ပျင်းရိစဉ်ကာလများ
နေမြင့်တဲ့အထိအိပ်နေမယ်
တစ်ကြိုးကိုဒုံ ဒုံ လို့မြည်အောင်တီးမယ်
ပြတင်းပေါက်ကိုဖွင့် ဖီလော်ဆော်ဖာတစ်ယောက်လို
လမ်းမကိုကြည့်နေမယ်
ဘာမှမလုပ်ဘူး
တစ်ကြိုးက ဒုံ လို့မြည်တယ်
နှစ်ကြိုးက ဒွန် လို့မြည်တယ်
မှန်ကိုကြည့်ပြီး မပြုံးရယ်ပဲနေမယ်
ငါ့အကြောင်းကိုဘယ်သူမှမစဉ်းစားမိအောင်
တိတ်ဆိတ်နေမယ်
နေဟာငါ့ဦးခေါင်းအထက်ကမ္ဘာ့ခေါင်မိုးပေါ်ကနေ
ဖြတ်သွားလိမ့်မယ်
မြက်ခင်းထဲမှာပိုးကောင်သေးသေးလေးတွေ
ပုန်းအောင်းနေလိမ့်မယ်
ဝင်ရိုးစွန်းတစ်ဖက်မှာ နွားအိုကြီးတစ်ကောင်ဟာ
တလှုပ်လှုပ်နဲ့ မြက်ခင်းရှိရာဆီ
လှမ်းလာနေလိမ့်မယ်
မိုးတိမ်တွေက လူတွေငါ့ကိုမေ့နေအောင်
ဖုံးကွယ်ထားလိမ့်မယ်
သစ်ရွက်ဟာလေပြည်နဲ့ စကားလက်ဆုံကျနေလိမ့်မယ်
သစ်သီးတောင်းကိုထမ်းလို့ လမ်းအတိုင်း
လျှောက်နေသူဟာ
တဖြည်းဖြည်းဝေးသွားတယ်
ဘယ်တုန်းကမှ မစတင်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ
ငါ့ဘာသာတိတ်ဆိတ်နေတာ။
နေမျိုး
စာပြီးနှစ် ၁ ၁၁ ၂၀၁၇
ည၁၀း၁၆နာရီ
Labels: နေမျိုး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home