖွဲ့နှင့် လွှတ်တော်ကို တာဝန်မခံတဲ့ကဗျာတွေပေါ့
ကဗျာဟာ သူ့ခံစားမှုကိုသာ တာဝန်ခံတာပါ
(ဤကဗျာများသည် ကဗျာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
ငါ့ကဗျာ ...
ဘယ်အထိများချိန်ရွယ်ထားနိုင်ပါ့မလဲ
ဥရောပရဲ့ဗဟိုချက်လား .. ဝေးပါသေး
တိန်အန်မင်
အလွန်ဆုံး ပြုံးယမ်းပေါ့
ရောက်လှ ဥရောပတဝက်နင်းထားတဲ့ ကရင်မလင်ပေါ့
အာဏာရှင်တခေတ်လုံး
ပြည်သူ့ရင်ပြင်မှာ
တကိုယ်တော်ကဗျာတွေနဲ့အသေခံဖောက်ခွဲခဲ့သူ
ကဗျာဆရာတယောက်ရှိခဲ့တယ်ဆိုရင်
အဲဒီလက်မရွံ့ကဗျာဆရာဟာ
" ငါ " မဟုတ်ပါဘူး
" လှသန်း " ပါ ... ။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home