12 March, 2018

အသဲတစ်ခြမ်းရဲ့လိပ်စာ



ဟောဒီလောင်ဂျီတွဒ်ထဲမှာ
ဒီနေ့လည်းပုဇွန်ခေါင်းတွေပါဘဲ

မှားထွက်လာတဲ့နေရောင်ခြည်အောက်မှာ
ဒီနေ့လည်း
ကန္တာရကန်ဇွန်းပါဘဲ

ငါတိုမြို့ထဲ ဘယ်ကအကွာအဝေးတွေ
ရောက်ရောက်လာတာလဲ

ဘယ်လိုပြုံးပြုံး
အပြုံးကပြန်မတည့်တော့ဘူး
ငါတို့လမ်းတွေ ဘယ်သူဆွဲဆွဲဆန့်နေပါလိမ့်

အိမ်ငှားခနဲ့ တူတဲ့ရယ်သံတွေ
မွေးမြူရေးကြက်ဖော်ရွေမှုတွေ
အန်ဗျူးလင့်တစ်စီးလိုလက်ဆွဲနှုတ်ဆက်
အော် တွေ့ရတာ အပေါ်ဆုံးအထပ်ပါဘဲ
ဒီလိုနုတ်ဆက်ကြစို့

မီးခဏခဏပျက်တဲ့တောင်ကြားမှာ
စိတ်ကူးယဉ်ပြီဆို
ရေကအမြဲလျှံကျနေကြမဟုတ်လား

စာရေးပါဦး
ဒါ ကျနော့် အသဲတစ်ခြမ်းရဲ့လိပ်စာ
ကိုအောဒိနိပ်တွေရိုက်ထည့်လိုက်တာနဲ့
ငါးကန်ထဲကတဆင့်
ကျနော်တို့ကို လှမ်းမြင်ရပါလိမ့်မယ်

ဒီမြို့ကို ကြက်သွန်တွေနဲ့တည်ထားတာတဲ့
ခင်ဗျားမျက်ရည်တွေသုတ်လိုက်ပါဦး။

မိုးကျော်သူ
(၂၀၁၇ အလယ်ရိုးမ ကဗျာဆုရ ကဗျာ)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home