သင်းကွဲမျက်နှာထား - ကြည်ဇော်အေး
ကျွန်တော်ဟာ
အနံ့ခံမှားပြီး လေလွင့်လာတဲ့မြို့တစ်မြို့ဖြစ်တယ်
ကုန်းခေါင်ခေါင် ရေစုန်မျောလာတဲ့မြို့တစ်မြို့ဖြစ်တယ်
ဘယ်လောက်ထိ ရင့်ကျက်ခဲ့ဖူးသလဲမေးရင်
တစ်ဘဝစာအဆုံးအရှုံးတွေကို
တစ်ညတည်းနဲ့ မူးလဲအောင်မော့သောက်ပစ်ခဲ့သူပါ
လက်လှမ်းမီသလောက် မှားယွင်းခဲ့ဖူးတယ်။
"မရှက်ဖူးလား
ခင်ဗျားကြီး မရှက်တတ်ဖူးလား"တဲ့
ဒင်းကလေးအသံ တညံညံဟာ
ဝင်ရိုးကျိုးသွားတဲ့ လှည်းကို ဆီထိုးပေးသလိုမျိုး
ကျွန်တော့်ရဲ့ ရွှေသားအတိ ထမ်းပိုးကို
ဘေးလူတွေ မျက်မုန်းကျိုးစေတယ်။
ထားပါတော့
"ပန်းမပွင့်ရင် ပေါင်းပင်ဖြစ်မှာပဲ"လို့
ထားလိုက်ပါတော့
ဟောဒီ တမာကြို တမာကြားမှာ
ဘယ်လိုတရားက ချိုမြနိုင်ခဲ့လို့လဲ
အရိပ်ဆိုပေမယ့်
ကာလရွေ့လျားပြီး နာမည်ပြောင်းသွားတဲ့
လောင်းတစ်မျိုးဖြစ်တယ်။
ဟောဒီမှာ
ချုပ်ရိုးချုပ်သား မသပ်ရပ်တဲ့မြို့ကလေးကိုကြည့်ပါ
ရုပ်ရှင်ကြည့်သလို ပြန်ပြီး ကြည့်လိုက်ပါ
သိပ္ပံနည်းကျမွေးမြူထားတဲ့
ရွှေလိုလို ငါးလိုလို ရွှေငါးတွေကြားမှာ
သပ္ပာယမဖြစ်တဲ့ အနားစတွေက ဖွာထွက်လို့
ကြယ်သီးမတပ်နိုင်ခဲ့တဲ့ ရင်ဘတ်က အအေးမိလို့
ကျွန်တော့်ကို
နာမည်မဖျက်ပါနဲ့ အချစ်ရယ်။
ကြည်ဇော်အေး
ချယ်ရီမဂ္ဂဇင်း
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home