12 March, 2023

ညိုမောင်းတဲ့ကိုယ့်နတ်ပြည်ရဲ့ဝန်တိုမှု ၇ ခု

၁။
ကိုယ့်ကြောင်လေးကို တပေါင်းလလို့ နာမည်ပေးလိုက်တယ်။
ဒီဖဲကြိုးဝါဟာ အရသာဟောင်းပဲ။ ယုဇနပန်းတွေရှိမနေတာတစ်ခုပဲ။
ကိုယ်ပေးခဲ့တဲ့ကြောင်စာနဲ့ ဓာတ်မတည့်တဲ့အခါ။
တကျွီကျွီမြည်နေတဲ့အလွမ်းကိစ္စက ဗန္ဓုလဦးထုပ်ဆောင်းထားတဲ့အခါ။
ငါ့နွေရေ သက်တော်ရာကျော်ရှည်ပါစေ။


၂။
ဟဲ့၊ ကုန်စုံဆိုင်မ။
ပီယာနိုရဲ့ရင်သားကို ဇစ်ပိတ်ဖို့နည်းလမ်း နင်သိတယ်။
တွန့်ရှုံ့သွားတဲ့စိတ်မှာ ပေါက်နေတဲ့အရည်ကြည်ဖုလဲ နင်သိတယ်။
လိုတာကတော့ နှာချေချင်စိတ်ပဲ။
လျှာဟာ လူ့ကြွက်သားထဲက အလေးမတတ်တဲ့ကရိယာတစ်ခုဖြစ်တယ်။
မင်းနတ်ဘုံနတ်နန်းဟာ ကိုယ် တွန့်လိမ်ခါယမ်းနေဖို့ အနေတော်အလျားတစ်ခု ဖြစ်တယ်။


၃။
ပုပ္ပါးတောင်ရဲ့မေးစေ့ဟာ လှပ။
ဒါ့ကြောင့် ချော်ပြာနဲ့ချော်ရည်သိမ်းဆည်းဖို့ဗီရို ကိုယ်လုပ်ရတယ်။
ကိုယ့်အနမ်းထဲကမြန်မာ့ပထဝီဝင်စာအုပ်ကို မျောက်တွေဆွဲထုတ်ကြတဲ့အခါ။
မင်းရဲ့ ပူအိုက်တဲ့ရှက်ပြုံးကို နောက်ထပ်မြင်ရတဲ့အခါ။
ကိုယ့်စက္ကူမွှမ်းစက်ထဲကိုယ် ခေါင်းမထိုးတော့ဘူး။
ကိုယ့်ပါးစောင်အိုအိုကို ရွှေမှုန်ကြဲလို့ မဆုံးတော့ဘူး။

၄။
အင်တာနက်မှာရှာကြည့်တော့
နပိုလီယန်ဟာ သမိုင်းဂိုဒေါင်ထဲမှာ သွားတစ်ချောင်းနှစ်ချောင်းကိုက်လို့။
အခုဘဝ"သွားဆေးခန်း"လိုက်ကာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လို့။
ကိုယ့်ခန္ဓာကိုယ့်ပရိုဂရမ်လဲ ချမ်းသာပါစေကွာ။
ကိုယ်ဟာ သင့်ရဲ့သံစုံဂီတဖြစ်ပြီး ကိုယ်ဟာ သင့်ရဲ့ခိုတစ်ကောင်ဖြစ်ရမှာ ကြိုက်တယ်။
သင့်ပယောဂသင်တန်းမှာဖော်ပြရတဲ့ မခံချိမခံသာကော့လန်မှုတွေကို ကြိုက်တယ်။

၅။
လှပတဲ့ခြေထောက်တို့ရေ။
တက်နင်းလို့ မြည်းလိုဟီလိုက်တဲ့ ခွေးဟာ ကိုယ်ပဲလား။
ကိုယ့်အောက်ဆီဂျင်မျက်နှာဖုံးကို နောက်ထပ်ဦးမင်တံပြောင်းပြီး ကိုယ်တပ်ရတဲ့အခါ။
တေ့ဆက်ထားတဲ့အရိုးကို ရှိခိုးဖို့ ငါရှာတွေ့တဲ့အခါ။
ဆောရီးပါ။
စပါဂတီပန်းကန်အလယ်က ဘတ်လပ်ဘတ်လပ်လုပ်နေတဲ့လွန်းကြင်ငှက်တွေကို
ကိုယ်နှစ်ပိုင်းချိုးမိလိမ့်မယ်။

၆။
ဘုရားနှစ်ဆူ၊ လျှာနှစ်ချောင်းရှိတဲ့ ယောကျ်ားလေးဘဝကျောင်းက
သင်ပေးလိုက်ရဲ့။
ရေချိုးခန်းရဲ့ရေပန်းအောက်မှာ မသေဆေးရဲ့နည်းလမ်း၁၀၀ရှိတယ်။
အနမ်းဘတ်စ်ကားရဲ့ခြေထောက်ကို တက်နင်းတဲ့အခါ။
ကိုယ်လိမ်းပေါင်ဒါရဲ့ဗီဇကို မီးရှို့တဲ့အခါ။
ပြီးတော့။ ကိုယ့်ရဲ့သွေးထဲမှာရှိတဲ့စွပ်ပြုတ်ကို ပင်လယ်ထက် ပိုငန်ပိုပြာအောင်
လုပ်တယ်။ စာခြောက်ရုပ်ကို ကြာပစ်တယ်။

၇။
ပို့သပါတယ်။
အခုအီးမေးလ်က ငယ်ရွယ်မှုသဲကွင်းထံရည်ရွယ်ပြီးခူးထားတဲ့
ကိုယ့်ပန်းစည်းပေါ့။
ချစ်သူရေ။ မှန်ရဲ့ကျေးကျွန်လို အရွယ်ရာက်တဲ့အခါ။
ကိုယ့်ဂီတကို ၂ချက် လျှော့မရိုက်နိုင်တော့တဲ့အခါ။
ကိုယ်ဟာ ပါရမီကျောင်းရှေ့က ကလေကချေတောပန်းလေးသာ ဖြစ်တယ်။
နည်းနည်းတုန်ယင်သွားတဲ့ မနာလိုဝန်တိုစိတ်ဟာ
ညိုမောင်းတဲ့ ကိုယ့်ရဲ့နတ်ပြည်ဖြစ်တယ်။ ။


ခိုင်မြဲကျော်စွာ
၇ - ၁၂ - ၂၀၂၂

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home