12 March, 2018

စစ်ကားတွေ အကုန်ကြည့်ပြီးပြီ

စပီးဘတ်က စ စိန်ဖေတင်အဆုံး
စစ်ကားတွေ အကုန်ကြည့်ပြီးပြီ

ကျနော်က
သေနတ်ပစ်ခန်းတွေ မကြိုက်ဖူး
ရေငတ်လို့
ကိုယ့်ပခုံးကို ရှပ်ရှပ်ထိသွား တဲ့
သူ့ပခုံးစွန်း အိအိ များ
ဗုံးတွေကျဲချတဲ့အခန်း မှာ
သူ့လက်ထဲ ပေါက်ပေါက် ဆုပ်တွေထည့်ပေးလိုက်တယ်
ဂျပိုးတော့ ကိုက်တာပေါ့

နဲဗားရွန်းက စ အချစ်တပွဲ စစ်ပွဲတရာ
လက်မှတ်မှောင်ခို မှ
အင်တာနက် ဘွတ်ကင် ထိ
စစ်ကားတွေ အကုန်ကြည့်ပြီးပြီ

တင့်ကားတွေ စီတန်းလို့ ညဘက်ကြီး
အမှောင်ထဲမှာ တိုးတိုး တိုးတိုး ပေါ့
နေကြာစေ့ ခွံတွေလဲ နူတ်ခမ်းနီတွေ ပျက်ကုန်ပြီ
ဇာတ်သိမ်းခန်းဟာ ဆံပင်တွေ ပွ လို့
အဲသည်တုန်းက စစ်ကားအသေးစားတွေ

လမ်းကြို လမ်းကြားမှာ
လော်စပီကာကြီးတွေ
ပန်းချီ ပိုစတာအကြီးကြီးတွေ
မာလွန်ဘရန်ဒို ဒေစီကျော်ဝင်း
အော်ကာဟစ်ကာ
စစ်ကားတွေ စစ်ကားတွေ

အဖြူအမဲ
ဆေး ရောင် စုံ မြင် ကွင်း ကျယ်
အစ
သရီးဒီ ဖိုးဒီ ရေခဲရေ ဆယ်ပြား
တမတ် တန်း သုံးထောင်
ဒူးယား စစ်ကရက် ခပေါင်း စီးကရက်
မီးခိုးတွေ မီးခိုတွေ အဆုံး
စစ်ကားတွေ
အကုန်ကြည့်ပြီးပါပြီ။

မိုးကျော်သူ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home