၃၃ လမ်းရဲ့ ဝေဒနာဟောင်း
အရောင်တွေ
အရုပ်တွေနဲ့၊ လိမ်တဲ့ ညာတဲ့
စာအုပ်တွေအပေါ်၊ ကျော်လွှားသွားလျက်
မလှပမှ
လှပခြင်းသို့၊ အလင်းငှဝေ
စာအုပ်တွေကို၊ ကျေနပ်ကြီးစွာ
လှမ်းကာရွေးလျက်၊ အဲဒီလက်
ယောက်ျားပျို တယောက်ရဲ့လက်။
တဆက်ထဲမှာ
ကြာနွယ်ညွှတ်ပျောင်း၊ ဖယောင်းလိုနု
လက်တစ်ခုဟာ
စာအုပ်ဖိုးကျသင့်ငွေ ရှင်းပေးလိုက်တယ်။
လက်နှစ်လက်ရဲ့
မျက်နှာနှစ်ခု၊ တခုက ယောက်ျား
မေးရိုးကားကား၊ ပြတ်သားတဲ့အသွင်။
နောက်တစ်ခုက
နုနုဖြူဖြူ၊ သူမ သူမ
လှတဲ့ ယဉ်တဲ့၊ ကြင်နာမှုသခင်။
၃၃ လမ်း
စာအုပ်တန်းမှာ၊ ပြုံးပန်းဝေကြွေ
"သူမ" နှင့် "သူ" ၊ ချစ်သူနှစ်ဦး
ကြည်နူးနေပုံ၊ ဆုံဆိုက် ကြုံခိုက်
ရင်ခုန်ခုန်နဲ့၊ သတိရလာတယ်။
တချိန်ကဆို
သူတို့လိုဘဲ
မင်းလဲ စာအုပ်တွေ ၀ယ်ပေးဘူးပါတယ်။
ဆွေးနွေးကြ
ငြင်းခုံကြသေးတယ်။
အောက်ဆုံးဘ၀တွေကြား
လျှောက်သွားခဲ့ကြဘူးသေးတယ်။
ခွင့်ပြုကွယ်ဆိုတော့မှ
အို၊ မျက်ရည်ဝိုင်းပြီး မင်း အသနားခံတယ်။
နောက်ဆုံးကျတော့
ရာဇသံနဲ့ လမ်းခွဲသွားတယ်။
မဆန်းလှလဲ
မေ့မရတဲ့၊ ဒို့များရဲ့အကြောင်း
ဟောင်းတော့ ဟောင်းခဲ့ပါပြီလေ။
အဖြစ်ဟောင်းလဲ
အဟောင်းလိုသာ၊ ပြာကျမွကြေ
လေနှယ်လွင့်ပါး
ပျောက်ကွယ်သွားက ကောင်းလေစွ။
'သူမ' နှင့် 'သူ'
ချစ်သူတို့လဲ၊ ဒို့များလိုသာ
ဇာတ်နာနှင့်ဆုံး
နိဂုံးမချုပ်က ကောင်းလေစွ။
၃၃ လမ်း
စာအုပ်တန်းမှာ၊ ဝေဒနာဟောင်း
အလောင်းဖော်တူး၊ ခံစားမူးယစ်
စိတ်ကူးရုပ်ပုံ၊ နွမ်းလျလျ။
အောင်ချိမ့်
Labels: အောင်ချိမ့်