06 February, 2016

လရောင်ဆမ်းအနမ်းပွင့်

စောင့်စားခြင်းနဲ့ ရှင်သန်ခြင်းဘ၀ကို တမေ့တမောငေးမော
တစ်နေ့တစ်ခါလေးမှာ တစ်ကြိမ်တစ်ခါလေး ဖြစ်ဖြစ်
စိတ်ကောက်နေတဲ့ မျက်နှာညိုညိုလေးကို မြင်တွေ့ချင်ပါတယ်
ဒါပေမဲ့.... ကိုယ်ရောင်ဖျောက်တယ်
သွားလာ ပြန်နေကျနေရာဟောင်းတွေမှာ စောင့်ရင်း
ဓာတ်တိုင်ကြီးလို မတ်မတ်ရပ်လို့
ဇက်ကျိုးကျတဲ့ ဓာတ်တိုင်ကြီးပေါ့
သစ်ရွက်ကြွေလေးရဲ့ သက်ပြင်းနွမ်းတွေကြားမိလား
လေထဲမျော့လွင့် ရင်တလှပ်လှပ်စီးမျော
မပြီးဆုံးသေးပါဘူးကွယ်
မင်းပါးပြင်ပေါ်က လရောင်သနပ်ခါးမှုန်မှုန်မှာ
ရင်ခုန်အနမ်းတွေ စွဲထင်ရှိနေမယ် ။

ကောက်နွယ်ကနောင်
T-Club ။ ဂျွန် ။ ၂၀၁၂

Labels:

အချစ်ဖွဲ့

ဓားထက် ထက်တဲ့အရောင်တွေ
ဓားပေါ်ပြန်ကျသလို
ပျော်တယ်။

ကဗျာတွေ ကဗျာလို ကဗျာအပြည့်
ကဗျာဆရာတွေ ရွတ်ဆိုကြ
ညက
ခဏ ခဏ ရစ်ကြည့်ရတာလည်း
မ၀ဘူး။

ကြယ်တွေကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်ပြီး
တစ်ယောက်သွေးတစ်ပေါက် ဖောက်သွင်းထားတဲ့ကဗျာဓာတ်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀။

အင်းရေပြင်ပေါ် စီးကျတဲ့လရောင်
လှိုင်းပုတ်လို့ ငါတို့ဆီ ပြန်လာတဲ့ရနံ့
ခုမြင် ခုရွတ်ကဗျာ
ငါတို့ကကဗျာကို ခုမြင်ခုကြိုက်မဟုတ်ခဲ့။

မယ်ဇယ်ပင်ကြီးတွေ အညှာမလွယ်ကြသလို
တောင်သမန်ကလည်း အကိုင်းမဆတ်ပါဘူး
အားလုံးအိပ်မောကျနေတဲ့ညမှာ
အားလုံး အိပ်မောမကျတာ ကဗျာ
သူတို့
တစ်ယောက်သစ္စာကို တစ်ယောက်
မေတ္တာနဲ့ပေါက်ပြီး ရန်ဖြစ်ချစ် ချစ်နေကြတယ် ။

တိုးနှောင်မိုး
မြားနတ်မောင် ။ ဒီဇင်ဘာ ။ ၂၀၀၂

Labels:

အဆုံးမဲ့ခရီး

အားလုံးကို ထားပစ်ခဲ့
မီးရထားသံလမ်းအတိုင်းဆက်လျှောက်ခဲ့တယ်
အိတ်ထဲမှာ
အကျက်နှေးတဲ့ ဒဏ်ရာတွေပဲပါရဲ့။

ဟော...တွေ့ပြီ
တွေ့ကြရပြီ
ဒါပေမယ့် ငါ ရှာနေတာ မင်း မဟုတ်ပါဘူး
မင်းရှာနေတာ ငါ ဟုတ်ရဲ့လား
ဒါပေမယ့် ရပါတယ်ကွာ
တို့ဘ၀တွေဟာ သည်လိုချည်းပါပဲ။

နိုဝင်ဘာ
ဒီဇင်ဘာ
အလင်းရောင်နဲ့ လေတိုက်ခတ်မှုအပြောင်းအလဲမှာ
မေတ္တာတရားကို ယုံကြည်ခဲ့ရ
သိပ္ပံနည်းကျကျ အိပ်မက်မက်သူပါ။

အသည်းနှလုံးကိုကာကွယ်ဖို့ရာ
ခန္ဓာကိုယ်ကို ချကျွေးခဲ့ရ
အောက်မေ့သတိရခြင်းများမှ တစ်ပါး
အခြားဘာမျှ မရှိတော့ပြီ ။

မီးရထားသံလမ်းအတိုင်း ဆက်လျှောက်ခဲ့တယ် ။

ပိုင်စိုးဝေ
မဟေသီ ။ ဖေဖော်ဝါရီ ။ ၂၀၀၀

Labels:

ကျွန်တော်နဲ့ အနေစိမ်းတဲ့တံခါးတစ်ချပ်

အိမ်ကလွမ်းလာတဲ့ အလွမ်းဟာ
သူငယ်ချင်းရဲ့ ကွန်ပျုတာရှေ့ရောက်တော့
စကားလုံးပဲကျန်တော့တယ်
တွေဝေငေးမောမှုအရသာ
စက်ခလုတ်တွေမှာ နားမပါဘူး
နှစ်ဆယ့်တစ်ရာစုကူးတော့မယ်
ကျွန်တော်က ခုထိ ရေမကူးတက်သေးဘူး
တတိယလှိုင်းနဲ့ထပ်တိုးရင်
ပင်လယ်နက်ထဲမျောပါသွားမှာပဲ
ကမ္ဘာရွာကြီးထဲ
ကျွန်တော်က လျှပ်စစ်ကြောက်တယ်။
စကြာဝဠာတံတိုင်းရဲ့
ဟိုးအပြင်ဘက်က ကောင်မလေးကို လွမ်းနေတာပါ
ဂြိုလ်တုတွေနဲ့ ကင်းချထားပေမယ့်
သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့ရဲ့ မေတ္တာဓာတ်နဲ့
နှလုံးသားစာကိုဖတ်ကြမယ်
ဂုမ္ဘာန်တစ်ထောင်စောင့်ကြပ်ထားလဲ
ငါးပါးသီလလုံခြုံစွာ ငါ လှမ်းလာခဲ့ပါ့မယ်
လူတွေကို ဖျက်သိမ်းပြီးနောက်တစ်နေ့မှာပေါ့ ။

ဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ။ ၁၉၉၉

Labels:

ဦးခေါင်းရောင်းဝယ်ရေး

ဒါက ရယ်နေတဲ့ ဦးခေါင်း
ဒါက အသံမြည်နေတဲ့ ဦးခေါင်း
ဒါက သီချင်းဆိုနေတဲ့ ဦးခေါင်း
ဒါက ခါးနေတဲ့ ဦးခေါင်း
ဒါက အလွန်မာကျောတဲ့ ဦးခေါင်း
ဒါက သင်္ချာတော်တဲ့ ဦးခေါင်း
ဒါက အပေါက်တစ်ပေါက်ပါတဲ့ ဦးခေါင်း
ဒါက မြေကြီးလို့ အမြဲစာလုံးပေါင်းနေတဲ့ ဦးခေါင်း
ဒါက သုံးစွဲရန်အသင့်ဖြစ်နေတဲ့ ဦးခေါင်း
ဒါက ဘယ်ယုံကြည်မှုမှ လက်မခံတဲ့ ဦးခေါင်း
ဒါက တာ့တာလို့အမည်ပေးထားတဲ့ ဦးခေါင်း
( အားလုံးလက်ရွေးစင်တွေချည်း )
ကဲ ပြောပါ
ဘယ်အမျိုးအစားကို အလိုရှိပါသလဲခင်ဗျာ။

နေမျိုး
idea ။ သြဂုတ် ။ ၂၀၁၂

Labels:

ငါ့လွယ်အိတ်

လူ့ဘ၀ရဲ့
တစ်ခုတည်းသောဖြစ်တည်မှုမှာ
မေးစရာရှိတဲ့ ပြဿနာတစ်ခုကတော့
ဘ၀မှာ
ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာပါပဲ

မင်းဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သိရတဲ့အခါ
မင်းရဲ့ သေနေ့ ဘယ်တော့လဲကိုပါ သိနေရသလိုပါပဲ

ငါကတော့
ဒေါ်လာသန်း(၂၀)ဖိုးလောက်
တန်ဖိုးရှိမယ်ထင်ပါတယ်

အဲဒီအတွက်
ငါလည်း
နောက်ဆုံးကျန်တဲ့ ဒေါ်လာတပြားအထိ
ငါ့ဘ၀ကို ငါပြန်ရဖို့အတွက် ဖြေရှင်းနေပါတယ်

မင်းမယုံပါနဲ့
ငါလည်း မယုံပါဘူး

ကြည့်စမ်းပါ့
လွယ်အိတ်ထဲမှာ
ရေးလက်စကဗျာတွေရယ်
စိပ်ပုတီးရယ်
ဓားရယ် အဲဒါတွေပါတယ်

သူတို့ကျမ်းရဲ့ အဆိုအရတော့ အမှန်တရားမှာ ခြွင်းချက်ရှိသတဲ့
မင်း ဘယ်လိုသဘောရသလဲ ။

ဝင်းမောင်
နှင်းဆီဖြူ ၊ စက်တင်ဘာ ၊ ၂၀၁၄

Labels:

နာရီအော်သံ

Ke nako
ကီးနားကိုး
တောင်အာဖရိကတိုက်မှာ အော်လိုက်ကြတယ်
အင်္ဂလိပ်လို It's time
မြန်မာလို အချိန်ကျပြီ

ကမ္ဘာ့ဖလားတစ်ခုတည်းအတွက်လား
မိသားစုများ....မိသားစုများ....
အချိန်များ...အချိန်များ
ပျော်ရွှင်ရေး
ကျန်းမာရေး
တေးဆိုဖို့
ကခုန်ဖို့
အမြဲတမ်းအချိန်ကျရောက်နေပါကြောင်း ။

သုခမိန်လှိုင်
အညွှန်း ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ

Labels:

မန္တလေး

ဆရာမြို့မငြိမ်း၊ ဆရာနန်းတော်ရှေ့
ကောင်းတာတွေ စာဆိုခဲ့တော့
ကောင်းတာတွေ နားဆင်ရတယ်
အဖြေတိတိကျကျ ရှိတာပဲ

ချောက်ကမ်းပါးထိပ်၌
အသက်ရှင်ရန် ကျန်သေး၏။

သုခမိန်လှိုင်

Labels:

တမ်းတခြင်း

အို...ဘယ်လို ငြိတွယ်မှုကြီးပါလိမ့်

မြေကြီး၊ မိုးကောင်းကင်၊ ပင်လယ် အားလုံးစီစဉ်ပြီးကာမှ
အ၀တ်လျှော်စက်ထဲက ဖြူဖွေးတွန့်ကြေထွက်လာရ
ဒီတစ်ခါလည်း ကျွန်တော်ဆုံးရှုံးခဲ့ရပြန်ပေါ့

သူ့ရုပ်ပုံကိုသာ စွဲလမ်းခြင်းကြီးခဲ့
ပျော်မှားခွင့်များစွာ ခေါင်းတွင်တွင် ခါပစ်ခဲ့၊ ဒါပေမယ့်လေ
ယုတ်မာခြင်းတွေ တဖွဲဖွဲကျနေတဲ့ တစ်နေရာရာမှာ
မကောင်းဆိုးဝါးတွေ မြူးလွန်းတဲ့တစ်ညမှာ
သူ့ ကိုယ်ငွေ့နွေးနွေး အေးစက်သွားလေပြီလား။

ကျန်ရစ်ခဲ့သူတွေကြား
ကူသူဝေးပန်းတို့ ဆို့နစ်သွားတာသာ မြင်နေရရဲ့

ရှုံးခဲ့ရပြန်ပေါ့
ဒီကွင်းထဲမှာတော့ 'ဖြူစင်သောဘ၀'ဆိုတာ
ခြေကျိုးသွားရှာတဲ့ ပြိုင်မြင်းတစ်ကောင်ရဲ့ နာမည်ပါပဲ။

မောင်ပြည့်မင်း

Labels:

05 February, 2016

လက်ဆောင်

အမှောင်ထုဆီက လွှင့်လာတဲ့ ဘယ်လိုစိတ်မျိုးမဆို
လက်ခံရယူမယ်
ပြီးတော့ အသံတစ်သံ ဖြစ်ပစေဦး
ငါ နမ်းမယ် ။

ကောက်ကွေ့
၃၁၁၂၁၄

Labels:

အစိမ်းသေ

သစ်ရွက်တွေ အစိမ်းလိုက်ကြွေကျနေတယ်
မြစ်ထဲမှာ ကြယ်ကြွေတွေ မျောပါလို့
ငါက ချောက်ကမ်းပါးစွန်းမှာ ဓားတစ်လက်ကိုင်ပြီး ရပ်နေတယ် ။

နောက်ပြီး
နင့်ကို ဖုန်းခေါ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။

သတိရတယ် Emily
ဒါ အိပ်မက်ပါ ။

စစ်ငြိမ်း

Labels:

ပွဲသိမ်းတေးသံ

ကဗျာတစ်ပုဒ်ကို ပျိုးကြည့်တယ်
အင်ဂျင်က မနိုးဘူး
ရိုးရိုးသားသားပဲ တွန်းကြမယ်
သင့်အစွန်းအထင်းများကို
ရေစင်စင်ဆေးပြီးမှ အိပ်ရာဝင်ပါ
မွေးခန်းမှ အအေးတိုက်အထိ
လူ့ဘ၀ဟာ တည်ရှိနေဆဲ
ကိုယ့်ကြက်ဖ မနိုင်သေးသ၍
ခိုင်မြဲစွာ လွမ်းနေသူများစုဝေး
လမင်းကို တံတွေးနဲ့ ထွေးသော်လည်း
မြဲမြံစွာ ရွှန်းလက်ဝင်းပနေရဲ့
အစွဲအလမ်းမဲ့ နယ်မြေသစ်သို့သွားရတယ်
ချစ်နိုင်သမျှ ပိုချစ်မယ်လို့ စိတ်ကူး
ရွှင်မြူးပြုံးပျော်စရာ အရုဏ်ဦးကြေကွဲ
ရူးသွပ်မိုက်မဲသော မျှော်လင့်ချက်စစ်မျက်နှာ
ညစ်ပတ်လွန်းယန္တရားကို ချိုးဖျက်ရန်
ထုထည်ရှိအသံသစ်များကို စနစ်တကျထူထောင်
လူယောင်ဆောင်ထားသော ဘီလူးများ
''ထူးမခြားနား.."သီချင်းကို ဆိုညည်း
အသက်ကြီးသွားတဲ့ လှောင်အိမ်ထဲမှာ
ကျိန်စာသင့်ပန်းများ သန်မာစွာပွင့်လန်း
နှုတ်ခမ်းချင်းနမ်းစုပ်မှုများ နက်ရှိုင်း
ပက်ပက်စက်စက် သမိုင်းစာမျက်နှာများကို ဖြတ်သန်း
လောင်ကျွမ်းသွားသော အမည်နာမများ အငွေ့ပျံ
ပြန်ကျမိုးနှင့် အတူ ရွာသွန်းပါလိမ့်မည် ။

လှသန်း

Labels:

ကဗျာဆရာကွယ်လွန်ခြင်း

အရောင်တွေနဲ့ စီးနေတဲ့မြစ်ဟာ
သူ့ရဲ့ အသက်ဆက်တည်ခွင့် ထိုးဝါးတစ်ချောင်း...တဲ့
ဘ၀တွေက အကျနာလွန်းလှတယ်။

မျက်နှာကို ရှောင်လွဲလိုက်တယ်
အဖြူထည်ညနေခင်းက ပစ္စုပ္ပန်တည့်တည့်က အလွဲအမှားမှာ
၂ သျှီလင်နဲ့ ၅ ပဲနိလို့ ရေးထားတာတွေ့ရတယ်။

ဒီလောကီကို မှီတွယ်စရာ
ပျော်ရွှင်မှုဟာ အဓိကလား
ရေအိုးစင်လေးတွေမှာ ရေမရှိဘူး ။

ဟိန်းမြတ်ဇော်
ရနံ့သစ် ။ ဧပြီ ။ ၁၉၉၉

Labels:

အသက်

နံရံပေါ်ကစာကို အခုထိမဖြတ်ရဲဘူး
လက်ချည်းပဲ ။

အမြစ်တွယ်စရာမရှိ
မြွေက အ၀တ်တစ်စကို
ကျားတစ်ကောင်လို မြိုလို့
နှစ်ယောက်အိပ်ခုတင်ပေါ်
နောက်ဆုံးရ ကမ္ဘာ့သတင်းက
ဟောင်းသွားတယ်။

မနက်ဖြန်
ရန်ကုန်ကိုပြန်မယ်
သေရေးရှင်ရေးပဲ တွေးမယ် ။

ဟိန်းမြတ်ဇော်
ဖက်ရှင် ။ မတ် ။ ၂၀၀၃

Labels:

ဓာတ်ငွေ့

ဓာတ်ငွေ့မီးခြစ်ကို အသုံးပြုပြီး မီးမွှေးဖို့
ဆေးလိပ်မီးညှိဖို့
ခြင်ဆေးထွန်းဖို့
ဘုရားမီးပူဇော်ဖို့
သိပ်လွယ်ကူလို့

ဓာတ်ငွေ့မီးဖိုနဲ့
အစားအသောက်တွေ ချက်ပြုတ်စားသောက်ခဲ့တယ်

ဓာတ်ငွေ့နဲ့ မောင်းနှင်တဲ့ ကားတွေနဲ့
ခရီးတွေသွားခဲ့တယ်

တစ်နေ့မှာ ဓာတ်ငွေ့နဲ့ မီးသဂြိ င်္ုလ်တဲ့စက်ထဲမှာ
ငါတို့ခန္ဓာကိုယ်တွေ လောင်ကျွမ်းသွားလိမ့်မယ်

ငါ့ ၀ိညာဉ်ကို
ဓာတ်ငွေ့တွေလို အသုံးဝင်စေချင်တယ် ။

လှသန်း

Labels:

တနင်္ဂနွေ

ဘတ်စ်မှတ်တိုင်မှာ ဟာလာဟင်းလင်း
လမ်းပေါ်မှာ ယာဉ်အသွားအလာရှင်းလို့
ဘုရားကျောင်းက ခေါင်းလောင်းသံ
ကြည်နူးဖွယ်ရာ လွင့်ပျံဆဲ။

နာနတ်သီးတစ်စိတ်
စီးကရက်တစ်လိပ်နဲ့
အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ
ဘာဇောမှ ကပ်ငြိမှုမရှိ
တစ်ယောက်တည်း အေးချမ်းမှုအတိ။

ရက်သတ္တတစ်ပတ်မှာ
တစ်ရက်သာရတဲ့ အခွင့်အရေး
ဘုရားသခင်ပေးသလား
ကျေးဇူးတော်အနန္တ
ဘ၀ရဲ့ အရေးကြီးဆုံးနေ့တွေထဲက
အရေးကြီးဆုံးနေ့
ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့။

လှသန်း

Labels: