01 April, 2016

ချစ်တဲ့ လာနာ

တစ်နေ့ သေရမယ်ဆိုတာ သေချာတယ်
တစ်နေ့ ပြန်ချစ်လာလိမ့်မယ်ဆိုတာကတော့ မသေချာဘူး

'ငါ သေသွားမှာ'လို့ ပြောမိတဲ့အခါ
'မယုံပါဘူး'လို့ ဘယ်တော့မှ လာမပြောပါနဲ့

ငါ ဆဲမိမှာ
နင့်ပါးကို ဖြောင်းခနဲနေအောင် ရိုက်ပစ်မိမှာ

ပြီးမှ မသေသေးခင်အထိ
ကိုယ့်ကိုယ်ကိုယ် တက်နိုင်သမျှ မီးလောင်တိုက်သွင်းနေမိမှာ ။

ဆစ်ခ်
၂၇.၈.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

မသေးသေးတာကပဲ ဝေဒနာ ဖြစ်လာတယ်

ငါ့မှာ
နေပျော်စရာ သို့မဟုတ် ပျော်နေစရာ
ေ န ရ ာ မ ် ာ း ရွ ာ း ပ ါ း လ ာ ရ ။

ဆစ်ခ်
၁.၉.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

ငါနဲ့ပတ်သတ်လာရင်
မင်းရဲ့ ပကတိနားတွေကိုတောင် မင်းမယုံပါနဲ့

အစစ်အမှန် ငါဟာ
မင်းကို မပြောဖြစ်ခဲ့တဲ့ စကားတွေထဲမှာပဲ ရှိတာပါ ။

ဆစ်ခ်
စက်တင်ဘာ ၊ ၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

နာမည်ကြီးမင်းသမီးတွေကို ပြစ်မှားရတာ လွယ်ပါတယ်
မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့ရာ မလွယ်ကူပါဘူး

ငါ့ကိုယုံပါ
ဒါမှမဟုတ်
ချစ်ခြင်းမေတ္တာကို ယုံပါ ။

ဆစ်ခ်
၂၄.၁၂.၂၀၁၄

Labels: ,

ချစ်တဲ့ လာနာ

ငါ့ ဘဝ
ငါ့ ကြမ္မာ
ငါ့ ချစ်ခြင်းမေတ္တာ

အကုန်လုံး ပိုးစိုးပက်စက် စော်ကားခံရ

ဘယ်သူ့ကိုမှ ထပ်မံပြသဖို့ ဆန္ဒမရှိတော့လောက်အောင်
ကြည်စင်တောက်ပသွားတဲ့ ငါအရောင်အ၀ါ ။

ဆစ်ခ်
၁၈.၈.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

နှလုံးသားနာဖျားရတယ်ဆိုတာ လွယ်တာမှတ်လို့

ငါ ကယောင်ကတမ်းတွေ လျှောက်ပြောမိတဲ့အခါတောင်မှ
မင်းက ချစ်တယ်လို့ပဲ အဆက်မပြတ် ကြားနေပေးပါ ။

ဆစ်ခ်
၂၄.၈.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

မဖြစ်နိုင်တာ သိသိကြီးနဲ့
ငါ့စိတ်ကို မီးလာလာမညှိပါနဲ့

ငါက လောင်ပြီဆို
သူများတွေထက် ၁၃၆၇၅၉ဆ ပိုပြာကျလွယ်တယ် ။

ဆစ်ခ်
၂၈.၇.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

အချစ်ဟာ ကြေကွဲစရာကြီးပေါ့

လမ်းမတူပဲ
လူချင်းတွေ့ခဲ့ကြတဲ့အခါ ။

ဆစ်ခ်
၂.၇.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

ချစ်တယ်လို့ မပြောပါပဲနဲ့
ချစ်တယ်လို့ ခံစားနေရတာ အန္တရာယ်သိပ်များတယ်

ငါ့ကို
ဘယ်သောအခါမှ မကယ်တင်ပါနဲ့ ။

ဆစ်ခ်
၁၇.၆.၂၀၁၅

Labels: ,

ချစ်တဲ့ လာနာ

ဖြစ်နိုင်ရင် ကောင်းကင်ဘုံကို ရောက်ချင်တာပေါ့

လူယောက်ျားတစ်ယောက်က လူမိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ
ငရဲနဲ့ ပိုနီးကပ်တဲ့အရာပဲ

ငါ့ စွန့်လွှတ်စွန့်စားခဲ့ခြင်းများ
ဘုရားပွင့်သလို ပွင့်ပါစေသား ။

ဆစ်ခ်
ဇန်န၀ါရီ ၊ ၂၀၁၆

Labels: ,

ချစ်တဲ့ လာနာ

ငါ့ကို
စောက်ပြဿနာတွေကြားထဲက မြန်မြန်လာခေါ်ပါ ။

ဆစ်ခ်

Labels: ,

ချစ်တဲ့ လာနာ

မမြင်ကွယ်ရာက ဓားဟာ အားအပါဆုံးပါပဲ

ငါ့ကျောဘက်မှာ
ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ လူတွေချည်း ရပ်နေတယ် ။

ဆစ်ခ်
7.5.2015

Labels: ,

ချစ်တဲ့ လာနာ

တစ်ခါငြင်းပယ်ခံလိုက်ရတာနဲ့
တစ်သက်လုံးခိုက်ခိုက်တုန်နေရတော့တာပဲ ။

ဒီ ဆောင်းတွင်းကြီးမှာ ။

ဆစ်ခ်
16.12.2014

Labels: ,

ချစ်တဲ့ လာနာ

ငါနှစ်ခြိုက်စွာစားနေကျ ဆန်ထဲက
ဖွဲတွေသဲတွေ ထွက်လာသလို

ငါလေးစားမိတဲ့ ပုဂ္ဂိုလ်တွေထဲက
စောက်ရူးတွေ အများကြီးထွက်လာတယ်

ဂျောက်ဂျက်လိုပြောရရင်
အစာအိမ်ထက် စိတ်က ပိုနာပါတယ် ။

ဆစ်ခ်
21.4.2015

Labels: ,

ချစ်တဲ့ လာနာ

လွမ်းတယ်ဆိုတာလည်း ဟဲဗီးမက်တယ်လ်ပါပဲ

လူတစ်ယောက်ရဲ့ ဘ၀ဟာ
အာခေါင်ခြစ်အော်သံနဲ့ နက်မှောင်စူးရှလို့ ။

ဆစ်ခ်
ဇန်န၀ါရီ ၊ ၂၀၁၆

Labels: ,

စောင့်နေရန်

ကမ္ဘာကိုတောင်
ဖမ်းချုပ်လို့ရပြီ
နည်းပညာ
အိပ်မက်များလမ်းသင့်ခဲ့
လူကို
မိတ္တူပွားတော့မည်
ခင်ဗျား
ငြိမ်ငြိမ်နေပါ
တောင်တောင်အီအီလျှောက်မပြောနှင့်
အ၀ိဇ္ဇာပြင်တက်
မိုးကြီးလေကြီး သက်စွေလု။ ။

လူအိမ်

Labels:

အလံတိုင်

စက်မှုလယ်ယာ မွှေနှောက်လို့
ကိုယ့်မြေကိုယ့်ယာစွန့်
နယ်သစ်ပယ်သစ် အလုပ်အကိုင်သစ်ရှာရတယ်
ငါဟာ“အုတ်ကီး”လား။

အခြေမဲ့ အနေမဲ့မို့ ရောက်ရာအိပ် တွေ့ရာစား
ခြေထောက်ကြို ခြေထောက်ကြား
မျက်တောင်ညို မျက်ထောက်ဆိုးတွေကြား
ကိုယ့်အတတ်နဲ့ကိုယ် ခရီးလှည့်လည်သွားရတယ်
ငါဟာ“ဂျစ်ပစီ”လား။

ဒီနေ့လည်း မသေချာ
နက်ဖြန်အတွက်လည်း မသေချာ
ဝင်ငွေရစရာ အလုပ်အကိုင်မရှိ
လူဆိုတဲ့ အမှတ်လက္ခဏာကလွဲ
နိုင်ငံသားလို့ ပြောရလောက်အောင်
သက်သေခံကတ်ပြားလည်းမပါ
သူငယ်ချင်းတစ်ယောက်အိမ် စုနေ
လက်ရှိခဏကို အလျဉ်းသင့်သလို ဖြေရှင်းရတယ်
ငါဟာ “ပီဆာနိုး”လား။

ကျွန်ဘ၀ကတော့ လွတ်မြောက်ပြီ
နေစရာအိမ်မရှိ စားစရာမရှိ
စစ်တပ်ကို အိမ်လုပ်
ဘ၀တူချင်း ပြန်စစ်ခင်းရတယ်
ငါဟာ“နီဂရိုး”လား။

အလိုမတူလို့
ဘ၀ကနေ စွန့်ခွာတဲ့အခါ
“ဗန်ဂိုး”မှာ သေနတ်တစ်လက်ရှိတယ်
“မာယာကော့ဖ်စကီး”မှာ သေနတ်တစ်လက်ရှိတယ်
“ဟဲမင်းဝေး”မှာ သေနတ်တစ်လက်ရှိတယ်
“ဂျက်လန်ဒန်”မှာ သေနတ်တစ်လက်ရှိတယ်
“ကာဝါဘာတာ့”မှာ သေနတ်တစ်လက်ရှိတယ်
“ကတ်ကိုဘိန်း”မှာ သေနတ်နှစ်လက်ရှိတယ်
မြို့မငြိမ်းသာ ဖိနပ်တစ်ရံသာ ချန်ထားခဲ့
ဒါပေမဲ့
အချစ်ဟာ အချစ်ပဲ စစ်ဟာ စစ်ပဲ
နိုင်ငံရေးဟာ နိုင်ငံရေးပဲ
တော်လှန်ရေးဟာ တော်လှန်ရေးပဲ
အနုပညာဟာ အနုပညာပဲ။

“မြိုမငြိမ်း”လို “ဗင်းဆင့်”လို
“ဟဲမင်းဝေး”လို“မာယာကော့ဖ်စကီး”လို
“ဂျက်လန်ဒန်”လို “ကာဝါဘာတာ့”လို
“ကတ်ကိုဘိန်း”လို
ငါ့ကိုယ်ငါ သတ်မသေနိုင်ဘူး။

“သန့်ရှင်းသော လက်တစ်စုံပေါ်
ဘာအမှုန်မှ မငြိတွယ်ပါစေနဲ့”
သမ္မတကြီးလုပ်ပြီး ရှစ်နှစ်အကြာ
သန်ရှင်းတဲ့ လက်တစ်စုံ
အိမ်ပြန်သယ်နိုင်ခဲ့တယ်တဲ့
“သောမတ်ဂျက်ဖာဆင်”ရေ
ခင်ဗျားကို လေးစားတယ်။

“ငါတို့ဟာ
မနက်ဖြန်မှာ သူရဲကောင်းတွေ ဖြစ်ရင်ဖြစ်
မဖြစ်ရင် အာဇာနည်တွေ ဖြစ်ကုန်လိမ့်မယ်”တဲ့။
နိုင်းမြစ်ဝှမ်းကို ဆန်တက်ခဲ့
“နယ်လ်ဆင်”ကို သတိရတယ်
“ဂျော့”လို
“လင်နီ”ကို ငါမသတ်ရက်ဘူး
“ဟာစရီပါး”လို
လူမြင်းတစ်ကောင် ငါအဖြစ်မခံနိုင်ဘူး
ပဉ္စမံတစ်ယောက်လို
ငါ့ကိုယ်ငါ ရောင်းမစားနိုင်ဘူး
ဘေးဒုက္ခနဲ့ ကြုံတဲ့အခါ
ကိုယ့်ရင်သွေးကိုယ်ပိုက်
“အဲလစ်ဇာ”လို
ရေခဲမျောတုံးတွေပေါ် ဖြတ်ပြေးမယ်။

“ဖော့ရက်စ်ဂန့်”လို
ငါ့ခြေထောက်တွေ
သန်မာသည်ထက် သန်မာအောင်
ငါလေ့ကျင့်မယ်။

“ကွန်မန်ချီ”တစ်ယောက်လို
ကိုယ့်မြေကိုယ့်ယာအတွက်
ကိုယ့်အသက်အိုးအိမ်စည်းစိမ်အတွက်…
ကိုယ့်မျိုးနွယ်အတွက်…
နောက်ဆုံးမြေ တစ်လက်မကျန်သည်အထိ
ငါခံတိုက်မယ်။

အချစ်ရေ
ကိုယ့်အလံနဲ့ကိုယ် အန္တရာယ်သင့်နေခဲ့
ငါဟာ အလံတိုင်လေးပါ။

လူအိမ်
သောင်းပြောင်းထွေလာရယ်စရာ၊မေ၊၂၀၀၃

Labels:

စကြ၀ဠာဆန်ခြင်း

“မျှော်လင့်ခြင်းဆိုတာ
တစ်ခါတစ်ရံ ကြုံရတဲ့ကြယ်ကြွေမှုတစ်မျိုးဖြစ်တယ်”  

တစ်။       ။
ဘယ်ကိုမှ သွားစရာလာစရာမရှိတဲ့အခါ
ဘယ်ကိုမှ မသွားနိုင် ၊မလာနိုင်တဲ့အခါ
ဘယ်ကမှ မသွားရ မလာရတဲ့အခါ
ဘယ်ကိုမှ သွားဖို့လာဖို့ မတက်နိုင်တဲ့အခါ
ကျွန်တော်
ကိုယ့်နေရာလေးမှာ ကိုယ်ထိုင်နေလိုက်တာပါပဲ။

လူ့ပြည်လောက
လူ့ဘ၀ဆိုတာကလည်း
ဘယ်မှာနေနေ
ဘယ်သွားသွား
လူတွေရှိရာ လူတွေလာပြီး
လူတွေနဲ့ပဲ စည်းကားနေခဲ့တာ မဟုတ်လား။

တိရိစ္ဆာန်တွေရှိရာ တိရိစ္ဆာန်လာတဲ့ဆိုတဲ့အဖြစ်မျိုးက
အမဲလိုက်ခြင်း
ငါးဖမ်းခြင်း
တ်ရိစ္ဆာန်ရုံ အလည်အပတ်သွားခြင်း
..ဆိုတာတွေလောက်ပဲ ဖြစ်မှာပါ။

ဒါတောင်
ေ၀ေနယ်ထဲ
လူဆိုတာ အန္တရာယ်အရှိဆုံး သတ္တ၀ါမို့
တိရိစ္ဆာန်တွေ ရှောင်ကြတိမ်းကြဦးမှာ။

နှစ်။      ။
ကျွန်တော့်သူငယ်ချင်းတွေ
တချိုက အမေရိကရောက်ဖူးသတဲ့
ဂျပန်ရောက်ဖူးသတဲ့
အင်္ဂလန်ရောက်ဖူးသတဲ့
ဖင်လန်ရောက်ဖူးသတဲ့
သြစတြီးယားရောက်ဖူးသတဲ့
တူနီးရှားရောက်ဖူးသတဲ့
မလေးရှားရောက်ဖူးသတဲ့
အင်ဒိုးနီးရှားရောက်ဖူးသတဲ့
တချို့ နိုင်ငံစုံရောက်ဖူးသတဲ့
ခါးပတ်ပါလို့
ကမ္ဘာကိုတောင် ပတ်ပြီးပြီ တဲ့။

ပြဿနာမရှိပါဘူး။
ကျွန်တော် ကမ္ဘာရောက်ဖူးပါတယ်
စကြ၀ဠာရောက်ဖူးပါတယ်
ကြယ်ပြာတွေဆီ ရောက်ဖူးပါတယ်။

ကြီးမားကျယ်ပြောလှတဲ့
ဟောဒီ စကြ၀ဠာအနန္တကြီးထဲ
ကမ္ဘာဆိုတာ
ရွာလေးတစ်ခုသာ မဟုတ်လား
အဲဒီရွာလေးထဲ
နိုင်ငံဆိုတာ ဖယ်လိုက်ရင်
လူမျိုးဆိုတဲ့ ၀ိသေသကို ဖယ်လိုက်ရင်
ကျွန်တော်ဟာ ကမ္ဘာသား
ကမ္ဘာလူမျိုးပေါ့
ဒီထက်ပိုလို့
အတွေးကို အဆုံးအစွန်လွှတ်
ထပ်မံကြီးကျယ်လိုက်ရင်
ကျွန်တော်ဟာ စကြ၀ဠာသား။

သုံး။      ။
ကျွန်တော့်အထက်မှာ ဘာတွေ ရှိမလဲ
ကျွန်တော့်အောက်မှာ ဘာတွေ ရှိမလဲ။

ကျွန်တော်ကအထက်မှာ ငှက်တွေ ရှိမှာပေါ့
ငှက်တွေ အထက်မှာ လေယာဉ်ပျံတွေ ရှိမှာပေါ့
လေယာဉ်ပျံတွေ အထက်မှာ တိုက်လေယာဉ်တွေ ရှိမှာပေါ့
တိုက်လေယာဉ်တွေ အထက်မှာ ဒုံးယာဉ်တွေ ရှိမှာပေါ့
ဒုံးယာဉ်တွေ အထက်မှာ ဂြိုဟ်တုတွေ ရှိမှာပေါ့
ဂြိုတ်တုတွေအထက်မှာ မိုးကောင်းကင် ရှိမှာပေါ့
မိုးကောင်းကင်အထက်မှာ အာကာသယာဉ်ရှိမှာပေါ့
အကာသယာဉ်အထက်မှာ
(လူတွေ ပြောပြောနေတဲ့)
နတ်တွေ သိကြားတွေ ဗြဟ္မာတွေ
ကောင်းကင်ဘုံတွေ နတ်ပြည်တွေ ဗြဟ္မာပြည်တွေ ရှိမှာပေါ့။

ကျွန်တော့်အောက်မှာ
ရေထု
မြေထု
လေထု
တစ်လှည့်စီ ရှိမှာပေါ့။

ရေထု မြေထု လေထုတွေ အောက်မှာ
ပုခုံးညောင်းပြီး သနားစရာကောင်းတဲ့
ဗြဟ္မာကြီးလေးဦးဆိုတာ ရှိမှာပေါ့။

လေး။      ။
“မြေကို ထွန်ယက်ပါ
စားပွဲဝိုင်းကို တည်ခင်းပါ
အိမ်ရာကို ပြင်ဆင်ပါ”
ကိုယ်က ဘယ်ကိုမှ မသွားနိုင် မလာနိုင်တဲ့အခါ
မရောက်နိုင် မပေါက်နိုင်တဲ့အခါ
သွားနိုင် လာနိုင်သူ
စားနိုင် သောက်နိုင်သူတို့
ကိုယ့်ဆီလာရောက် လည်ငေးကြလိမ့်မပေါ့။

ငါး။      ။
တစ်ခါတစ်ခါ
ကျွန်တော်ရှိရာ
အမေရိက က လူရောက်လာတယ်
အဖရိက လူရောက်လာတယ်
ဘာလင်မြို့သူရောက်လာတယ်
ပဲရစ်လေယာဉ်မောင်းသမားရောက်လာတယ်
ဆွစ်ဘဏ်သူဌေးရောက်လာတယ်
နယူးယောက်က စတော့ရှယ်ယာပွဲစားရောက်လာတယ်
ဘာလီကျွန်းသားရောက်လာတယ်
တရုတ်သစ်ကုန်သည်ရောက်လာတယ်
စကော့တလန်အရက်ချက်သမားရောက်လာတယ်
ဆောဒီရေနံသူဌေးရောက်လာတယ်
လန်ဒန်တက္ကစီဒရိုင်ဘာရောက်လာတယ်
တိုကျိုမြေအောက်မီးရထားဝန်ထမ်းရောက်လာတယ်
ဘရော့ဒ်ဝေးက ဇာတ်သမရောက်လာတယ်
ဆစ်ဒနီက ကဇာတ်ရေးဆရာရောက်လာတယ်
ဗင်းနစ်မြို့က ပြည်တန်ဆာမလေးရောက်လာတယ်
ရောက်လာတယ်…..။

အရပ်မြင့်မြင့်
ငွေမြင့်မြင့် မြင်တိုင်း အိနြေ္ဒမရ ဖြစ်နေတက်
ဧည်ကြိုနဲ့ဟိုတယ်ပြတင်းပေါက်ကြီးများလို
လိုက်ကြည့်ငေးမော ကျွန်တော် လိုက်လုပ်မနေနိုင်ဘူး
ထီးကိုင်၊ အိတ်ကိုင် လုပ်မနေနိုင်ဘူး။

မေးလို့
ပြောစရာရှိတာ ပြောလိုက်မယ်
အကူအညီလာတောင်းလို့
ပေးနိုင်တာရှိ ပေးလိုက်မယ်
ကျန်တာတွေက
ကိုယ့်အထာနဲ့ ကိုယ်ပေါ့။

ကမ္ဘာလူမျိုး
ကမ္ဘာသား ကျွန်တော်
ကမ္ဘာကြီးထဲမှာ နေထိုင်ပါတယ်
ရေခြားမြေခြား အမြင်အရ ကြည့်ရင်
ကျွန်တော်ဆိုတာလည်း
နိုင်ငံခြားသားပဲ မဟုတ်လား။

လူအိမ်
ဟန်သစ်။စက်တင်ဘာ။၂၀၀၃

Labels:

တိုင်မှာ တိုင်စရာမရှိပါ

အဲဒီနေ့က
ဥက္ကဌကြီးဟာ မိန်းမနဲ့စကားများလာပုံရတယ်
ရုံးရောက်တော့
(အကြောင်းမရှိအကြောင်းရှာ)
မန်နေဂျာကိုဟောက်တော့တာပဲ
မန်နေဂျာကလည်းဘယ်ရမလဲ
လက်အောက်က လက်ထောက်ကိုငေါက်တာပေါ့
လက်ထောက်ကလည်း ဘယ်ရမလဲ
သူ့အောက်ကစာရေးမကိုဆူတာပေါ့
စာရေးမကလည်း ဘယ်ရမလဲ
သူ့အောက်က ပြွန်းခေါ်,ပြာတာခေါ်
ရုံးစေကို ပွမ်တာပေါ့
ရုံးစေကလည်းဘယ်ရမလဲ
သူ့ဘေးနားလှဲအိပ်နေတဲ့ ခွေးကို
နံဘေးပိတ်ကန်တာပေါ့
"ကိန်"ကနဲ အသံကြားလိုက်အပြီး
ခွေးကလည်း ဘယ်ရမလဲ
ခွေးနည်းခွေးဟန်နဲ့ခွေးပြဿနာကို ဖြေရှင်းရှာတယ်
သူ့ဘေးနား တောင့်တောင့်ကြီးမတ်နေတဲ့တိုင်ကို
သေးနဲ့ကပ်ပန်းတာပေါ့
ငုတ်တုတ်မေ့တယ်ဆိုတာ ဒါကိုပြောတာလားမသိဘူး
တိုင်ကြီးခမျာ ပါးစပ်အဟောင်းသား
တိုင်စရာမရှိငုတ်တုတ်ပေါ့
အားလုံးကို ခြုံပြီးပြောရရင်
အဲဒီနေ့က မန်ယူနဲ့အာဆင်နယ်ပွဲမှာ
ကြားထဲက ချယ်ဆီးဖလားရသွားသလားပဲ။          ။
                                                           
လူအိမ်
၂၀၁၂ ၊ စက်တင်ဘာ။Beauty မဂ္ဂဇင်း။

Labels:

ဂျော်နီ

သိတယ်
ရပ်ကွက်ထဲမှာ ဂျော်နီပျောက်သွားပြီဆိုတာ
ရပ်ကွက်ထဲမှာတော့မဟုတ်ဘူး
တစ်နေရာရာမှာ တကယ်ဖြစ်နေတာ
အလုပ်သာ မည်မည်ရရမရှိတာ
ဂျော်နီက ရေလျှံတယ်
ကိုင်လိုက်ရင် အရွက်ကြီးတွေချည်းပဲ
တစ်ခါတစ်ခါ
ရပ်ကွက်ထဲက ရှပ်ကီဆိုင်မှာ ဂျော်နီ ထိုင်နေပြီဆို
သူ့ဝိုင်းဆီ ဘယ်သူမှ စေ့စေ့မကြည့်ရဲဘူး
သူ့ဝိုင်းက တော်တော် တောင့်တာ
လူလည်း စုံတယ် အမြည်းလည်း စုံတယ်
ရက်ကွက်ထဲက လူတွေတော့ မဟုတ်ဘူး
ဂျော်နီအပြောအရ ဒါ သူတို့အပိုင်သားတွေတဲ့
တလောကဆို
သူတို့အပိုင်သားတစ်ယောက် ဆိုင်ကယ်အဖမ်းခံရတာ
ဂျော်နီတို့ရောက်သွားဆို ထုတ်ပေးလိုက်ရပဲ တဲ့
ဘယ်နေ့က ဘယ်နေရာမှာ ဘယ်သူ့ကို ကိုင်ထည့်လိုက်တာလဲ
သူတို့အပိုင်သားပဲ တဲ့
ပြီးတောက ဂျေိာနီက ပြောသေးတယ်
သူ လူသတ်ဖူးတယ်
ဒါပေသိ ဥပဒေလက်တစ်လုံးခြားလုပ်တဲ့နေရာမှာ
ရှေ့နေတွေ တရားလူကြီးတွေထက်တောင်
သူက ပုဒ်မတွေကို ကျွမ်းကျင်သေးတယ် တဲ့
ဒါကြောင့်လည်း
နရသိန်ထောင်နန်းအကြာကြီး စံမြန်းအချိန်မှာ
ရက်တိုတိုနဲ့ မဟာတံတိုင်းအပြင်ဘက်ကို
ဖောက်ထွက်လာနိုင်ခဲ့တယ် တဲ့
အော် ...ဒါနဲ့ စကားမစပ်ပြောရဦးမယ်
ဂျော်နီ တကယ်တမ်းလုပ်တဲ့အလုပ်က
"အော်ဂနိုက်ဇာ "ဆိုလား၊ " ကောင်တာ"ဆိုလား
အရေးကြုံလာရင် အရေးအခင်းတခုကို
ဆန့်ကျင်နှိမ်နှင်းဖို့ လူလိုက်စုပေးရတာ တဲ့။.....။

လူအိမ်
"Organizer"
"Counter"

Labels:

နေ့တစ်နေ့

နာရီစင်လို အလန့်တကြား ထအော်တတ်တာကလွဲပြီး
ဘယ်ဆီဘယ်ဝယ် ပျံသန်းသွားမှန်းမသိတဲ့ငှက်ဟာ
ငါ့ဆီ ပြန်မရောက်ဘူး
မင်းဆီပြန်မရောက်ဘူး
သူဆီလည်း သူ ပြန်မရောက်ခဲ့ဘူး
ရေပွက်ပမာ ငြိမ်ဆိတ်လေရဲ့။

ဒီလိုပါ
ငှက်တွေထက်အရင် ကာားတွေနိုးပြီး
ကားတွေထက်အရင် မှတ်တိုင်တွေနိုးကာ
မှတ်တိုင်တွေထက်အရင်
လူတွေနိုးလာခဲ့ခြင်းဖြစ်တယ်
မိုးလင်းသွားမှာကြောက်သူရဲ့
တောက်လျှောက်မက်နေတဲ့ အိပ်မက်လည်းဖြစ်တယ်။

ဒီလိုပါ
၃၆၅ရက်မှာ
၃၆၅ရက်လုံးလုံး
စိတ်လက်မချမ်းသာဖြစ်နေသူရဲ့
ရေရွတ်မှုလည်းဖြစ်တယ် ။

ဒီလိုပါ
အိမ်မွေးတိရိစ္ဆာန် သတ်ရမှာစိုးတာနဲ့
သားအသက် ဆုံးရှုံးခံလိုက်ရသူ မိခင်ရဲ့
ယူကြုံးမရလည်းဖြစ်တယ်
အဖြေမတွေ့သေးသော ရောဂါအတွက်
ဆေးဝါးလက်ဦးမှု လိုချင်နေသူရဲ့
အချက်အလက် စုဆောင်းနေမှုလည်း ဖြစ်တယ်။

ဒီလိုပါ
သွေးစက္ကူများ ဘဏ်ထဲအိပ်ပျော်သွားစဉ်
ကျောက်မီးသွေးတွင်းထဲ
လူအချို့ ပိတ်မိနေခဲ့ခြင်းလည်းဖြစ်တယ် ။

ရေခဲပြင်တွေ ပိန်ချုံးလာပြီး
သစ်ပင်တွေ အမဲလိုက်ခံနေရကာ
ရေကူးကန်ထဲ ရွှေငါးလေးတွေ ကူးခတ်စဉ်
ကန္တာရနေပြည့်မှာ
ရေမတွေ့နိုင်ဖြစ်နေသူရဲ့ ညှိုးငယ်မှုလည်း ဖြစ်တယ်။

ကဖေးအေရိုမာရှိရာ သွားသူသွားပြီး
မတီနီမြစ်ထဲ လျှာလေးတွေ ချော်လဲကျကာ
သင်္ဘောတစ်စီး လေညင်းခံထွက်စဉ်
အကြိုအပို့ကားများ
စက်ရုံထဲ ခေါင်းထိုးဝင်သွားခဲ့ခြင်းလည်း ဖြစ်တယ်။

မော်တော်ကားတစ်စီး မောင်းနှင်သွားစဉ်
လေယာဉ်တစ်စင်း ပျံသန်းသွားစဉ်
လူတွေ ကွင်းပြင်ထဲ ဆင်းလာခဲ့ခြင်းလည်းဖြစ်တယ်။

ရေနံတင် သင်္ဘောတစ်စီး မောင်းနှင်သွားစဉ်
ယူရေနီယံ အငြင်းပွားစဉ်
အနုမြူကိစ္စ ညှိနိုင်းစဉ်
ဝိုင်ယာကြိုးတစ်ချောင်းထွက်ကျလာခဲ့ခြင်းလည်းဖြစ်တယ် ။

ငှက်ဖြူလေးအကြောင်း စကားဟစဉ်
ကရုဏာအကြောင်း တေးဖွဲ့စဉ်
(ဆူဒန်တော အုပ်ထဲ)
လူတွေ အစုအပြုံလိုက် ထွက်ပြေး
သတ်ဖြတ်ခံနေရခြင်းလည်းဖြစ်တယ် ။

စေ့စပ်ကမ်းလှမ်းမှုပြုစဉ်
အစည်းအဝေးတစ်ခု ကျင်းပနေစဉ်
လက်မှတ်ထိုးလုဆဲဆဲ
ဗုံးတစ်လုံး ထပေါက်ခဲ့ခြင်းလည်း ဖြစ်တယ်။

ကြင်ယာမျှော်ငေးစဉ်
မင်္ဂလာအခါတော်ပေးစဉ်
စိတ်ကူးယဉ်သမားရဲ့ နွားတစ်ကောင်
ရေထဲပြုတ်ကျသွားခဲ့ခြင်းလည်းဖြစ်တယ် ။

အစားအသောက်အကြောင်း
လူသုံးကုန်အကြောင်း
အင်တာနက်အကြောင်း
ကြော်ငြာမယ်လေးသရုပ်ဆောင်စဉ်
ပုဆိုးတစ်ထည် ချည်ကျော်သွားခဲ့ခြင်းလည်းဖြစ်တယ် ။

“ရက်စက်လှချည်လား အကြင်နာ
ထမင်းမကြွေးချင်နေပါ
ဟင်းမကြွေးချင်နေပါ
မေတ္တာရေကြည်တစ်ပေါက်
သောက်ရရင်ပဲ
ဝမ်းမြောက်လှပါပြီ”
အသည်းကွဲသမားရဲ့ သီချင်းတစ်ပိုင်းတစ်စ
ငြီးငြူနေခဲ့ခြင်းလည်း ဖြစ်တယ်။

"ဒီရုပ်ဒီရည်နဲ့
ဘယ်လိုရှေ့ဆက်တိုးရတော့မှာလဲ
ဘာမှမမြင်ရတော့ဘူး
ဘာမှလည်း မကြားရတော့ဘူး”
မဟာပဒုမ မျက်စေ့ကွယ် နားကန်းခဲ့ခြင်းလည်း ဖြစ်တယ်။

ဘုရားစာရွတ်ပြီး ထွက်လာတာတောင်
အဆင်မပြေချင်ဘူး
မွတ္ပံုတင္မရိွတဲ့ ဂမ္ဘား
ဆိပ်ကမ်းမှာ တစ်နေကုန်ထိုင်
အလုပ်မျှော်နေခဲ့တာလည်းဖြစ်တယ် ။

အတောင်ပံကျိုးတဲ့ငှက်နှယ်
ဒဏ်ရာများနဲ့ငဆိုက်
လမ်းဆုံလမ်းခွမှာ
ဖောက်သည်မျှော်နေခဲ့တာလည်းဖြစ်တယ် ။

ငွေလက်ကျန်မရှိတဲ့ ထိုးသား
ဒိုင်လျော်တာ
ငုတ်တုပ်ထိုင်ကြည့်နေရခြင်းလည်းဖြစ်တယ် ။

ဘုရားငါတို့မကြည့်တာလည်း မပြောနဲ့
ငါလည်း ဘုရားပန်းတောင်
မှန်မှန်မလဲဖြစ်တာ ကြာပြီတဲ့
အိမ်ရှင်မကြီးတစ်ဦးငြီးငြူနေခဲ့တာလည်းဖြစ်တယ် ။

သောက်သောက်
တစ်နေကုန်သောက်
သေအောင်သောက်
ဒီအရက်တွေပဲသောက်နေတဲ့
လျှာနဲ့သွား
ခလုတ်တိုက်နေခဲ့တာလည်းဖြစ်တယ် ။

ကျွန်းတစ်ကျွန်းမှာ
နာမည်ကျော် တေးဂီတတစ်ဖွဲ့
လူတိုးမပေါက်အောင်စည်ကားနေခဲ့တာလည်းဖြစ်တယ်
အပြောင်းအလဲလား
အလွဲအပြောင်းလား
ကောင်မလေးတွေက
တောင်ကိုရီးယား
သရုပ်ဆောင်မင်းသမီးလေးတွေလိုဝတ်ဆင်ပြီး
ကောင်လေးတွေက
အမေရိကန် နောက်ဖေးလမ်းကြားက
ထွက်ကျလာတဲ့
ဟစ်ဟော့ဂီတကို ဒိုက်ထိုးနေခဲ့တာလည်းဖြစ်တယ် ။

သေချာတာက
ဒီကမ္ဘာပေါ်
အငတ်ဘေးဒဏ်ကြောင့်
နေ့စဉ် ကလေး(၁၈၀၀၀)သေဆုံးပြီး
လူပေါင်းသန်း(၇၀)ဟာ
ဟောင်းလောင်း အိပ်ယာဝင်နေကြရပါသတဲ့
ငါ
ရုတ်တရက် လန့်နိုးသွား။

လူအိမ်

Labels:

ခေါင်းစဉ်မရှိတဲ့အကြောင်းအရာ

(၁)

အဲဒီလူ
တွေ့တိုင်းသစ်ရမယ်ပြောတယ်
ဘာသစ်လို့သူမပြော
သစ်အကြောင်းလည်းသိပုံမပေါ်
ဆိုပါတော့
မျက်နှာသစ်ဖို့ ရေဘယ်လောက်အရေးကြီးတယ်
သိပုံမပေါ်ဘူး။

အင်္ကျီသစ် ဘောင်းဘီသစ်
တီရှပ်သစ် မတတ်နိုင်
ဆူးလေထောင့်မှာ
အထုပ်ဖြေစောင့်နေသူတွေရှိတယ်
သိပုံမပေါ်ဘူး။

အူကြောင်ကြောင်မှ တကယ့်အူကြောင်ကြောင်
ဘယ်သူကသူ့ကိုဆာဘွဲ့ပေးလိုက်တယ်
ငါလည်းအသေအချာမသိ
ဘ၀အကြောင်းပဲ
မကောင်းလည်းမတတ်နိုင်
အဟောင်း အသစ်ပြန်ပြုရုံ
ဆေးသုတ်ထားတဲ့ဖိနပ်
ဝယ်စီးနေသူတွေရှိတယ်
သိပုံမပေါ်ဘူး။

မယားငယ် လင်ငယ်ဇာတ်နှယ်
ဒုတိယလူသားဟာ
သူများအကျ
ဒုတိယမယားကို မရရုံတမည်
သုံးဆယ့်သုံး သုံးဆယ့်လေးနဲ့
မဟာဗန္ဓုလတစ်ဝိုက်မှာ
အပေါ်စက် အောက်စက်
အ၀တ်လျှော်စက် ကက်ဆက်
လေအေးစက် ကွန်တိန်နာကျ
ဂျပန်အမှိုက်တွေရှိတယ်
အသစ်ထက်စာ
သူလေးကဈေးချိုတော့
ဝယ်သုံးသူသုံးနေရ
သူ သိပုံမပေါ်ဘူး။

မဖတ်ရသေးတဲ့စာအုပ်ဟာ အသစ်
လက်ခံထိုက်ရဲ့
ခုမှရောက်တာ သုံးထားတာတော့ကြာပြီ
အဲဒီလိုပုံနှိပ်စက်မျိုး ယာဉ်မျိုးတွေရှိတယ်
သိပုံမပေါ်ဘူး။

(၂)

တော်လှန်သော မော်စကိုဆီ
အတွင်းခံဘောင်းဘီ ၃ ထည်နဲ့
အီလီယာအာရင်ဘတ်ရောက်လာတယ်
မီးခြစ်တစ်ဆံနဲ့ရတယ်
လက်ဘက်ရည်ဆိုင်က
သကြားမရှိလို့ ပျားရည်နဲ့ဖျော်တယ်
စာရေးဖို့ စက္ကူမရှိ
အားလုံးဟာ ခွဲတမ်း
ဘောင်းဘီရှည်တစ်ထည်ရဖို့ ၆ လ
စောင့်ရတယ်
လူ ၃ ယောက်တိုင်းမှာ
၂ ယောက်ဟာ စာမတတ်
ငါတို့ဟာ
၁၉၂၀ တစ်ဝိုက်ကရုရှားတွေ
သူသိပုံမပေါ်ဘူး။

ကုမ္ပဏီကိုတော့
သေနတ်နဲ့သွားပစ်လို့ ဘယ်ရမလဲ
ရှိတာအကုန်ရောင်း
အကြံအဖန်သမားရဲ့ ကားအပျက်ဝယ်
စခန်းအလီလီ
အငတ်ဘေးအလီလီဖြတ်
အိုကလာဟိုးမားမှသည်
ကယ်လီဖိုးနီးယားပြည်နယ်အရောက်
စပျစ်သီးခူး ချီတက်ရ
ဂျွန်စတိန်းဘတ်ရဲ့ အုတ်ကီးတွေ
သူသိပုံမပေါ်ဘူး။

အမှောင်ခေတ်က ချစ်သူတွေပဲ
အမြဲစိုးထိတ်နေရ
ငါတို့ဟာ အက်စသာတွေ
ငါတို့ဟာပေါလ်တွေ
သူသိပုံမပေါ်ဘူး။
ဒုတိယကမ္ဘာစစ်ကြီးဟာ
ဥရောပမှာ ပြီးသွားတယ်
ငါတို့အတွက်တော့ မပြီးသေး
နေရာတကာ ဂတ်စတာပိုတွေ ရှိနေတုန်းပဲ
အောရှဝပ်တွေ ရှိနေတုန်းပဲ
ငါတို့ဟာ ဂတ်တိုထဲကကောင်တွေ
ပိုလန်ဂျူးတွေ
‘တာဝန်မကျေဘူးဆို
ငါ့လက်ထဲကသေနတ်နဲ့
ငါ့ကို လက်စားချေလိုက်ပါ ရဲဘော်ရယ်’
ကြေကွဲဖွယ်မြို့ရိုးမှာ ကမ္ပည်းထိုးဖို့
ကြိုးစားနေသူတွေ
ကန္တာရမှာ
ကျောက်ကိုမြေဖြစ်အောင် ထွန်ယက်နေသူတွေ
သူသိပုံမပေါ်ဘူး။

(၃)
စိတ်ကူးထဲကနိုင်ငံသစ်ဟာ
ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူး
ငါတို့ဟာ ဂျိမ်းဝိုက်ဇမန်းတွေ
ဒေးဗစ်ဘင်ဂူရီယန်တွေ
ဂိုလ်ဒါမေယာတွေ
ထပ်ပြောမယ်
ဗေဒါတကယ်ကျပ်လာပြီဆို
ဘယ်သူမှ လှေပေါ်ထိုင်နေလို့ မရတော့ဘူး။

လူအိမ်

Labels:

ကမ္ဘာမြေသို့ ပန်းပို့သူများ

တစ်ယောက်ယောက်တော့
နောက်မှာအမြဲရှိနေ
ကမ္ဘာမြေသို့ ချစ်ခြင်း လွမ်းခြင်း
ပန်းခင်းများပို့နေ

ပန်းလက်ဆောင်ဆိုတာ ယူသူက အပြုံး
ပေးသူက ဘေးလူက အရှုံးတွေ
အမုန်းတွေ ဆွေးမြည့်ဖွယ် သွေးနဲ့
အပြေး သွားကြရတယ် မတွေး
စမ်းချောင်းလေးရဲ့ အဖျား
အဖျားသွေးကပဲ စ
ပန်းစိုက်သူများ အစပြုလာ
ကမ္ဘာမြေကလည်း
ဘ၀တစ်ခုစာ စောင့်နေပါတယ်။

စိုက်ပျိုးသူ ခူးဆွတ်သူ
တစ်ပွင့်ကြွေ တစ်ပွင့်ကောက်
ကမ္ဘာထဲ ရောက်သူ
အလွမ်းများနှင့်သာ အလှဆင်ရာ
ရင်ခုန်နှုန်းမြှင့် ပွင့်မြဲပွင့်သူများသာ
ကဗျာ
ပန်းအတတ်နှင့်သာ ချစ်မေတ္တာ။

စိုက်ပြီး ပွင့်ပြီး ခူးဆွတ်ပြီးသား
ရထားမစိုက်ခင် ရူးမိုက်သူများ
သစ်တစ်ပင်ချင်း တစ်ကိုင်းချင်း
တစ်ပွင့်ချင်းမှာ
ခူးဆွတ်ရာ မရောက်
ပန်းလည်း မကောက်
ပွင့်ခြင်းများနဲ့ ကမ္ဘာမြေသို့ ရောက်နှင့်ပြီးသား
မီးရှုးမီးပန်း သံပန်းအလှ
ကြယ်ပန်းများ ။

စိုင်းဝင်းမြင့်

Labels:

ဗဟုသုတ

ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တဲ့ ပန်းသီးသုံးလုံးရှိတယ်
အာဒမ်ရဲ့ ပန်းသီး
နယူတန်ခေါင်းပေါ် ကြွေကျခဲ့တဲ့ ပန်းသီး
စတိဗ်ဂျော့ တစ်ကိုက်ကိုက်ထားတဲ့ ပန်းသီး

ကမ္ဘာကြီးကို တော်လှန်ခဲ့တဲ့ ဂျုးသုံးယောက်ရှိတယ်
ခရစ်တော်၊ကားလ်မတ်စ်နဲ့ အိုင်းစတိုင်း

မမေ့ကောင်းစရာ အဖြစ်အပျက်သုံးခုရှိတယ်
ယေရှုခရစ်၊ တိုက်တန်းနစ် နဲ့ အမေရိကန်ပြည်တွင်းစစ်

ကမ္ဘာကြီးတစ်ခုလုံး လုံးသိပ်ထည့်ထားမဟဲ့လို့
အကြံကြီးနေတဲ့ အရူးလွယ်အိတ်သုံးလုံးရှိတယ်

တစ်လုံးကို ငါ လွယ်ထားတာ
ဒုတိယအလုံးက သူ့ပခုံးပေါ်မှာ
နောက်ဆုံးအလုံးက
ဒီကဗျာကို ဖတ်လို့ပြီးခါနီးမှ
ရှက်ရှက်နဲ့ မင်း ဖြုတ်ချလိုက်တာ ။

