ကဗျာတစ်ပုဒ်ကို ပျိုးကြည့်တယ်
အင်ဂျင်က မနိုးဘူး
ရိုးရိုးသားသားပဲ တွန်းကြမယ်
သင့်အစွန်းအထင်းများကို
ရေစင်စင်ဆေးပြီးမှ အိပ်ရာဝင်ပါ
မွေးခန်းမှ အအေးတိုက်အထိ
လူ့ဘ၀ဟာ တည်ရှိနေဆဲ
ကိုယ့်ကြက်ဖ မနိုင်သေးသ၍
ခိုင်မြဲစွာ လွမ်းနေသူများစုဝေး
လမင်းကို တံတွေးနဲ့ ထွေးသော်လည်း
မြဲမြံစွာ ရွှန်းလက်ဝင်းပနေရဲ့
အစွဲအလမ်းမဲ့ နယ်မြေသစ်သို့သွားရတယ်
ချစ်နိုင်သမျှ ပိုချစ်မယ်လို့ စိတ်ကူး
ရွှင်မြူးပြုံးပျော်စရာ အရုဏ်ဦးကြေကွဲ
ရူးသွပ်မိုက်မဲသော မျှော်လင့်ချက်စစ်မျက်နှာ
ညစ်ပတ်လွန်းယန္တရားကို ချိုးဖျက်ရန်
ထုထည်ရှိအသံသစ်များကို စနစ်တကျထူထောင်
လူယောင်ဆောင်ထားသော ဘီလူးများ
''ထူးမခြားနား.."သီချင်းကို ဆိုညည်း
အသက်ကြီးသွားတဲ့ လှောင်အိမ်ထဲမှာ
ကျိန်စာသင့်ပန်းများ သန်မာစွာပွင့်လန်း
နှုတ်ခမ်းချင်းနမ်းစုပ်မှုများ နက်ရှိုင်း
ပက်ပက်စက်စက် သမိုင်းစာမျက်နှာများကို ဖြတ်သန်း
လောင်ကျွမ်းသွားသော အမည်နာမများ အငွေ့ပျံ
ပြန်ကျမိုးနှင့် အတူ ရွာသွန်းပါလိမ့်မည် ။
လှသန်း
No comments:
Post a Comment