![]() |
| Cornell Capa/International Center of Photography and Magnum Photos |
ငါ့အချစ်နှစ်လိုဖွယ်အားလုံးလည်း လူစုကွဲကြလေပြီ။
သဘာဝနှင့် ငါ့နှလုံးတို့သည်လည်း
ဘဝနှင့်အမျှရှည်သော အထီးကျန်ဖြစ်မှုဖြင့် ပြည့်နှက်နေ၏။
ငါသည် အိမ်ငယ်တထောင်ထဲ၌ သင့်နှင့်အတူ ရှိနေ၏။
အပြင်၌ တောသည် သဲကန္တာရပမာ လူနေမရှိ။
တေးသီချင်း၌ဆိုထားသလို တောလမ်းတို့လည်း
အပင်ငယ်များ ပေါက်ရောက်၍ ဖုံးလုလုရှိ၏။
သစ်တိုင်နံရံအလျားတို့လည်း
ဒို့နှစ်ယောက်ကိုသာလျှင် ငေးစရာရှိ၍ ငေးဆွေးနေကြ၏။
သို့သော် ငါတို့သည် အတားအဆီးများကို ခုန်ကျော်ရန် မရည်ရွယ်ခဲ့။
ရိုးရိုးပင် သေဆုံးအံ့သတည်း။
နာရီတချက်တီး၌ ဒို့စားပွဲထိုင်၍
သုံးချက်တီးမူ ထကြမည်၊
ငါက ငါ့စာအုပ်နှင့်၊ သင်က သင်၏ပန်းအလှထိုးစရာနှင့်။
ရောင်နီပေါ်လတ်သော် ဘယ်အချိန်က အနမ်းရပ်ခဲ့ကြသည်ကို ဒို့မမှတ်မိတော့။
ဟေ့ သစ်ရွက်တွေ၊ တရှဲရှဲ မင်းတို့မြည်ကြစမ်း။
အခါတိုင်းထက် ညီးညီးထိန်ထိန်၊ အခါတိုင်းထက် ပရမ်းပတာ ဖိတ်စဉ်ပြီး
ယမန်နေ့၏ အခါးခွက်ကို ပိုပြည့်အောင် ယနေ့၏အနာဖြင့်
ထပ်ဖြည့်ကြစမ်း။
သစ္စာတည်မှု ရမ္မက်ရှိမှု သာယာမှုတို့သည်
စက်တင်ဘာ၏ အုန်းအုန်းသဲသဲအတွင်း ပြန့်လွင့်ကုန်စေသတည်း။
သင်သည်လည်း တဖြောက်ဖြောက်မြည်သော ဆောင်းဦးအတွင်းသွားပုန်းလေတော့။
ငြိမ်ငြိမ်သော်လည်းနေ၊ ရူးသော်လည်း ရူးပေတော့။
ချုံဖုတ်သည် သူ့အရွက်များကို ခွာပစ်သကဲ့သို့
သင်လည်း သင့်အဝတ်ကို ခွာပစ်၏။
ပိုးပန်းဖွားနှင့် ဝတ်လဲအင်္ကျီရှည်ကိုဝတ်လျက်
သင်သည် ငါ့လက်မောင်းများအတွင်းသို့ သက်ဆင်း၏။
အသက်ရှင်နေခြင်းသည် ရောဂါရှိနေခြင်းထက် ပို၍ဖျားနာစေသောအခါ
ရဲရင့်ခြင်းသည် အလှ၏အမြစ်ဖြစ်သောအခါမျိုး၌
သင်သည် ပျက်စီးရာလမ်း၏ လက်ဆောင်ကောင်းဖြစ်၏။
ဤသည်ပင် ဒို့ကို အတူဖြစ်အောင် ဆွဲဆောင်၏။
Boris Pasternak - Autumn
ပြန်ဆိုသူ - ဘသန်း(ဓမ္မိက)

No comments:
Post a Comment