ကိုသန်းထွန်း

Labels:

တော်လှန်ရေး

မုန်တိုင်းပင်လယ်ထဲ လှေကလေးနဲ့ ထွက်သွားသူ
သားငယ် - ဂျွန်
သူ ပြန်မလာနိုင်တော့ဘူးလား

မအေအိုကြီးတစ်ယောက်သာ မုန်တိုင်းဝင်ချိန်တိုင်း
ထွက်ထွက်မျှော်နေရှာ
"မုန်တိုင်းနဲ့ သွားသူဟာ မုန်တိုင်းနဲ့ပဲ ပြန်လာလိမ့်မယ်" တဲ့။

ကိုသန်းထွန်း

Labels:

လိပ်ပြာ

"ယုံကြည်ချက်အတွက် အသက်ပေးရဲလား"
ဆိုတော့
၁ ။ ယုံကြည်ချက်က ယုံရမှာလား
၂ ။ အသက်ပေးမှပဲ ရမှာလား

မေးခွန်းက ပိုးတုံးလုံးကြီးတစ်ကောင်လို ရိုးအပြီး လေးလံနေလို့
(ခဏစောင့်ပြီး)
အတောင်ပံနှစ်ဘက် တပ်ပေးလိုက်တာပါ ။

ကိုသန်းထွန်း

Labels:

လူ

စမ်းကြည့်တယ်
နမ်းကြည့်တယ်
သူဟာ မျောက်တစ်ကောင်ပဲ။

သစ်ရွက်ကြားတိုး ပုန်းလှိုးတယ်
သစ်ခက်ကိုချိုး တွန်းထိုးတယ်
အဲဒီအချိန်အထိ
သူဟာ မျောက်တစ်ကောင်ပဲ။

သစ်ပင်ပေါ်က ဆင်းကြည့်တယ်
မြေကြီးပေါ် နင်းကြည့်တယ်
သူ လူလုပ်တော့မယ် တဲ့

လူလုပ်ဖို့
ဆုပ်ကိုင်ထားခဲ့သမျှ သစ်ကိုင်းသစ်ခက်တွေကို
အရင်ဆုံ သူ စွန့်လွတ်ခဲ့တယ်။

ကိုသန်းထွန်း

Labels:

ခေတ္တနေ့လည်ခင်းမှ ....

အဖြစ် အပျက်က
တစ်မိနစ်တိုင်း ငြိမ်သက်နေတဲ့
အနက်ရောင်လက်ပတ်လေးတစ်ခုပါပဲဆိုတော့ ...

ငါ့ကိုယ်ငါ သွေဖည်တယ်
ဒေသခံတွေလို ရွေ့လာတယ်
သွေးထွက်အောင်မှန်တဲ့စကားတွေ ပွင့်လာတယ်
စားပွဲအောက်က စားကျက်အတုကို ပပျောက်စေချင်တယ်

အဓိပ္ပာယ်က
တရားကိုတောမှောက်မခံချင်တဲ့ နံရံတစ်ဖက်
ဒေသစံတော်ချိန်နဲ့ တပြေးညီလွှင့်နေတဲ့ခရီးမှာ ကိုယ်ထူကိုယ်ထ
လမ်းကိုမျက်မှောက်ရေးရာအသံနဲ့ ဖွင့်ထားပါတယ်....။

ထက်တည်မြင့်

Labels:

အနိဠာရုံ

ပြာပူ
ယမ်းနံ့
အလောင်းများပြည့်နေတဲ့လမ်း
ဒါအိပ်မက်
ဒါအနာဂတ်
ဒါတစ်လက်မမှ နောက်မဆုတ်ခဲ့တဲ့ကဗျာ ။

သ၀ဏ်လွှာ
လက်ဗွေနှိပ်
လောကဓံထံ ပြန်ပို့ခဲ့ရာ။

စစ်ပွဲ
စာပို့ငှက်လည်း ပြန်မလာတော့ ။

တင်လတ်ကို

Labels:

ဖျားနေတဲ့ ၀ံပုလွေ

(၁)
လှိုင်းတစ်လုံးဟာ ကမ်းခြေရောက်ပြီးရင် ရနံ့ပြယ်သွားရော
ဂျစ်ပစီတေးသွားရယ်
ကချေသည် ၀ံပုလွေတွေရယ်
အဲသလို ငါ ခွဲခြားပြလိုက်တော့
နင်ဟာ ငါ့အမာရွတ်ကောက်ကြောင်းဖြစ်လာတာ

ပင်လယ်ဟာ လျော့ရိလျော့ရဲကျွန်းလေးကို ကိုင်လှုပ်လိုက်သလိုမျိုး
ငါ နင့်ကို နွမ်းနွမ်းရှိုက်ရှိုက်နှိုးလိုက်မိတယ်
'ငါတို့ အချစ်ကျဆုံးပြီ'
'ငါတို့ အချစ်ကျဆုံးပြီ'

                      (၂)
ငါဟာ
အလွမ်းတွေထဲမှာ ပြန်ထူလို့မရတဲ့အထည်ကြီးပျက်
ငါ့တို့အချစ်ဟာ
ပြာမကျနိုင်တဲ့ မီးလောင်မှု

                        (၃)
နင့်ကို ငါချစ်တယ်
မာယာကော့(ဖ်)စကီးရင်ခေါင်းထဲက ငေါထွက်လာတဲ့
ခြေထောက်တစ်ဖက်ထက်ချစ်တယ်
နင်ဟာ
ဝီစကီယောင်ဆောင်ထားတဲ့ ရှုခင်းတစ်ခွက်
ရှုမျှော်ခင်းယောင်ဆောင်ထားတဲ့ လရောင်တစ်ချပ်
လရာင်ဟန်ဆောင်ထားတဲ့ မီးခက်ရဲရဲဓားတစ်လက်
သွေးတွေထဲ အဲဒီဓားတစ်လက်ထိုးစိုက်ထည့်လို့
ဆူပွက်လာသလိုမျိုး
ငါ နင့်ကို ချစ်တယ်

                        (၄)
အသက်ဇီဝကို ဖျာကွက်တွေလိုရက်
ငါရှိတဲ့ အချိတ်အဆက်များမှာ
ငါဟာ ဒုက္ခပြောင်းတစ်ပင်
ငါ့အပင်မှာ ငါ
အပွေးအခေါက်တွေနဲ့ မရင့်မာနိုင်ခဲ့ဘူး
နင့်ကမ္ဘာဆီက မြေစိုင်ခဲလေးတစ်ခဲလှမ်းဆွဲကုတ်လို့
ခပ်ယဲ့ယဲ့မောဟိုက်ဖူးပွင့်နေတာ
အလံတစ်ဝက် မှိန်းထားသလိုမျိုး
ခပ်ယဲ့ယဲ့ မောဟိုက်ဖူးပွင့်နေတာ

                        (၅)
နင်ဟာ ဂီတပေါ်က သီချင်း
ရင်ခုန်သံရဲ့သက်ပြင်း
ကာရန်မညီတဲ့လေညင်း
နင့်ဆံပင်တွေခါပြီး ရယ်မောပစ်လိုက်လို့
တိမ်တွေကြေမွသွားရပြီ
အဲဒီဘောင်းဘီဝတ်တိမ်တွေ
ကြေမွသွားရပြီ
ဒေ၀ီ
နင်ဟာ ပဒေသရာဇ်နှင်းဆီ
နင့်အပြုံးတွေက နင့်အိပ်မက်ကိုခိုင်ခန့်စေတယ်
နင့်အိပ်မက်တွေက နင့်ဘ၀ကို ခမ်းနားစေတယ်
နင့်ဘ၀က နင့်ရဲ့ခန်းဆောင်နီ
ဟုတ်တယ်
နင်ဟာ ပဒေသရာဇ်နှင်းဆီ
နင့်ဂီတဆီ ငါလာခဲ့တယ်
နင့်ရင်ခုန်သံဆီငါလာခဲ့တယ်
နင့်ကာရန်တွေဆီငါလာခဲ့တယ်
မောဟတွေဒုန်းထိုးပြီး တိမ်စိုင်လှိုင်းတံပိုးတွေနဲ့ လာခဲ့တယ်
ဝေဒနာမှာ ပန်းတွေပွင့်ရမယ်လို့

                        (၆)
လမ်းဖြတ်ကူးရတာ မလုံခြုံဘူးဟာ
ချစ်ခြင်းကို ကိုးကွယ်ရတာ မလုံခြုံဘူးဟာ
တို့အသွေးသားဆန္ဒတွေ မလုံခြုံဘူးဟာ
အစွန့်ပစ်ခံရတဲ့ စစ်မြင်းကြီးတစ်ကောင်လို
အောင်မြင်မှုကလည်း မလုံခြုံဘူး
အဲဒီ မလုံခြုံမှုက
နင်နဲ့ ငါ့ရဲ့ လူ့ အဖြစ်ထဲ
မထိမိ မကိုင်မိဘဲ လာလာရှ
အုတ်စည်းရိုးပေါ်ထိုးထွက်နေတဲ့  ဖန်ကွဲဖတ်တွေ

                        (၇)
ငါ့ကိုလက်ပြန်တစ်ချက်လောက် ရိုက်ချလိုက်စမ်းပါ
အဲဒီမေးခွန်းတွေဟာ စက်တင်ဘာလို ငါ့ကို ခဏခဏ၀င်တိုက်တာ
အရာရာပြိုကျ
အရာရာထောင်းထောင်းထ
ငါ့မှတ်ဥာဏ်တွေ အပြင်ဘက်ထွက်ပြေးနေတယ်
ခြေဖ၀ါးမပါဘဲ အပြင်ဘက်ထွက်ပြေးနေတယ်
သွေးကြောထဲ  နင်ခေါ်ဖူးတဲ့ ဖုန်းတွေ တကျည်ကျည်မြည်နေပြီ
နားရွက်မပါတဲ့ ဖုန်းတွေ တကျည်ကျည်မြည်နေပြီ
လက်ပြန်တစ်ချက်လောက် ရိုက်လိုက်စမ်းပါ
နင်ဘယ်မှာလဲ
အာညးလုံး ဟာ ၀ဋ်နာကံနာစိမ်းလန်းနေကြ
မမြေမြှုပ်မိုင်းတွေပေါ်က မြက်ရိုင်းတွေလို
အယောင်ဆောင်စားကျက်
ဘယ်မှာလဲ နင်
နင့်နာမည်က အဝေးအော်ခေါ်နေတဲ့  ပန်းချီကားတစ်ချပ်
ငါ့ရင်ထဲက အခိုးခံလိုက်ရတယ်

                        (၈)
နင့်ကိုချစ်တယ်
အမြီးအတောင်ရှည်တဲ့ ဆင်စွယ်ရောင်အလှမွေးငါးလေးလိုမျိုး
မှန်နံရံအထုပ်အပိုးတွေခွဲပစ်ပြီးတော့ပေါ့
နင့်ကိုရှာနေမိတယ်
နာမည်မရှိတဲ့ခွေးတစ်ကောင်
လမ်းကြိုလမ်းချာင်ထဲ သွေးလန့် နေတဲ့ အတိုင်း ပေါ့
နင့်နာမည်ကို စာလုံးပေါင်းနေမိတယ်
သတ်ပုံ ရွဲ့ စောင်းနေတဲ့ 
လက်နှိပ်စက်အဟောင်းလေးလိုပေါ့

                        (၉)
ဒေ၀ီ
ငါ့ဝေဒနာပေါ်မှာ နင်ဟာ ပန်းတစ်ပွင့် ဖြစ်ရပြီ
ဒုက္ခပေါ်မှာ ငါ ကိုယ်တိုင်သီးရပြီ
နင့်ချစ်ခြင်း
နင့်ငြိမ်းချမ်းမှု
နင့် အဘိဓမ္မာ
အပေါစားတွေလို  ငတ်မွတ်ပြကြ
နင့်ကိုယ်ငွေ့ကို ချုပ်ဝတ်ကြ
ချွတ်ပစ်ကြ
ဒီမယ်
ငါက ဆာဆာလောင်လောင် ငတ်မွတ်နေတဲ့ကောင်
သိပ်ကူးစက်လွယ်မိတဲ့ကောင်
ငါ့ကိုယ်ငါ ဖိသတ်ဖို့ အာဏာပြင်းမိတဲ့ကောင်
အမှန်တရားဟာ စားနေကြတဲ့အသားတုံး ကြီးထဲမှာ
အော်ဟစ်လှီး ဖြတ်
လှံစတန်းလန်းနဲ့  နွားရိုင်းတွေရွက်လွှင့်နေတုန်း
ငါ့နှလုံးသားဟာ
ငါ့ရင်အုံကနေ
ငါ့နှလုံးသားကနေ
ငါ့လက်မောင်းသားကနေ
ငါ့လက်ဖျံကြောကနေ
ငါ့လက်ဆုပ်ထဲမှာ တဆတ်ဆတ်တုန်ရီလို့ 
ငါ့ဝေဒနာပေါ်မှာ နင်ဟာ ပန်းတစ်ပွင့် ဖြစ်ရပြီ

                        (၁၀ )
ဘ၀မှာ ပုန်းကျင်းတွေ ရှိတယ်
ဟောဟိုမှာ !!
ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ပုန်းကျင်း
မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ပုန်းကျင်း
အဲဒီကျင်းထဲမှာ
တစ်ဦးကိုတစ်ဦး တံစက်မြိတ်တွေထိုးပေးလို့ ပေး
တီဘီသလိပ်တွေလို တစ်ဦးကိုတစ်ဦး လည်ချောင်းထဲ ငုံလို့ငုံ
ဆေးလိပ်မီးဖွားတွေလို
တစ်ဦးကိုတစ်ဦး အပေါက်ဗရပွဖြစ်အောင် ချွေလို့ ချွေ
ငတ်မွတ်နေကြသူပဲလေ
ဒါ ကမ္ဘာကြီးရဲ့ ချစ်ခြင်းကိစ္စသာဖြစ်တယ်

                        (၁၁)
နင်သိလား
လူတစ်ယောက်ချင်းဆီက သမုဒ္ဒရာတစ်ကွက်
လူတစ်ယောက်ချင်းဆီက ဆာဟာရတစ်ခင်း
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဲဒါတွေခြားနားနေတာ
ငါချစ်တာ အဲဒီကွဲလွဲမှု
ငါဟာ လူသားဆန်ဆန်ပဲ အကုသိုလ်တွေပျို့တက်လို့
နင်က လူသားဆန်တဲ့ ရင်သားတွေဝှက်ထားလို့
တို့အဖြစ်ကို မြည်းကြည့်တော့ အရသာမဲ့ရတာ

                        (၁၂)
ငါ့ကို စက္ကူတစ်ရွက်လို လုံးခြေရှုံ့တွလိုက်စမ်းပါ
ငါ နင့်ရှေ့မှာပဲ ကြေမွချင်ပြီ
သူတို့ ငါတို့ အေးစက်ယဉ်ကျေးကြ
ပဒေသရာဇ် ဧည့်ခန်းတစ်ခုလို
သွားဖုံးပျော့တွေနဲ့ ဖိကြိတ်ကြ
ခွဲစိတ်ခန်းသွင်းထားတဲ့လူနာတွေလို
ထုံဆေးပေးပြီး ဟက်ပက်ရယ်မောကြ
ငါ  နင့်ရှေ့မှာပဲကြေ မွချင်ပြီ
ကြိုးတိုက်ခန်းထဲက အကျဉ်းသားဆီ
သံချိတ်တွေ ဆွဲမျှားနေတဲ့အတိုင်း
ငါ ရိုင်းရိုင်းရူးရူး ပိတ်မိနေရပြီ
ပိတ်မိနေရပြီ

                        (၁၃)
ဒီမှာ ဒေ၀ီရဲ့
အပျက်အစီးတွေထဲက ငါ့ကိုငါထုတ်ကြည့်မိ
ငါ့ဘ၀ကိုတော့ ခြေသံပြင်းပြင်းနဲ့မုန်းလို့
နင့်ခန္ဓာကိုတော့ အသံထွက်ချစ်နေမိတယ်
ဘ၀အဖြူထည်ကြီးက အဗျာကတပါကွယ်
အဲသလို ငါ မှားဦးမယ်
သံသရာမှာ ကုလားအုတ်တစ်ကောင်နဲ့  လှော်ခေတ်ရဦးမယ်
ငါ့ချစ်ခြင်းကိုလည်း ကျိန်ဆဲမိဦးမယ်
ဟုတ်တယ်
အေဒီသုံးထောင်ကျော်မှာ
ငါ့မေးရိုးဟာ သံသရာကို ကျိန်ဆဲနေလိမ့်မယ်

                        (၁၄)
တကယ်ပါ
ငါ့ကိုငါ ပြန်ကောက်လို့မရတော့ဘူး
နင်လွှင့်ပစ်လိုက်တဲ့ အနမ်းတစ်ပွက်မှာ
ရူးရူးသည်းသည်း နေကွယ်ခဲ့ရပါပြီ
ငါဟာဒုက္ခိတဒိုင်းတစ်လက်ဖြစ်လို့
အိပ်မက်တွေကလည်း ဓားသွားတွေခြားလို့
ငါတို့အချစ်  ကျဆုံးရပြီ။

                        (၁၅)
ကြောင်တစ်ကောင် အဖျားနဲ့ ကျုံ့ဝင်နေတယ်
ဝံပုလွေတစ်ကောင်က သူ့ကိုယ်ပေါ်က အဖျားကိုခါချတယ်
လာဆင်တွေဖျားတယ်
ကာရာမာဇော့တွေဖျားတယ်
သူတော်စင်တွေဖျားတယ်
ဖဲသမားတွေဖျားတယ်
ရဟန်း တွေဖျားတယ်
ခတ္တိယ တွေဖျားတယ်
ကယ်တင်ခြင်းတွေဖျားတယ်
သစ္စာလေးပါးတွေဖျားတယ်
လွတ်လပ်မှုတွေဖျားတယ်
ဟစ်ပီတွေဖျားတယ်
ဖျားတယ်
ဖျားတယ်
အဖျားကို အဖျားက
တစ်ဖဲ့ချင်းကိုက်ပစ်တယ်

                        (၁၆)
အခု..
ငါဖျားနေတယ်
တစ်တောလုံးပြာကျ
တစ်တောင်လုံးလောင်ကျွမ်း
နင့်ဆီလှမ်းငေးနေတဲ့
ငါ့ ရှုမျှော်ခင်းတစ်ကွက်လေးပဲ
မိုးတွေရွာနေတာ
နှင်းတွေကျနေတာ
လရောင်တွေတဖွေးဖွေး
အဲဒီလရောင်ထဲမှာ
အိပ်မက်ဆန်တဲ့ အ၀တ်တစ်စလို ငါမျောလွင့်နေတယ်
အဲဒီလရောင်ထဲမှာ
အိပ်မက်ဆန်တဲ့ အ၀တ်တစ်စလို ငါလွင့်မျောနေတယ်
အဲဒီလရောင်ထဲမှာ
ငါဟာ သားအိမ်ထဲက လျှောကျလာတဲ့ အသားတစ်စ
အဲဒီလရောင်ထဲမှာ
စစ်ပွဲထဲလဲကျန်ရစ်တဲ့မြို့ပျက်လို ငါချောက်ချားနေတယ်
အဲဒီမြို့ပျက်ထဲမှာ
နင့်နာမည်ရွတ်နေတဲ့ ငါ့နှုတ်ခမ်းတွေဖူးဖူးယောင်
ငါ့ကို ကိုက်ဖူးတဲ့ခွေးတစ်ကောင်က ထိုးထိုးဟောင်နေတယ်
ငါ
လရောင်ရဲ့ပြာတွေပေါ်မှာ
တိတ်ဆိတ်ကျကွဲ။            ။

ဇော်လူစိမ်း
ဟန်ဟစ်၊ ဒီဇင်ဘာ၊ ၂၀၀၆

Labels:

ရန်ကုန်မိုး

ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ရဲ့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီးသတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းမှားတတ်
ငါ့တို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်။

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သင်္ဘောချင်း ခေါင်းတိုင်ကိုစမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့အဝေးဆုံးမှာနေရတာ ကောင်းတယ်။

အဖြစ်က
မီးပြတိုက်ကို သင်္ဘောဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ့်အမြီးပြန်အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်းအိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲလို့။ ။

ကျော်ထူး
Idea 100th Issue,2009

Labels:

မျက်ရည်

ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်
အဲဒီ့ခေတ်က မကုန်သေးဘူး
သံဝေဂတွေအဆုတ်လိုက် အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကိုပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး။ ။

အောင်ခိုင်မြတ်
စတိုင်သစ်။နိုဝင်ဘာ။၁၉၉၉

Labels:

အရေးတကြီး

ကျန်းမာရေးကလည်း အရေးကြီးတယ်
ပိုက်ဆံရှိဖို့ကလည်း အရေးကြီးတယ်
အလုပ်မြဲဖို့ကလည်း အရေးကြီးတယ်
အရာရာ အရေးတကြီး
အရေးကြီးပြီဆို မိုးကမတိတ်တော့ဘူး
အရေးကြီးပြီဆို လက်ထဲ တစ်ပြားမှမရှိတော့ဘူး
လူကောင်းတွေနဲ့ အပေါင်းအသင်းမပျက်ဖို့လည်း
အရေးကြီးတယ်
လူဆိုးတွေနဲ့ အပေါင်းအသင်းမဖြစ်ဖို့လည်း
အရေးကြီးတယ်
ဖြစ်လာတဲ့ဘ၀ပေါ်မှာ အရာရာအရေးတကြီး
“ဒီကားဟာ နောက်ဆုံးကားပဲ မြန်မြန်တက်ပါ ငါ့အစ်ကိုရေ”
စပယ်ယာလေးက အရေးတကြီး
ကလေးတစ်ယောက်ဟာ အရေးတကြီးအော်ငိုလို့
အကြမ်းဖက်သမားဟာ အရေးတကြီးထုတ်လွှင့်လို့
ကိုယ်တို့ကမ္ဘာမြေ။ ။

အောင်ခိုင်မြတ်
နွယ်နီ မဂ္ဂဇင်း(အတွဲ ၁၇၊ အမှတ် ၁၂၊ ၂၀၀၇၊ ဒီဇင်ဘာလ)

Labels:

ဘုရားသခင်က ကြွေအန်မကစားခဲ့ဘူး ငါတို့တွေက ကြွေအန်ကစားခဲ့တယ်

ကစားဝိုင်းမှာ ထိုးချလိုက်တဲ့ လောင်းကြေးဟာ
ဘ၀ရယ်ပါ...။

လောင်းကစားဝိုင်းဆိုတာ
စိတ်ကူးမှန်မှန်နဲ့ ဥာဏ်ကစားဖို့ပါပဲ
ကံတရားကတော့ သူ့ဘာသာသူ
စီးဆင်းနေပေလိမ့်
ကံနဲ့ဥာဏ် ထပ်မိရင် ငါတို့ဘ၀တွေ
လတ်ဆတ်ပေလိမ့်
ငါတို့တတွေကံကို ကြွေအန်ကစားခဲ့ကြတယ်။

ငါတို့တစ်တွေ စိုက်မိတဲ့ စိတ်စိုက်ကွက်တွေဟာ
စံကွက်အမှန်တွေပါ။

ပေါ့ပေါ့သွမ်းသွမ်းအမှုတွေလည်း
မပြုခဲ့ကြပါဘူး။

ငါတို့တွေက စိတ်မသန့်လို့ မထိုးခဲ့တာတွေဟာ
ငါတို့ရဲ့ အနိုင်ကြွေးတွေပါ။

ဇာတ်...
အဲဒီက စခဲ့ကြတာပေါ့
အဲဒီနေ့က မိုးကျော်သူဟာ
ဟိုတယ်ကယ်လီဖိုးနီးယားကို ထွက်သွားနိုင်တာ
တစ်ခုပါပဲ
ခုတော့ ငါတို့ အံဆွဲထဲမှာ
ဘာမှမရှိတော့ဘူး။

မောင်ချောနွယ်

Labels:

စကြာဝဠာဆိပ်ကမ်းမှာ

တိုက်ကြီးတွေမှာ
ပင်လယ်ကူးသင်္ဘောကြီးတွေလို ဆိုက်ကပ်လို့.....။

စကြာဝဠာဆိပ်ကမ်းမှာ
ကြယ်တွေဟာ လူတွေ ဘာတွေဖြစ်လို့
ကုလားထိုင်အဟောင်းကြီးပေါ်တတ်ထိုင်
ကိုယ့်မျက်နှာဟောင်းတာလည်း မသိ
လူဟာ...
ပြောင်းလဲတတ်တာကိုလည်း မသိ
ကမ္ဘာမြေကြီးဟာ ဟောင်းပေမဲ့
မပြောင်းလဲတတ်ဘူးဆိုတာလည်း မသိ
ကျွံဘောကို စောင့်ကြလို့...။

စကြာဝဠာဆိပ်ကမ်းမှာ
ကိုယ့်အလွမ်းကိုယ်သိတဲ့ ကြယ်တစ်ကောင်
လူဖြစ်ခွင့်ကြုံဖူးတယ်...။

စကြာဝဠာဆိပ်ကမ်းမှာ
အသားဖြူဖြူ ၀၀တုတ်တုတ်နဲ့ ကြယ်တစ်ကောင်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ရင်း
အရောင်းပြောင်းလဲညရဲ့
အရာရှိဖြစ်ဖူးတယ်....။

စကြာဝဠာဆိပ်ကမ်းမှာ
အာပေါဓာတ်ရှင်သန်လွန်းတဲ့ကောင်တွေ
အတောင်တွေပေါက်ဖူး
လူလုပ်ဖူးတယ်...။

စကြာဝဠာဆိပ်ကမ်းမှာ
သစ်လုံးအိမ်နဲ့နေချင်တဲ့ ညဉ့်လေတစ်ကောင်
ပက်လက်လှန်ပြီး ဇိမ်ခံဖူးတယ်..။

စကြာဝဠာဆိပ်ကမ်းမှာ
ပင်နယ်တီတွေ
မဲနောက်တွေ
ဖောင်းတွေ
ဖြစ်ပြီးရင်ဖြစ်
တစ်ဖြစ်တည်းဖြစ်
တစ်ကောင်တည်း ဂိုးရှေ့ခြေရှုပ်ပြီး
ကိုယ့်ဂိုး ကိုယ် ပြန်သွင်းတဲ့
ကင်မရာတစ်လုံး အရက်မူးနေလေရဲ့။

မောင်ချောနွယ်

Labels: