18 March, 2023

ပျော်ရွှင်မှုသို့ တမ်းချင်း - မြေချစ်သူ (ဘာသာပြန်)


သင့်ရဲ့အချစ် အရေးနိမ့်တဲ့ အခါကျမှ
သင်ဟာချစ်နေရဲ့။
ရေဒီယိုခလုတ် ဆယ်ခုမှာ အရေးမလှပေမယ့်
တခြား ရေဒီယိုခလုတ်တစ်ခု ထပ်ကြိုးစားပါ။
ယုန် ၁၀၀ သေဆုံးသွားခဲ့တဲ့အခါ
နောက် ယုန် ၂၀၀ ထပ်မံစမ်းသပ်ပါ။
ဒါဟာ သိပ္ပံသက်သက်ပါပဲ။
လျှို့ဝှက်ချက်ကို သင်ကမေးတယ်
နာမည်တစ်ခုတည်းရှိပါတယ်။
"ထပ်လုပ်ပါ - - - -" တဲ့။

အဆုံးမှာတော့
ခွေးတစ်ကောင်ဟာ
ရေထဲမှာရှိတဲ့ သူ့အရိပ်ကို
သူ့ရဲ့ မေးရိုးများထဲမှာ ကိုက်ချီလိုက်တယ်။
လူတွေဟာ လမင်းအသစ်ကို
ပတ္တာရိုက်လိုက်တယ်။
မင်းကို ငါ ချစ်တယ်။
ခေါမ တိုင်လုံးကြီးများနှယ်
ကြွတက်နေတဲ့
ကျွန်တော်တို့ရဲ့ လက်မောင်းတွေဟာ
အချိန်ရဲ့ နှမ်းဖတ်ကျောက် အလေးထုကြီးကို
သယ်မထားတယ်။
ပြီးတော့ ရှုံးနိမ့်ခဲ့တယ်
ကျွန်တော်တို့ အမြဲတမ်း အနိုင်ရလိမ့်မယ်။

ဘာသာပြန် - မြေချစ်သူ
Miroslav Holub - Ode to the Joy

Labels: ,

မ ဆုတောင်းအပ်သော ဆုတောင်း - မောင်သင်းခိုင်

သမုဒ္ဒရာ၊ ခမ်းခြောက်ပါစေ
ကမ္ဘာမြေကြီး၊ မြည်ဟီးပါစေ
မျက်ရည်စီးတိုင်း၊ ညှိုနှိုင်းပါစေ
နွမ်းကြွေအသည်း၊ ကြေကွဲပါစေ
ကဝေမုသား၊ ပြုစားပါစေ
ခြေရာဦးနှောက်၊ ထုဖောက်ပါစေ
ခန္ဓာနာမ်ရုပ်၊ ချွေလှုပ်ပါစေ
သို့သေသို့လဲ၊ ပုလဲတဆစ်
"ရင်မှဖြစ်ရာအလင်္ကာများ"
ခိုးယူသွားလျှင် . . .
ပြာစင်နွဲ့မူ၊ ချစ်တဲ့သူရေ
မကြေမချမ်း၊ ဒေါသလွှမ်းတော့
လူကြမ်းလို့လည်း၊ မဆိုနဲ့နော်

မောင်သင်းခိုင်(ပျဉ်းမနား)

Labels:

အချစ်ရေး - သုခမိန်လှိုင်


အရှုံးပေးချင်စရာနေ့တွေ အတူရကြတာပါပဲ
ပစ်မပြေးတဲ့ အချစ်ရေးတွေပေါ့ကွာ။

ချာလီရေ
လွယ်တဲ့ အချစ်ရေးရှိလို့လား

သုခမိန်လှိုင်

Labels:

ချန်ပီယံ

ကျင်းဘယ်မှာဆိုတာ မပြောဘဲနေနိုင်ပါတယ်
ကျွန်တော့်ကို ဂေါက်ရိုက်ခွင့် တစ်ချက်သာပေးပါ။

နေမျိုး
ရေဦးအနုပညာမဂ္ဂဇင်း။

Labels:

17 March, 2023

ဝက် - ကိုသန်းထွန်း




အဲဒီနေ့က
ဝက်တကောင်ရဲ့ကာမဂုဏ်ဟာ
သူ့နားရွက်နောက်မှာတည်နေခဲ့တယ်

သူ့ကိုကိုက်စားမယ့်ဝံပုလွေက
သူ့နားရွက်နောက်ကို လျက်ပေးနေပုံ

စိုထိုင်းပူနွေးတဲ့ လျှာရဲ့အတွေ့အထိမှာ
ဝက်ဟာ
နားရွက်မခတ်ပဲ ခံယူနေခဲ့ပုံ

ဝံပုလွေဟာ
သူ့အမြီးဖွားဖွားနဲ့ဝက်ရဲ့ကျောကိုချော့မြှူပွတ်သပ်ရင်း
ဝက်ရဲ့နားရွက်ကိုလည်းခဲရင်း
ဒယဥ့်တိုက်ချီသွားရာနောက်
ဝက်ဟာ
တချက်မှမအော်ပဲ ပါသွားခဲ့ပုံ

အဲဒီနေ့ အဲဒီအချိန်က
သူ့ရဲ့ ကံကြမ္မာဟာလည်း
သူ့နားရွက်ရဲ့နောက်မှာပဲ အတိအကျတည်ရှိနေခဲ့ပုံ

ကိုသန်းထွန်း

Labels:

စိုးတယ်ရန်ကုန် - ကိုရွေး




ရန်ကုန်
ငါစိုးတယ်ရန်ကုန်
အိပ်ချင်ယောင်ဆောင်ရင်း တကယ်အိပ်ပျော်သွားမှာ
မေ့ချင်ယောင်ဆောင်ရင်း တကယ်မေ့သွားမှာ
ရူးချင်ယောင်ဆောင်ရင်း တကယ်ရူးသွားမှာ
ငါစိုးတယ်ရန်ကုန်ရယ်။

ကိုရွေး
13 mar 23

Labels:

သို့ - ကိုရွေး

တိမ်တွေမှာ
အိမ်ခြေရာခြေမရှိတော့ပါဘူး
ပန်းခင်းလေးကတော့
ဒီနွေမှာ အကုန်ပွင့်မယ်တဲ့
သတိရလို့ စာရေးလိုက်ပါတယ်
စကားလုံးတွေက မီးလောင်နေပြန်တယ်။

ကိုရွေး
၂၀၂၃

Labels:

13 March, 2023

သို့ ပင်လယ်နှစ်ယောက်



မျက်ရည်ကလာတဲ့ပင်လယ်
ခွန်အားတွေလို့ယူခဲ့တဲ့အခါ
ကမ္ဘာဟာ အသစ် ပြန်လည်ရတာပါပဲ

မြင်နေကျ ရှုမျှော်ခင်းတွေ အသစ်လိုပြန်ကြည့်
အသစ် ပြန်ဖြစ်နေကြတဲ့အချစ်တွေ
မင်းလည်း ပင်လယ်ပါပဲ

သုခမိန်လှိုင်

Labels:

စာဖတ်သူ ၂ - အောင်ချိမ့်


ဖတ်တယ်၊ စိတ်မပါဘူး
ဖတ်တယ်၊ ဖတ်ရင်း ဖတ်ရင်း
အင်း၊ သဘာဝကျတယ်
ယုတ္တိရှိတယ်၊ အတွေးအခေါ်ပါတယ်
ဇာတ်လေးကောင်းတယ်
ဇာတ်မြွှာလေးတွေ လှတယ်
အဲသလို တွေးမလို့ပေါ့လေ
အဲသလို တွေးဖို့အထိ မရောက်ဘူး
အဲဒီနေရာ ရောက်ရင် ထစ်နေတယ်
ဖုနေတယ်၊ ပျင်းလာတယ်
ဆက်ဖတ်လို့မရဘူး
ကိုယ့်ကိုယ်ကိုယ် ခိုင်းလို့မရဘူး
ပြေရာပြေကြောင်း၊ ကျော်ဖတ်လို့ မရဘူး
ဒီနေရာ၊ ဒီစာမျက်နှာရောက်တိုင်း
ဒီအတိုင်းပဲ
ဖတ်ရတာ
ခိုးလိုးခုလုပဲ။

အောင်ချိမ့်

Labels:

ငှက်များ - ဝင်းမြင့်



အကို့ရဲ့
သီချင်းတွေ
ရေချိုးခန်းထဲ အော်ငိုရင်း
တနင်္ဂနွေဟာ မှောင်သွားတယ် ။

ရေပိုက်ခေါင်းထဲက ငှက်တွေ
တဂီးဂီး ပျံထွက်လာတာ
နံရံတခုလုံး မည်းလို့။

နာရီအပျက် တခုပေါ်က
ဦးနှောက် အသေတလုံး
ရေကျသံနဲ့ ဖုံးလို့။

မြို့မှာ မြို့မရှိတော့ဘူး
ရွာမှာ ရွာမရှိတော့ဘူး ။

တံခါးခေါက်သံတွေ‌
တဝုန်းဝုန်း။

မိုးတိမ်မှာ ရေမပါတော့ဘူး
နာရီမှာ အချိန်မရှိတော့ဘူး ။ ။

ဝင်းမြင့်
(ကို ထူးအိမ်သင် သို့)

Labels:

နေ့များ - သစ္စာနီ


ဓာတ်စက်ပျက်နေတဲ့
ဓာတ်ပြားတွေလို၊ ငြိမ်သက်၊ တိတ်ဆိတ် ၊
ပေါ့ရွတ်ရွတ်မျှော်လင့်ချက်တွေကလဲ
ဘီယာဘူးခွံ အလွတ်တွေလို လှဲလျောင်းလို့
(တချို့ ပိန်လိန်လို့) ၊
ထီတစ်စောင်ရဲ့ မရေရာမှုမျိုးနဲ့
ဘဝကို ချိန်တွယ်သင့်ပါသလား
အခုတော့ -
ဆက်ထုံးတွေဗရပွနဲ့ သွေးကြောထဲမှာသာ
အက်ဒရီနဲလင်တွေနဲ့ ညစ်ညမ်းခဲ့ပေါ့ ။

အိမ်နောက်ဖေးက ချုံပုတ်မှာ
ရော်ဘင်ဟုဒ်လုပ်ဖူးသူချည်းပါပဲ
မိတ္တူကူးစက်ထဲက ထွက်လာတဲ့
မရယ်ရတဲ့ ပျက်လုံးတစ်ရာ
အများသုံးအိမ်သာနံရံပေါ်ကအရုပ်
ဆေးထပ်၍ မသုတ်ခင်။

မိုးကားအခါမဲ့ ရွာခဲ့လေပြီ
မျဉ်းကြားမှ လမ်းဖြတ်ကူးပါ
အိပ်ဆေးလာဝယ်တဲ့ ဘုရားသခင်ကို
ဈေးထောင့်မှာ သူမြင်လိုက်သလိုပဲ။

သစ္စာနီ
ရွှေဝတ်ရည်မဂ္ဂဇင်း
အမှတ် ၈၊ ၁၉၉၃

Labels:

မီးအိမ်နှင့်လူ - တင်မိုး


မီးအိမ်မြှောက်၍
တံခါးပေါက်က သူ ဝင်လာ။

မီးအိမ်ငြိမ်းသည်
လေစိမ်းဝင်တိုက်သောအခါ

မီးအိမ်ဝင်းဝင်း၊ ပြန်၍လင်းသည်
အိမ်တွင်း လေကွယ်လေးမှာ။

တင်မိုး

Labels:

12 March, 2023

နွေဦးပေါက် - ဘသန်း(ဓမ္မိက) ဘာသာပြန်


ကမ္ဘာသည် နေထဲ၌ အိုက်နေ၏။
တောထူသော ချိုင့်ဝှမ်းသည် မုန်တိုင်းဆင်၍ အသက်မာန်ကြွလာ၏။
အလုံးအရပ်ကောင်းလှသည့် ထိုနို့သည်မတည်းဟူသော
နွေဦးပေါက်၏ လက်များတွင် လုံ့လသည် ဆူပွက်နေ၏။

နှင်းခဲများလည်း ချည့်နှဲ့သောသွေးပြန်ကြောအပြာများကဲ့သို့
အခက်အလက် သွယ်ဖြာလျက် အရည်ပျော်နေ၏။
သို့တစေလည်း နွားတင်းကုတ်သည် အငွေ့တရှိုက်ရှိုက် အခိုးတရှူရှူနှင့်။
ကောက်ဆွအသွားများလည်း ခွန်အားတပြောင်ပြောင်နှင့်
အမွှေးထောင်လျက်ရှိ၏။

ဒီညဉ့်တွေ၊ ဒီနေ့တွေ၊ ဒီညဉ့်တွေ။
မိုးလည်း မွန်းတည့်သောအခါ ပြတင်းပေါ်၌ စည်တီးလျက်၊
ခေါင်မိုး၌ တစက်စက်ကျနေသော ရေခဲရေပေါက်တို့လည်း
အမြဲနိုးနေသော စမ်းချောင်းများ၏ တဖြတ်ဖြတ်အသံဖြင့် သဲ့သဲ့ကလေးမြည်လျက်ရှိ၏။

မြင်းစောင်းများ၊ နွားတင်းကုပ်များ၊ အရာရာတိုင်းသည် ဟင်းလင်းပွင့်နေ၏။
ခိုများလည်း နှင်းခဲများထဲ၌ ဂျုံစပါးများကို ကောက်စားနေကြ၏။
ကာယကံရှင်နှင့် အားသစ်သွင်းသောသူကား
လတ်ဆက်သော လေနံ့ထုံသည့် နွားချေးမြင်းချေးတို့တည်း။

ပြန်ဆိုသူ ဘသန်း(ဓမ္မိက)

ဆောင်းဦးပေါက် - ဘသန်း(ဓမ္မိက) ဘာသာပြန်

Cornell Capa/International Center of Photography and Magnum Photos


ငါ့အိမ်ထောင်စုကို ကစင့်ကရဲဖြစ်အောင် ငါလုပ်မိလေပြီ။
ငါ့အချစ်နှစ်လိုဖွယ်အားလုံးလည်း လူစုကွဲကြလေပြီ။
သဘာဝနှင့် ငါ့နှလုံးတို့သည်လည်း
ဘဝနှင့်အမျှရှည်သော အထီးကျန်ဖြစ်မှုဖြင့် ပြည့်နှက်နေ၏။

ငါသည် အိမ်ငယ်တထောင်ထဲ၌ သင့်နှင့်အတူ ရှိနေ၏။
အပြင်၌ တောသည် သဲကန္တာရပမာ လူနေမရှိ။
တေးသီချင်း၌ဆိုထားသလို တောလမ်းတို့လည်း
အပင်ငယ်များ ပေါက်ရောက်၍ ဖုံးလုလုရှိ၏။

သစ်တိုင်နံရံအလျားတို့လည်း
ဒို့နှစ်ယောက်ကိုသာလျှင် ငေးစရာရှိ၍ ငေးဆွေးနေကြ၏။
သို့သော် ငါတို့သည် အတားအဆီးများကို ခုန်ကျော်ရန် မရည်ရွယ်ခဲ့။
ရိုးရိုးပင် သေဆုံးအံ့သတည်း။

နာရီတချက်တီး၌ ဒို့စားပွဲထိုင်၍
သုံးချက်တီးမူ ထကြမည်၊
ငါက ငါ့စာအုပ်နှင့်၊ သင်က သင်၏ပန်းအလှထိုးစရာနှင့်။
ရောင်နီပေါ်လတ်သော် ဘယ်အချိန်က အနမ်းရပ်ခဲ့ကြသည်ကို ဒို့မမှတ်မိတော့။

ဟေ့ သစ်ရွက်တွေ၊ တရှဲရှဲ မင်းတို့မြည်ကြစမ်း။
အခါတိုင်းထက် ညီးညီးထိန်ထိန်၊ အခါတိုင်းထက် ပရမ်းပတာ ဖိတ်စဉ်ပြီး
ယမန်နေ့၏ အခါးခွက်ကို ပိုပြည့်အောင် ယနေ့၏အနာဖြင့်
ထပ်ဖြည့်ကြစမ်း။

သစ္စာတည်မှု ရမ္မက်ရှိမှု သာယာမှုတို့သည်
စက်တင်ဘာ၏ အုန်းအုန်းသဲသဲအတွင်း ပြန့်လွင့်ကုန်စေသတည်း။
သင်သည်လည်း တဖြောက်ဖြောက်မြည်သော ဆောင်းဦးအတွင်းသွားပုန်းလေတော့။
ငြိမ်ငြိမ်သော်လည်းနေ၊ ရူးသော်လည်း ရူးပေတော့။

ချုံဖုတ်သည် သူ့အရွက်များကို ခွာပစ်သကဲ့သို့
သင်လည်း သင့်အဝတ်ကို ခွာပစ်၏။
ပိုးပန်းဖွားနှင့် ဝတ်လဲအင်္ကျီရှည်ကိုဝတ်လျက်
သင်သည် ငါ့လက်မောင်းများအတွင်းသို့ သက်ဆင်း၏။

အသက်ရှင်နေခြင်းသည် ရောဂါရှိနေခြင်းထက် ပို၍ဖျားနာစေသောအခါ
ရဲရင့်ခြင်းသည် အလှ၏အမြစ်ဖြစ်သောအခါမျိုး၌
သင်သည် ပျက်စီးရာလမ်း၏ လက်ဆောင်ကောင်းဖြစ်၏။
ဤသည်ပင် ဒို့ကို အတူဖြစ်အောင် ဆွဲဆောင်၏။

Boris Pasternak - Autumn
ပြန်ဆိုသူ - ဘသန်း(ဓမ္မိက)

Labels: ,

သင်းကွဲမျက်နှာထား - ကြည်ဇော်အေး

ကျွန်တော်ဟာ
အနံ့ခံမှားပြီး လေလွင့်လာတဲ့မြို့တစ်မြို့ဖြစ်တယ်
ကုန်းခေါင်ခေါင် ရေစုန်မျောလာတဲ့မြို့တစ်မြို့ဖြစ်တယ်
ဘယ်လောက်ထိ ရင့်ကျက်ခဲ့ဖူးသလဲမေးရင်
တစ်ဘဝစာအဆုံးအရှုံးတွေကို
တစ်ညတည်းနဲ့ မူးလဲအောင်မော့သောက်ပစ်ခဲ့သူပါ
လက်လှမ်းမီသလောက် မှားယွင်းခဲ့ဖူးတယ်။

"မရှက်ဖူးလား
ခင်ဗျားကြီး မရှက်တတ်ဖူးလား"တဲ့
ဒင်းကလေးအသံ တညံညံဟာ
ဝင်ရိုးကျိုးသွားတဲ့ လှည်းကို ဆီထိုးပေးသလိုမျိုး
ကျွန်တော့်ရဲ့ ရွှေသားအတိ ထမ်းပိုးကို
ဘေးလူတွေ မျက်မုန်းကျိုးစေတယ်။

ထားပါတော့
"ပန်းမပွင့်ရင် ပေါင်းပင်ဖြစ်မှာပဲ"လို့
ထားလိုက်ပါတော့
ဟောဒီ တမာကြို တမာကြားမှာ
ဘယ်လိုတရားက ချိုမြနိုင်ခဲ့လို့လဲ
အရိပ်ဆိုပေမယ့်
ကာလရွေ့လျားပြီး နာမည်ပြောင်းသွားတဲ့
လောင်းတစ်မျိုးဖြစ်တယ်။

ဟောဒီမှာ
ချုပ်ရိုးချုပ်သား မသပ်ရပ်တဲ့မြို့ကလေးကိုကြည့်ပါ
ရုပ်ရှင်ကြည့်သလို ပြန်ပြီး ကြည့်လိုက်ပါ
သိပ္ပံနည်းကျမွေးမြူထားတဲ့
ရွှေလိုလို ငါးလိုလို ရွှေငါးတွေကြားမှာ
သပ္ပာယမဖြစ်တဲ့ အနားစတွေက ဖွာထွက်လို့
ကြယ်သီးမတပ်နိုင်ခဲ့တဲ့ ရင်ဘတ်က အအေးမိလို့
ကျွန်တော့်ကို
နာမည်မဖျက်ပါနဲ့ အချစ်ရယ်။

ကြည်ဇော်အေး
ချယ်ရီမဂ္ဂဇင်း

Labels:

အချစ် - အောင်ခိုင်မြတ်

ယမ်းမီးခြစ်ဗူးထဲက မီးခြစ်ဆံတစ်ချောင်းနဲ့
ယမ်းမီးခြစ်ကို ရမ်းပြီးချစ်လိုက်တယ်

မီးက စလိုတာဆိုတော့
မီးကို စမွှေးရတာပေါ့

နေရာက
ကန္တာရကြီးထဲ

သစ်ပင်အကြီးကြီးတစ်ပင်က
နေ့နဲ့ညကို ခိုနားခွင့်ပေးထားတယ်

သူ့အရိပ်အောက်မှာ
ဖျာကော်ဇောကို အရင်ခင်းကြမယ်
မီးမသေအောင်
အကိုင်းခြောက်တွေက လောင်ကျွမ်းပေးလိမ့်မယ်

အသားတုံးနှစ်တုံးဟာ
တစ်တုံးနဲ့တစ်တုံး
နူးအောင်ပြုတ်ထားလိမ့်မယ်
နေဝင်တော့မယ်
ညရောက်လာတော့မယ်

ရေအိုးလေးထဲမှာ
ရေတွေရှိတယ်
အရိပ်ရှိတယ်
နေ့က ညကို လက်ပြနေတယ်

ဝေးဖို့တွေးမနေနဲ့
ဘယ်ပြေးပြေး အဝေးကြီးပဲ။ ။

အောင်ခိုင်မြတ်
၉ မတ် ၂ ၀ ၂ ၃

Labels:

ရင်ဘတ်လမ်း

မကောင်းတဲ့ခေတ်ချင်းတူပေမဲ့
ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီးဖွင့်ပေးတဲ့
လမ်းဘေးကဖေးဆိုင်တွေ မရှိတော့ဘူး

ကိုယ်စားသုံးချင်တဲ့သီချင်းတွေကို
လမ်းဘေးကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့် မရှိတော့ဘူး

အခုဆို
ဘယ်သူက ဘယ်သူ့ကို ကြိုက်နေကြမှန်းတောင်
ငါတို့ မသိနိုင်တော့ဘူး

မင်းနားကြပ်လေးထဲကသီချင်းဟာ ဘာသီချင်းပါလိမ့်
မင်းရင်ထဲမှာ ဘယ်သူတွေ ပေါက်ရောက်နေတာလဲ
ပျောက်ဆုံးခြင်းဟာ အခန်းကိုယ်စီဆီ အထီးကျန်စွာရောက်ရှိလာ
ဘာသားနဲ့ထုထားတဲ့ နှစ်တွေလဲ

ချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြေ့ခွင့်ရှိပါတယ်။

အောင်ခိုင်မြတ်

Labels:

ညိုမောင်းတဲ့ကိုယ့်နတ်ပြည်ရဲ့ဝန်တိုမှု ၇ ခု

၁။
ကိုယ့်ကြောင်လေးကို တပေါင်းလလို့ နာမည်ပေးလိုက်တယ်။
ဒီဖဲကြိုးဝါဟာ အရသာဟောင်းပဲ။ ယုဇနပန်းတွေရှိမနေတာတစ်ခုပဲ။
ကိုယ်ပေးခဲ့တဲ့ကြောင်စာနဲ့ ဓာတ်မတည့်တဲ့အခါ။
တကျွီကျွီမြည်နေတဲ့အလွမ်းကိစ္စက ဗန္ဓုလဦးထုပ်ဆောင်းထားတဲ့အခါ။
ငါ့နွေရေ သက်တော်ရာကျော်ရှည်ပါစေ။


၂။
ဟဲ့၊ ကုန်စုံဆိုင်မ။
ပီယာနိုရဲ့ရင်သားကို ဇစ်ပိတ်ဖို့နည်းလမ်း နင်သိတယ်။
တွန့်ရှုံ့သွားတဲ့စိတ်မှာ ပေါက်နေတဲ့အရည်ကြည်ဖုလဲ နင်သိတယ်။
လိုတာကတော့ နှာချေချင်စိတ်ပဲ။
လျှာဟာ လူ့ကြွက်သားထဲက အလေးမတတ်တဲ့ကရိယာတစ်ခုဖြစ်တယ်။
မင်းနတ်ဘုံနတ်နန်းဟာ ကိုယ် တွန့်လိမ်ခါယမ်းနေဖို့ အနေတော်အလျားတစ်ခု ဖြစ်တယ်။


၃။
ပုပ္ပါးတောင်ရဲ့မေးစေ့ဟာ လှပ။
ဒါ့ကြောင့် ချော်ပြာနဲ့ချော်ရည်သိမ်းဆည်းဖို့ဗီရို ကိုယ်လုပ်ရတယ်။
ကိုယ့်အနမ်းထဲကမြန်မာ့ပထဝီဝင်စာအုပ်ကို မျောက်တွေဆွဲထုတ်ကြတဲ့အခါ။
မင်းရဲ့ ပူအိုက်တဲ့ရှက်ပြုံးကို နောက်ထပ်မြင်ရတဲ့အခါ။
ကိုယ့်စက္ကူမွှမ်းစက်ထဲကိုယ် ခေါင်းမထိုးတော့ဘူး။
ကိုယ့်ပါးစောင်အိုအိုကို ရွှေမှုန်ကြဲလို့ မဆုံးတော့ဘူး။

၄။
အင်တာနက်မှာရှာကြည့်တော့
နပိုလီယန်ဟာ သမိုင်းဂိုဒေါင်ထဲမှာ သွားတစ်ချောင်းနှစ်ချောင်းကိုက်လို့။
အခုဘဝ"သွားဆေးခန်း"လိုက်ကာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လို့။
ကိုယ့်ခန္ဓာကိုယ့်ပရိုဂရမ်လဲ ချမ်းသာပါစေကွာ။
ကိုယ်ဟာ သင့်ရဲ့သံစုံဂီတဖြစ်ပြီး ကိုယ်ဟာ သင့်ရဲ့ခိုတစ်ကောင်ဖြစ်ရမှာ ကြိုက်တယ်။
သင့်ပယောဂသင်တန်းမှာဖော်ပြရတဲ့ မခံချိမခံသာကော့လန်မှုတွေကို ကြိုက်တယ်။

၅။
လှပတဲ့ခြေထောက်တို့ရေ။
တက်နင်းလို့ မြည်းလိုဟီလိုက်တဲ့ ခွေးဟာ ကိုယ်ပဲလား။
ကိုယ့်အောက်ဆီဂျင်မျက်နှာဖုံးကို နောက်ထပ်ဦးမင်တံပြောင်းပြီး ကိုယ်တပ်ရတဲ့အခါ။
တေ့ဆက်ထားတဲ့အရိုးကို ရှိခိုးဖို့ ငါရှာတွေ့တဲ့အခါ။
ဆောရီးပါ။
စပါဂတီပန်းကန်အလယ်က ဘတ်လပ်ဘတ်လပ်လုပ်နေတဲ့လွန်းကြင်ငှက်တွေကို
ကိုယ်နှစ်ပိုင်းချိုးမိလိမ့်မယ်။

၆။
ဘုရားနှစ်ဆူ၊ လျှာနှစ်ချောင်းရှိတဲ့ ယောကျ်ားလေးဘဝကျောင်းက
သင်ပေးလိုက်ရဲ့။
ရေချိုးခန်းရဲ့ရေပန်းအောက်မှာ မသေဆေးရဲ့နည်းလမ်း၁၀၀ရှိတယ်။
အနမ်းဘတ်စ်ကားရဲ့ခြေထောက်ကို တက်နင်းတဲ့အခါ။
ကိုယ်လိမ်းပေါင်ဒါရဲ့ဗီဇကို မီးရှို့တဲ့အခါ။
ပြီးတော့။ ကိုယ့်ရဲ့သွေးထဲမှာရှိတဲ့စွပ်ပြုတ်ကို ပင်လယ်ထက် ပိုငန်ပိုပြာအောင်
လုပ်တယ်။ စာခြောက်ရုပ်ကို ကြာပစ်တယ်။

၇။
ပို့သပါတယ်။
အခုအီးမေးလ်က ငယ်ရွယ်မှုသဲကွင်းထံရည်ရွယ်ပြီးခူးထားတဲ့
ကိုယ့်ပန်းစည်းပေါ့။
ချစ်သူရေ။ မှန်ရဲ့ကျေးကျွန်လို အရွယ်ရာက်တဲ့အခါ။
ကိုယ့်ဂီတကို ၂ချက် လျှော့မရိုက်နိုင်တော့တဲ့အခါ။
ကိုယ်ဟာ ပါရမီကျောင်းရှေ့က ကလေကချေတောပန်းလေးသာ ဖြစ်တယ်။
နည်းနည်းတုန်ယင်သွားတဲ့ မနာလိုဝန်တိုစိတ်ဟာ
ညိုမောင်းတဲ့ ကိုယ့်ရဲ့နတ်ပြည်ဖြစ်တယ်။ ။


ခိုင်မြဲကျော်စွာ
၇ - ၁၂ - ၂၀၂၂

Labels:

ဒီမှာတစ်ယောက်

မျက်လုံးတွေ တစ်လုံးပြီးတစ်လုံး
အာရုံထဲတိုးဝင်လာတဲ့ မနက်ခင်းတစ်ခုဟာ ဝရန်တာကနေ ကြည့်နေတယ်
နှုတ်ဆက်လိုက်ဖို့ အသံပြုလိုက်တယ်
လိုအပ်တာထက် ပိုကျယ်လောင်သွားတယ်
လူခေါ်ခေါင်းလောင်းပျက်ထဲက ဆွံ့အနေတဲ့ ခေါ်သံများ
တံခါးကို ဖွင့်ဖို့ ကြိုးစားကြည့်တယ်
ပျောက်နေတဲ့ အလောင်းတွေတိုင်းမှာ မျက်လုံးတွေ ပါမလာပြန်ဘူး
အသံပြုကြည့်တော့ သွေးတွေ ပန်းထွက်လာတယ်
ဒီအထဲ ကိုယ့်ဖြစ်မှုလျှာ ရှည်နေမိတယ်
အခန်းသော့ကိုတော့ တွေ့ပါပြီ
မီးတောက်တွေကလည်း ကိုယ့်ကို ကူးဆက်နေပါပြီ
ဘဝဆိုတာ ဆတ်ကနဲ ဆတ်ကနဲ
ပြုတ်ကျိုးကျမလာသေးတဲ့ မီးစွဲထုတ်တန်းကို ခိုတွဲလို့
ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် မြင်နေကြရတယ်။

မိုးဝေး
၄-၂-၂၀၂၃

လိပ်ပြီးသားကဗျာ

မသိဘူးလေ။

အလိပ်ကလေးဆိုတော့
အလိပ်ကလေးအတိုင်း ပေးလိုက်တယ်
သူလည်း အလိပ်ကလေးအတိုင်း ကိုင်သွားတာ တွေ့ပါတယ်
အလိပ်ကလေးကလည်း
အလိပ်ကလေးအတိုင်း ပါသွားတယ်
ဖြန်တဲ့အခါမှာလည်း
အလိပ်ကလေးအတိုင်း
ဖြန့်ပါလိမ့်မယ်
အလိပ်ကလေးဆိုတော့
ထပ်လိပ်ဖို့လည်း
မလိုဘူးလေ။

မိုးဝေး
၁၆-၁၁-၂၀၂၂

Labels:

မြင်ကွင်းဟောင်း

နှင်းမြူတွေက
နေရောင်ခြည် မပေါ်ပေါက်သေးခင်
သမိုင်း အစကို သင်ကြားပေးတယ်။

သစ်ရွက်တွေက
ခုံတန်းလျားပေါ်မှာ
စောင့်ရင်းဆွေးတယ်။

အိပ်မက်တွေက
လေနဲ့ ထိတွေ့မှု မရှိ
အခြပ်လိုက်ကြီး သရုပ်ဆောင်နေတယ်။


ရေငွေ့ရိုက် မှန်ထဲကနေ
ကျီးကန်းတွေဖြူဖျော့။

ဒီအကြောင်းတွေ ပြောပြဖို့
ကျနော် ဝန်လေးပါတယ်။ ။

ဝင်းမြင့်

Labels:

လွမ်းခန်း

ထီးထီးငေါငေါ
ငေးငေးငိုင်ငိုင်
လွင့်လွင့်မျောမျော
လဲလဲပြိုပြို

လမ်းနဲ့မလွတ်လို့ အခုတ်ခံရတဲ့သစ်ပင်လို
လမ်းဖောက်ဖို့ အရှင်းခံရတဲ့ သစ်တောလို

မျက်ရည်ဟာ အားဖြစ်တယ် ဆေးဖက်ဝင်တယ်ဆိုလည်း
သူတစ်ပါးရဲ့မျက်ရည် မဖြစ်စေလို

တောင်လည်းဖြို သားလည်းမွေး
ဥဩ ဆွေးလို့
လ သွေးစို့လို့

ညတိုင်း ပျက်ကျနေတဲ့ အိပ်မက်တွေ
နေ့တိုင်းဝဲနေတဲ့ စွန်တွေ

ငါးဆိုတာ ရေထဲမှာပဲ လှတယ်ဆိုတာ
ဒီနေ့မှာ ငါသိလိုက်ရတဲ့ ကဗျာ

လူနာနဲ့လူနာတင်ကား
မီးနဲ့ မီးသတ်ကားလို
အသက်မှီသွားမှ အရာရာ တိုးတိုက်မိခဲ့တာ
ပုံပြင်တစ်ရာ

ခေတ်ပျက်ရာကနေ
ခေတ်မရှိ ၊
ခေတ်မရှိတော့မှ လူလာလုပ်နေတယ် ။ ။

စိုင်းဝင်းမြင့်
၂၅ ဖေဖော်ဝါရီ ၂၀၂၃

Labels:

မဝင်းမေ

နေ့လယ်ခင်း နေရောင်ခြည်ဟာ
အိမ်ဝိုင်းထဲက ဇွန်ပန်းရုံနဲ့
ရေကန်ကလေးကိုဖြတ်ပြီး
ခြံစည်းရိုး အရိပ်တွေ ထင်လာတဲ့အခါ
သားတို့ ကျောင်းဆင်းချိန် ရောက်ပြီလို့
သူက အမှတ်အသားပြုတာ။

ဘာကြောင့်လဲ ဆိုတော့
သူ့လက်ပတ်နာရီကို ကျွန်တော်က ပတ်ထားလို့ပေါ့။

နေမျိုး
၂၀၁၄၊ ၇၊ ၁၈
နံနက် ၁၁း၀၅ နာရီ

Labels:

ငယ်ချစ်ဦး

ချောမဒီ
ဂေါရီရွယ် တဆယ်လေးက
ငယ်သေးလို့တဲ့ နားမလည်။

ကညာမယ်ကို
စာဆွယ်ပေးစဉ်က
“ဘာ… အမယ် … ငါ ငယ်သေးတယ်” လို့
ညှာမလွယ် ကာကွယ်ပြေးတာကြောင့်
ဝေးခဲ့ရတယ်။

လွန်ခဲ့တဲ့ နှစ်ငါးဆယ်
ချစ်အားရယ် ကြွယ်ခဲ့။

တမြန် မနေ့က
တဖန်တွေ့ကြလို့
မမေ့ပေါင် ဒီအကြောင်းကိုလ
ပြန်ပြောင်းကာ အဖိုးအို စ,လေတော့
အဖွားအို နားကို ပြကာပ
“ကြားရဘူး ဟဲ့” တဲ့။

သော်တာဆွေ
ရှုမဝ ရုပ်စုံ မဂ္ဂဇင်း ၊ အမှတ် ၂၈၅
၁၉၇၁ ဖေဖော်ဝါရီ

Labels: