စကြ၀ဠာဆန်ခြင်း
“မျှော်လင့်ခြင်းဆိုတာ
တစ်ခါတစ်ရံ ကြုံရတဲ့ကြယ်ကြွေမှုတစ်မျိုးဖြစ်တယ်”
တစ်။ ။
ဘယ်ကိုမှ သွားစရာလာစရာမရှိတဲ့အခါ
ဘယ်ကိုမှ မသွားနိုင် ၊မလာနိုင်တဲ့အခါ
ဘယ်ကမှ မသွားရ မလာရတဲ့အခါ
ဘယ်ကိုမှ သွားဖို့လာဖို့ မတက်နိုင်တဲ့အခါ
ကျွန်တော်
ကိုယ့်နေရာလေးမှာ ကိုယ်ထိုင်နေလိုက်တာပါပဲ။
လူ့ပြည်လောက
လူ့ဘ၀ဆိုတာကလည်း
ဘယ်မှာနေနေ
ဘယ်သွားသွား
လူတွေရှိရာ လူတွေလာပြီး
လူတွေနဲ့ပဲ စည်းကားနေခဲ့တာ မဟုတ်လား။
တိရိစ္ဆာန်တွေရှိရာ တိရိစ္ဆာန်လာတဲ့ဆိုတဲ့အဖြစ်မျိုးက
အမဲလိုက်ခြင်း
ငါးဖမ်းခြင်း
တ်ရိစ္ဆာန်ရုံ အလည်အပတ်သွားခြင်း
..ဆိုတာတွေလောက်ပဲ ဖြစ်မှာပါ။
ဒါတောင်
ေ၀ေနယ်ထဲ
လူဆိုတာ အန္တရာယ်အရှိဆုံး သတ္တ၀ါမို့
တိရိစ္ဆာန်တွေ ရှောင်ကြတိမ်းကြဦးမှာ။
နှစ်။ ။
ကျွန်တော့်သူငယ်ချင်းတွေ
တချိုက အမေရိကရောက်ဖူးသတဲ့
ဂျပန်ရောက်ဖူးသတဲ့
အင်္ဂလန်ရောက်ဖူးသတဲ့
ဖင်လန်ရောက်ဖူးသတဲ့
သြစတြီးယားရောက်ဖူးသတဲ့
တူနီးရှားရောက်ဖူးသတဲ့
မလေးရှားရောက်ဖူးသတဲ့
အင်ဒိုးနီးရှားရောက်ဖူးသတဲ့
တချို့ နိုင်ငံစုံရောက်ဖူးသတဲ့
ခါးပတ်ပါလို့
ကမ္ဘာကိုတောင် ပတ်ပြီးပြီ တဲ့။
ပြဿနာမရှိပါဘူး။
ကျွန်တော် ကမ္ဘာရောက်ဖူးပါတယ်
စကြ၀ဠာရောက်ဖူးပါတယ်
ကြယ်ပြာတွေဆီ ရောက်ဖူးပါတယ်။
ကြီးမားကျယ်ပြောလှတဲ့
ဟောဒီ စကြ၀ဠာအနန္တကြီးထဲ
ကမ္ဘာဆိုတာ
ရွာလေးတစ်ခုသာ မဟုတ်လား
အဲဒီရွာလေးထဲ
နိုင်ငံဆိုတာ ဖယ်လိုက်ရင်
လူမျိုးဆိုတဲ့ ၀ိသေသကို ဖယ်လိုက်ရင်
ကျွန်တော်ဟာ ကမ္ဘာသား
ကမ္ဘာလူမျိုးပေါ့
ဒီထက်ပိုလို့
အတွေးကို အဆုံးအစွန်လွှတ်
ထပ်မံကြီးကျယ်လိုက်ရင်
ကျွန်တော်ဟာ စကြ၀ဠာသား။
သုံး။ ။
ကျွန်တော့်အထက်မှာ ဘာတွေ ရှိမလဲ
ကျွန်တော့်အောက်မှာ ဘာတွေ ရှိမလဲ။
ကျွန်တော်ကအထက်မှာ ငှက်တွေ ရှိမှာပေါ့
ငှက်တွေ အထက်မှာ လေယာဉ်ပျံတွေ ရှိမှာပေါ့
လေယာဉ်ပျံတွေ အထက်မှာ တိုက်လေယာဉ်တွေ ရှိမှာပေါ့
တိုက်လေယာဉ်တွေ အထက်မှာ ဒုံးယာဉ်တွေ ရှိမှာပေါ့
ဒုံးယာဉ်တွေ အထက်မှာ ဂြိုဟ်တုတွေ ရှိမှာပေါ့
ဂြိုတ်တုတွေအထက်မှာ မိုးကောင်းကင် ရှိမှာပေါ့
မိုးကောင်းကင်အထက်မှာ အာကာသယာဉ်ရှိမှာပေါ့
အကာသယာဉ်အထက်မှာ
(လူတွေ ပြောပြောနေတဲ့)
နတ်တွေ သိကြားတွေ ဗြဟ္မာတွေ
ကောင်းကင်ဘုံတွေ နတ်ပြည်တွေ ဗြဟ္မာပြည်တွေ ရှိမှာပေါ့။
ကျွန်တော့်အောက်မှာ
ရေထု
မြေထု
လေထု
တစ်လှည့်စီ ရှိမှာပေါ့။
ရေထု မြေထု လေထုတွေ အောက်မှာ
ပုခုံးညောင်းပြီး သနားစရာကောင်းတဲ့
ဗြဟ္မာကြီးလေးဦးဆိုတာ ရှိမှာပေါ့။
လေး။ ။
“မြေကို ထွန်ယက်ပါ
စားပွဲဝိုင်းကို တည်ခင်းပါ
အိမ်ရာကို ပြင်ဆင်ပါ”
ကိုယ်က ဘယ်ကိုမှ မသွားနိုင် မလာနိုင်တဲ့အခါ
မရောက်နိုင် မပေါက်နိုင်တဲ့အခါ
သွားနိုင် လာနိုင်သူ
စားနိုင် သောက်နိုင်သူတို့
ကိုယ့်ဆီလာရောက် လည်ငေးကြလိမ့်မပေါ့။
ငါး။ ။
တစ်ခါတစ်ခါ
ကျွန်တော်ရှိရာ
အမေရိက က လူရောက်လာတယ်
အဖရိက လူရောက်လာတယ်
ဘာလင်မြို့သူရောက်လာတယ်
ပဲရစ်လေယာဉ်မောင်းသမားရောက်လာတယ်
ဆွစ်ဘဏ်သူဌေးရောက်လာတယ်
နယူးယောက်က စတော့ရှယ်ယာပွဲစားရောက်လာတယ်
ဘာလီကျွန်းသားရောက်လာတယ်
တရုတ်သစ်ကုန်သည်ရောက်လာတယ်
စကော့တလန်အရက်ချက်သမားရောက်လာတယ်
ဆောဒီရေနံသူဌေးရောက်လာတယ်
လန်ဒန်တက္ကစီဒရိုင်ဘာရောက်လာတယ်
တိုကျိုမြေအောက်မီးရထားဝန်ထမ်းရောက်လာတယ်
ဘရော့ဒ်ဝေးက ဇာတ်သမရောက်လာတယ်
ဆစ်ဒနီက ကဇာတ်ရေးဆရာရောက်လာတယ်
ဗင်းနစ်မြို့က ပြည်တန်ဆာမလေးရောက်လာတယ်
ရောက်လာတယ်…..။
အရပ်မြင့်မြင့်
ငွေမြင့်မြင့် မြင်တိုင်း အိနြေ္ဒမရ ဖြစ်နေတက်
ဧည်ကြိုနဲ့ဟိုတယ်ပြတင်းပေါက်ကြီးများလို
လိုက်ကြည့်ငေးမော ကျွန်တော် လိုက်လုပ်မနေနိုင်ဘူး
ထီးကိုင်၊ အိတ်ကိုင် လုပ်မနေနိုင်ဘူး။
မေးလို့
ပြောစရာရှိတာ ပြောလိုက်မယ်
အကူအညီလာတောင်းလို့
ပေးနိုင်တာရှိ ပေးလိုက်မယ်
ကျန်တာတွေက
ကိုယ့်အထာနဲ့ ကိုယ်ပေါ့။
ကမ္ဘာလူမျိုး
ကမ္ဘာသား ကျွန်တော်
ကမ္ဘာကြီးထဲမှာ နေထိုင်ပါတယ်
ရေခြားမြေခြား အမြင်အရ ကြည့်ရင်
ကျွန်တော်ဆိုတာလည်း
နိုင်ငံခြားသားပဲ မဟုတ်လား။
လူအိမ်
ဟန်သစ်။စက်တင်ဘာ။၂၀၀၃
Labels: လူအိမ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home