ခေါင်းစဉ်မရှိတဲ့အကြောင်းအရာ

(၁)

အဲဒီလူ
တွေ့တိုင်းသစ်ရမယ်ပြောတယ်
ဘာသစ်လို့သူမပြော
သစ်အကြောင်းလည်းသိပုံမပေါ်
ဆိုပါတော့
မျက်နှာသစ်ဖို့ ရေဘယ်လောက်အရေးကြီးတယ်
သိပုံမပေါ်ဘူး။

အင်္ကျီသစ် ဘောင်းဘီသစ်
တီရှပ်သစ် မတတ်နိုင်
ဆူးလေထောင့်မှာ
အထုပ်ဖြေစောင့်နေသူတွေရှိတယ်
သိပုံမပေါ်ဘူး။

အူကြောင်ကြောင်မှ တကယ့်အူကြောင်ကြောင်
ဘယ်သူကသူ့ကိုဆာဘွဲ့ပေးလိုက်တယ်
ငါလည်းအသေအချာမသိ
ဘ၀အကြောင်းပဲ
မကောင်းလည်းမတတ်နိုင်
အဟောင်း အသစ်ပြန်ပြုရုံ
ဆေးသုတ်ထားတဲ့ဖိနပ်
ဝယ်စီးနေသူတွေရှိတယ်
သိပုံမပေါ်ဘူး။

မယားငယ် လင်ငယ်ဇာတ်နှယ်
ဒုတိယလူသားဟာ
သူများအကျ
ဒုတိယမယားကို မရရုံတမည်
သုံးဆယ့်သုံး သုံးဆယ့်လေးနဲ့
မဟာဗန္ဓုလတစ်ဝိုက်မှာ
အပေါ်စက် အောက်စက်
အ၀တ်လျှော်စက် ကက်ဆက်
လေအေးစက် ကွန်တိန်နာကျ
ဂျပန်အမှိုက်တွေရှိတယ်
အသစ်ထက်စာ
သူလေးကဈေးချိုတော့
ဝယ်သုံးသူသုံးနေရ
သူ သိပုံမပေါ်ဘူး။

မဖတ်ရသေးတဲ့စာအုပ်ဟာ အသစ်
လက်ခံထိုက်ရဲ့
ခုမှရောက်တာ သုံးထားတာတော့ကြာပြီ
အဲဒီလိုပုံနှိပ်စက်မျိုး ယာဉ်မျိုးတွေရှိတယ်
သိပုံမပေါ်ဘူး။

(၂)

တော်လှန်သော မော်စကိုဆီ
အတွင်းခံဘောင်းဘီ ၃ ထည်နဲ့
အီလီယာအာရင်ဘတ်ရောက်လာတယ်
မီးခြစ်တစ်ဆံနဲ့ရတယ်
လက်ဘက်ရည်ဆိုင်က
သကြားမရှိလို့ ပျားရည်နဲ့ဖျော်တယ်
စာရေးဖို့ စက္ကူမရှိ
အားလုံးဟာ ခွဲတမ်း
ဘောင်းဘီရှည်တစ်ထည်ရဖို့ ၆ လ
စောင့်ရတယ်
လူ ၃ ယောက်တိုင်းမှာ
၂ ယောက်ဟာ စာမတတ်
ငါတို့ဟာ
၁၉၂၀ တစ်ဝိုက်ကရုရှားတွေ
သူသိပုံမပေါ်ဘူး။

ကုမ္ပဏီကိုတော့
သေနတ်နဲ့သွားပစ်လို့ ဘယ်ရမလဲ
ရှိတာအကုန်ရောင်း
အကြံအဖန်သမားရဲ့ ကားအပျက်ဝယ်
စခန်းအလီလီ
အငတ်ဘေးအလီလီဖြတ်
အိုကလာဟိုးမားမှသည်
ကယ်လီဖိုးနီးယားပြည်နယ်အရောက်
စပျစ်သီးခူး ချီတက်ရ
ဂျွန်စတိန်းဘတ်ရဲ့ အုတ်ကီးတွေ
သူသိပုံမပေါ်ဘူး။

အမှောင်ခေတ်က ချစ်သူတွေပဲ
အမြဲစိုးထိတ်နေရ
ငါတို့ဟာ အက်စသာတွေ
ငါတို့ဟာပေါလ်တွေ
သူသိပုံမပေါ်ဘူး။
ဒုတိယကမ္ဘာစစ်ကြီးဟာ
ဥရောပမှာ ပြီးသွားတယ်
ငါတို့အတွက်တော့ မပြီးသေး
နေရာတကာ ဂတ်စတာပိုတွေ ရှိနေတုန်းပဲ
အောရှဝပ်တွေ ရှိနေတုန်းပဲ
ငါတို့ဟာ ဂတ်တိုထဲကကောင်တွေ
ပိုလန်ဂျူးတွေ
‘တာဝန်မကျေဘူးဆို
ငါ့လက်ထဲကသေနတ်နဲ့
ငါ့ကို လက်စားချေလိုက်ပါ ရဲဘော်ရယ်’
ကြေကွဲဖွယ်မြို့ရိုးမှာ ကမ္ပည်းထိုးဖို့
ကြိုးစားနေသူတွေ
ကန္တာရမှာ
ကျောက်ကိုမြေဖြစ်အောင် ထွန်ယက်နေသူတွေ
သူသိပုံမပေါ်ဘူး။

(၃)
စိတ်ကူးထဲကနိုင်ငံသစ်ဟာ
ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူး
ငါတို့ဟာ ဂျိမ်းဝိုက်ဇမန်းတွေ
ဒေးဗစ်ဘင်ဂူရီယန်တွေ
ဂိုလ်ဒါမေယာတွေ
ထပ်ပြောမယ်
ဗေဒါတကယ်ကျပ်လာပြီဆို
ဘယ်သူမှ လှေပေါ်ထိုင်နေလို့ မရတော့ဘူး။

လူအိမ်

No comments:

Post a Comment